
ယဉ်ယဉ်(ဘက်ရဲ)
မနေ့က ဆရာမကြီးက သိပ်နေမကောင်းဘူး။ ထုံးစံအတိုင်း အိပ်ရာထဲကွေးရင်း ဖုန်းဖွင့်မိတော့
“ဆရာမကြီး သမီးတို့လာနေပြီ၊ လမ်းမှာ ဆိုင်ဝင်ပြီး စားသောက်နေတယ်’’လို့ message ရိုက် CB ကနေ ပြောထားတာတွေ့ရတယ်။
လာတဲ့သူတွေက ကလေးတွေတော့ မဟုတ်ဘူး။ ကညင်ကူ အထက က အထက်တန်းကျောင်းအုပ်ကြီးနဲ့ မြန်အောင်မြို့ ထခွဲရေနံမြေကျောင်းက အထက်တန်း ကျောင်းအုပ်ကြီးတွေဖြစ်တယ်။
အဲဒီလိုလာတာ သိပ်သဘောကျတယ်။ ဟန်ကျပြီ... ကိုယ်ပြောလိုတာလေးတွေ၊ ပညာရေးကိစ္စ ဆွေးနွေး လိုတာလေးတွေ အသိချင်းဖလှယ်ရတာပေါ့ဆိုပြီး ဝမ်းပန်းတသာ ငေါက်ခနဲထ၊ ဆေးသောက်စောင့်ကြို ဖြစ်ပါတယ်။ မေးတာလေးတွေ ဖြေကြားပြီး ရယ်စရာ လေးတွေလည်း ပြောဖြစ်ပါတယ်။ အချိန်မရတဲ့ အတွက် အဆင်သင့်မဖြစ်လို့ လက်ဆောင်မပေး လိုက်ရတာ စိတ်မကောင်းဘူး။
ဒါကြောင့် စာလက်ဆောင် စကားလက်ဆောင် လေး ရေးပေးလိုက်ပါတယ်ကွယ်။
ပညာရေးဆိုတာ ကျယ်ပြန့်တယ်။ အင်္ဂလိပ် စကားပုံတစ်ခုရှိတယ်။ “အညစ်အကြေးဆိုတာမရှိဘူး၊ နေရာမှားနေတဲ့ ပစ္စည်းသာဖြစ်တယ်”တဲ့။
ဆိုလိုတာက လူတွေသတ်မှတ်တဲ့ အညစ်အကြေး ဆိုတာ သူ့နေရာနဲ့သူရှိနေရင် အညစ်အကြေး မဟုတ် တော့ဘူး။ ဥပမာ- ဝက်သားတုံးက ပန်းကန်ထဲရှိနေရင် အညစ်အကြေးမဟုတ်ဘူး။ အဲဒီဝက်သားတုံးက ကြမ်းပြင်ပေါ်ကျသွားရင်တော့ အညစ်အကြေး စာရင်းဝင်သွားပြီပေါ့။
သန်ရာသန်ရာ ပါရမီထူးလေးတွေ
ဒီလိုပါပဲ သမီးတို့ရေ၊ ကလေးတွေမှာ သန်ရာ သန်ရာ ပါရမီထူးလေးတွေ ရှိတတ်ကြတယ်။ အားလုံး ဟာ နယ်ပယ်တစ်ခုတည်းမှာ ထူးချွန်မှုချင်း ထပ်တူ ကျနိုင်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ပင်ကိုစွမ်းရည် အလိုက် စွမ်းဆောင်မှု၊ ထက်မြက်တဲ့ အရည်အသွေးတွေ ရှိနေတတ်ပါတယ်။ ဒါကိုသတိပြုဖို့ ဂရုစိုက်ဖို့ ဖော်ထုတ်ပေးဖို့က ဆရာ့တာဝန်ဖြစ်လာတယ်။ ဆရာဟာ ခပ်ပေါ့ပေါ့ နေလို့မရတော့ဘူး။ ဆရာက တော်နေ၊ တတ်နေရတော့မယ်။ ဒီအတွက် ဆရာက လည်း ထာဝရကျောင်းသားကြီးအဖြစ် ကြိုးစားနေ ရပါမယ်။
ကျောင်းလာ၊ စာအုပ်ထဲက စာကိုပဲသင်၊ ကျောင်းပြန်တဲ့ ဆရာတစ်ယောက်ရဲ့ ကိုင်တွယ်မှုဟာ ထူးချွန်တဲ့တပည့်တွေကို ဘယ်တော့မှ မွေးမထုတ် နိုင်လောက်ပါဘူး။ ကလေးတွေကို သင်ယူတတ်မြောက် ဖို့ သင်ကြားပေးရမယ်။ ညွှန်ကြားပေးရမယ်။ ကလေး တွေ သင်ယူတတ်မြောက်အောင် သင်ကြားပေးခြင်း သည် “ပညာရေး” ဖြစ်ပါတယ်။ ဒီနေရာမှာ ဆရာမ လေ့လာရသလောက် တချို့ကလေးတွေဟာ ဉာဏ်ရည်ထက်မြက်ပေမယ့် သာမန်စွမ်းရည်သာ ရှိကြတယ်။ ဒီလို သာမန်စွမ်းရည်ရှိတဲ့ကလေးတွေကို ဉာဏ်ကြီးရှင်တွေဖြစ်လာအောင် ပြုစုပျိုးထောင် ပေးရမယ်။
ဘယ်လိုပျိုးထောင်မလဲ။ "Education" ဆိုတာ ဘာလဲ။ Education ဆိုတာ လက်တင်စကားပါ၊ Educere ကနေ ဆင်းသက်လာတာပါ။ မူရင်း အဓိပ္ပာယ်က ‘‘ပင်ကိုအတွင်းသဏ္ဌာန်မှာရှိတာကို ပေါ်လွင်အောင် ထုတ်ဖော်ပေးတာ’’ပဲ ဖြစ်ပါတယ်။
‘‘ဉာဏ်ကြီးရှင်’’ ဆိုတာကို ဆရာမပြောခဲ့တယ်။ ဘယ်သူဟာ ဉာဏ်ကြီးရှင်ဖြစ်နေသလဲလို့ ဆရာ ကိုယ်တိုင်က သိဖို့လည်း လိုလာပြန်တယ်။ ဥပမာ-မိုးရွာနေသည်...လို့ ဆရာက ဝါကျတစ်ကြောင်း ရေးပြတယ်ဆိုပါစို့ ... ကလေးတွေကို ခံစားရေးခိုင်း ကြည့်လိုက်။ တချို့ကလေးက ရေးလိမ့်မယ်။
‘‘မိုးတွေရွာနေတယ်။ မိုးစက်ကလေးတွေဟာ ကောင်းကင်ကနေ ထိုးစိုက်ကျလာတဲ့ မြားကလေး တွေလိုပါပဲ’’ လို့ ရေးလာသူရှိလိမ့်မယ်။
ဒီလိုကလေးမျိုးကို ဆရာက မိမိရရဆုပ်ကိုင် ထုတ်ဖော်နိုင်ရမယ်။ သူဟာ ‘‘ဉာဏ်ကြီးရှင်’’ ပဲ။ ထူးချွန်ထက်မြက်လာမယ့်ကလေးပဲ။ ဆရာက ဆက်လက်ပျိုးထောင်ပေးနေရမယ်။ သူကိုယ်တိုင် ပါဝင်လုပ်ဆောင်နိုင်အောင် ဆရာက ညွှန်ပြပေးသင့် တယ်။
ကျောင်းတွေမှာ မှားနေတာတွေ
ဒီနေရာမှာ ကျောင်းတွေမှာ မှားနေတာတွေကို ထောက်ပြချင်တယ်။ ဆရာက သိပြီ။ ဒီကောင် ဉာဏ်ကောင်းတယ်။ စာတော်တယ်။ ပေးသမျှ အာဂုံ ဆောင်နိုင်တယ်ဆိုပြီး ကလေးကို လက်သပ်မွေးတော့ တာပဲ။
ဘာအတွက်လဲ၊ ပြိုင်ပွဲတွေဝင်ဖို့၊ စာစီစာကုံးပြိုင်ပွဲ တွေ၊ လူရည်ချွန်ပြိုင်ပွဲတွေ စတဲ့ပြိုင်ပွဲမျိုးစုံအတွက် လက်သပ်မွေး ရွေးထုတ်တော့တယ်။ ကျောင်းတွေဟာ ကျောင်းချင်းပြိုင်ကြရင်း ဆုရဖို့လောက်ပဲ လုပ်ဆောင် လာကြတာတွေ့ရတယ်။ ကျောင်းဂုဏ်သိက္ခာ နာမည် ရဖို့လောက် လုပ်လာကြတာ တွေ့ရတယ်။ ဆုအပေါ် သာယာရင်း၊ ဂုဏ်ပြိုင်ရင်း တော်သူကိုသာ ဂရုစိုက် အလေးထားလာကြ၊ မြှောက်စားကြပြီး၊ ဉာဏ်ထိုင်း တဲ့ကလေးကို ဥပေက္ခာပြုသလို ဖြစ်သွားတတ်တယ်။ ဒါဟာ အထူးအလေးဂရုပြုရမယ့် အချက်ပါပဲ။
ဉာဏ်ကောင်းပြီး စာတော်တဲ့ကလေးကို ကမ့်သွင်း ပြီး ဆရာက မှတ်စုရေးပေး၊ ရွေးကျက်ခိုင်း၊ ပြိုင်ခိုင်း၊ ပြေးခိုင်းတော့တာပါပဲ။ အဲဒီလိုလုပ်တော့ မြို့နယ် အဆင့်၊ တိုင်းအဆင့် ပထမ ဒုတိယ စသည်ဖြင့် ရလာကြတယ်။ ဒါကို မိဘကရော၊ ဆရာကရော၊ လူအများကရော တို့ကျောင်းကတော့ ဂုဏ်ထူးတွေ ဘယ်လောက်ထွက်တယ်၊ ဘာဆုတွေ ဝင်တယ်ဆိုပြီး ဂုဏ်ခံလေ့ရှိကြတယ်။ မိဘတွေကလည်း ကိုယ့်သား သမီးက ပထမအဆင့်ဝင်တိုင်း တော်တယ်၊ တတ်တယ် ထင်သွားကြတယ်။
ကလေးရဲ့ ဉာဏ်ရည် အကျဉ်းကျသွား
မမှားပါဘူး။ သို့သော် မမှန်ပါဘူး။ ကလေးတွေဟာ ပြုစုလို့ တောက်ကြွားလာပေမယ့် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အတွေး၊ စိတ်ကူးစိတ်သန်း၊ ပညာအခန်းကဏ္ဍ တွေ ပြုတ်ကျကျန်ရစ်ခဲ့တယ်။ ဒါကျက် ဒါဖြေ ဒီလို လုပ်ဆိုတဲ့ ဘောင်ထဲမှာ ကလေးရဲ့ ဉာဏ်ရည်ဟာ ထောင်ကျ အကျဉ်းကျသွားတာနဲ့တူတယ်။
ဒီလိုကလေးတွေဟာ ဉာဏ်ရည်မြင့်လို့၊ စာကျက် အားကောင်းလို့ တစ်နေ့နေ့မှာ ဆရာဝန်၊ သမားတော်၊ အင်ဂျင်နီယာ စတဲ့ ပညာတတ်ကြီးတွေ ဖြစ်လာကြ ပေမယ့် E.Q (Emotional Quotient) လို့ခေါ်တဲ့ အတွေးအခေါ် ဆင်ခြင်တုံတရားတွေ၊ မြော်မြင်မှုတွေ၊ စဉ်းစားဉာဏ်တွေ၊ လူအများနဲ့ ဆက်ဆံတဲ့အခါ လူသားအချင်းချင်း လေးစားတန်ဖိုးထားမှုတွေ၊ ယဉ်ကျေးစွာဆက်ဆံပြောဆိုတတ်မှုတွေ၊ ကိုယ်ချင်း စာတတ်မှုတွေ၊ တာဝန်ယူတတ်မှု၊ တာဝန်ခံတတ်မှု တွေ ပါမလာတဲ့အတွက် ဆင်ကန်းတောတိုးပဲ ဖြစ်လာ ကြပြန်တယ်။
ဆိုလိုတာက ပညာပါမလာဘူးလို့ ဆိုလိုတာဖြစ်ပါ တယ်။ စာသင်ကျောင်းတွေမှာက I.Q (Intelligence Quotient) မြင့်မားအောင် လုပ်တဲ့နည်းတွေကို ဦးစားပေးတာတွေ့ရတယ်။ ဆရာ ဆရာမတွေက လည်း I.Q Level ကိုပဲ အဓိကထားနေကြတာကို တွေ့ရတယ်။ တကယ်တော့ E.Q က ကလေးရဲ့ ပင်ကိုစရိုက်သဘာဝကို ဖော်ပြတာဖြစ်လို့ ဗီဇ စရိုက်ကောင်းတွေဖြစ်လာအောင် ပျိုးထောင်ပေး တာဖြစ်ပါတယ်။
ဒါ့ပြင် S.Q (Social Quotient) လို့ ခေါ်တဲ့ အပေါင်းအသင်း၊ သူငယ်ချင်းမိတ်ဆွေကြားမှာ ပေါင်းသင်းဆက်ဆံရေးတွေကအစ ပေါင်းသင်းဆက်ဆံ တတ်လာအောင် တည့်မတ်ပျိုးထောင်ပေးလိုက်ရမယ်။ နောက်ဆုံး A.Q (Adversity Quotient) ကို ပါအောင် လေ့ကျင့်ပေးရမယ်။ ဒါက ဘာပြောတာလဲဆိုတော့ မြန်မာစကားနဲ့ပြောရရင် လောကဓံတရားပေါ့။ ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းတတ်တာမျိုး၊ ကျော်လွှားနိုင်တာမျိုး ကို ပြောတာဖြစ်တယ်။ ဒါတွေ တစ်ပါတည်းပါသွား အောင် ကျောင်းနေစဉ်ပဲ လေ့ကျင့်ပေးသင့်တယ်။
ကလေးတွေကိုယ်တိုင် လုပ်ဆောင်သင်ယူတဲ့နည်း
ဒီတော့ ဒါတွေပါအောင် ဘယ်လိုလုပ်ယူသင့်သလဲ ဆိုရင် ကလေးတိုင်း ပါဝင်လုပ်ဆောင်နိုင်အောင်၊ ကလေးတွေကိုယ်တိုင် လုပ်ဆောင်သင်ယူတဲ့နည်းကို သုံးသင့်တယ်။ ဥပမာ- စာစီစာကုံးပြိုင်ပွဲဝင်ကြမယ် ဆိုပါစို့။ ခေါင်းစဉ် ‘‘လွတ်လပ်ရေးနေ့’’ ဆိုရင် ဆရာက လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို Library ထဲမှာ ရှာပေးလိုက်ပါ။ ချပေး လိုက်ပါ။ Guide လုပ်လိုက်ပါ။ ကလေးအားလုံး ဖတ်ကြပါစေ။ ကလေးတွေကိုယ်တိုင် မှတ်စုထုတ်တတ် အောင် ဆရာကပြပေးပါ။ ကလေးက မေးလာခဲ့သည် ရှိသော် ဆရာက အနားကနေ လမ်းညွှန်ပြသပေးပါ။
ပဏာမအနေနဲ့ ကျောင်းတွင်းအဆင့် အားလုံး ပြိုင်ခိုင်းပါ။ အဲဒီအထဲကမှ တော်သူ ကောင်းသူကို ဆရာက ရွေးထုတ်ပါ။ ပြီးမှ မြို့နယ်အဆင့်တွေ ဝင်ရောက်ယှဉ်ပြိုင်ပါ။ ဆုရလာခဲ့သည်ရှိသော် အဲဒီ ကလေးဟာ သူကိုယ်တိုင်ပါဝင်ကြိုးစား လုပ်ယူရတဲ့ အောင်မြင်မှုဖြစ်တဲ့အတွက် ဘဝတစ်သက်တာ ဘယ်တော့မှ မမေ့တော့ဘူး။ ဆုမရတဲ့ကလေးကလည်း အတူတူလုပ်ဆောင်ရင်း တဖြည်းဖြည်းချင်း၊ အတုမြင် အတတ်သင် စိတ်ဝင်စားလာပါလိမ့်မယ်။
အဲဒီလို ကိုယ်တိုင်ရေးသားလိုက်တဲ့ အကြောင်း အရာတွေဟာ သူတို့ခေါင်းမှာ စွဲသွားတဲ့အတွက် ဘယ်တော့မှ မမေ့တော့ဘူး။ ‘‘အတုဆု’’ မဟုတ်ဘဲ ‘‘အစစ်အမှန်ဆု’’ ဖြစ်တဲ့အတွက် ကလေးရဲ့ အရည် အချင်းဟာ တဖြည်းဖြည်း မြင့်တက်လာပါလိမ့်မယ်။ ဉာဏ်ကြီးရှင် လူတော်လူကောင်းတွေ ဖြစ်လာပါလိမ့် မယ်။ သူတို့ကိုယ်သူတို့ ယုံကြည်သွားလိမ့်မယ်။ ကိုယ့်အားကိုယ်ကိုးစိတ်တွေ ဖြစ်တည်လာလိမ့်မယ်။ အတူတူ ပူးပေါင်းလုပ်ဆောင်လိုစိတ်တွေ ဖြစ်လာ လိမ့်မယ်။ ဒီလိုလုပ်ပေးခြင်းသည် ပညာရေး သင်ယူမှု မဏ္ဍိုင်ကြီးလေးရပ်နဲ့လည်း ကိုက်ညီသွားပါလိမ့်မယ်။ ပညာရေးသင်ယူမှု မဏ္ဍိုင်ကြီးလေးရပ်ရှိတယ်။
(၁) အသိပွားဖို့သင်ယူတာ (Learning to know)
(၂) လုပ်ကိုင်တတ်ဖို့သင်ယူတာ (Learning to do)
(၃) တစ်ဦးချင်းအဖြစ် အစွမ်းကုန်ဖွံ့ဖြိုးဖို့ သင်ယူတာ (Learning to be)
(၄) ကမ္ဘာသားအဖြစ် အတူနေဖို့သင်ယူတာ (Learning to live together)
သင်ယူမှုမဏ္ဍိုင်ကြီးလေးရပ်ဖြင့် တစ်သက်တာ သင်ယူမှုကို မွေးသည်မှစ၍ သေသည်အထိ ဘဝ တစ်လျှောက်လုံး သင်ယူမှု ပြုသွားတတ်အောင် ဆရာက အုတ်မြစ်ချ ကူညီပေးကြရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ အကြံပြုလိုတာက စာကြည့်တိုက်မှူးက အခရာဖြစ်တယ်။ စာကြည့်တိုက်မှူးကို ဘာသာရပ် အချိန်လျှော့ပြီး စာပေကိစ္စတွေကို သီးသန့်ဆောင်ရွက် ခိုင်းရင် ပိုကောင်းမယ်။ နိုင်ငံရဲ့ နေ့ထူးနေ့မြတ်အလိုက် ဖြစ်စေ၊ ကျန်းမာရေး၊ အားကစား၊ အနုပညာယဉ်ကျေးမှု၊ အတ္ထုပ္ပတ္တိဆိုင်ရာစသည်ဖြင့် ဆိုင်ရာဆိုင်ရာစာအုပ်တွေကို တစ်စုစီ၊ သပ်သပ်စီ ပိုင်းခြားထားတတ်ရမယ်။ စုဆောင်းထားရမယ်။ ဒါမှသာ ဘာနေ့အတွက်ဟေ့၊ ဘယ်အကြောင်းအရာ အတွက်ဟေ့ဆိုရင် ကလေးအတွက် အဆင်သင့် ထုတ်ပေးနိုင်နေရမယ်။
ကျက်ဖြေလို့ရတဲ့ဆုဟာ အရသာမရှိ
စာကြည့်တိုက်တွေဟာ For show မဖြစ်သင့်ဘူး။ အသုံးချတတ်ရမယ်။ စာကြည့်တိုက်တွေ ဖွံ့ဖြိုး တိုးတက်အောင် မိဘဆရာပူးပေါင်းဆောင်ရွက်သင့် ပါတယ်။ ယခုဖြစ်နေ၊ ပြိုင်နေတာတွေက ကလေး ပြိုင်တာမဟုတ်ဘဲ ဆရာပြိုင်တွေ ဖြစ်နေတာဟာ မှားယွင်းတဲ့ လုပ်ရပ်တွေဖြစ်နေပါတယ်။ ကျက်ဖြေ လို့ရတဲ့ဆုဟာ အရသာမရှိသလို ပညာပါမလာတဲ့ အတွက် Total Quality ဖြစ်မလာနိုင်ပါဘူး။ ဒီလို ကလေးတွေဟာ တိုင်းပြည်အတွက် ပြီးပြည့်စုံတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်မလာနိုင်ပါဘူး။ ဖြစ်မလာတဲ့အပြင် အတ္တကြီးတဲ့သူ။ မရ ရတဲ့နည်းနဲ့ လုပ်ယူမယ့်သူတွေသာ ဖြစ်လာကြလိမ့်မယ်။ ခက်ခက်ခဲခဲ ကြိုးစားတည်ဆောက်ယူရတဲ့အလုပ်ကို မလုပ်ချင်ကြတော့ဘူး။ ပေါ့ပေါ့ပါးပါးရတဲ့ အလုပ် ကိုပဲ မက်မောတတ်လာကြတော့တယ်။ အလုပ်ရဲ့ တန်ဖိုးကို မသိ၊ နားမလည်တော့ဘူး။ စဉ်းစားတွေးခေါ် ဆင်ခြင်တုံတရားတွေ မရှိတဲ့အတွက် အနာဂတ်အတွက် ကောင်းမွန်တဲ့ အရည်အသွေးတွေ ပါမလာတော့ပါဘူး။ မြို့နယ်ဆုတွေ မရတော့ဘာဖြစ်သလဲ။ ဘာမှမဖြစ် ဘူးနော်။
ဒါပေမယ့် ကလေးက သူကိုယ်တိုင် ဖတ်မှတ် ရေးတဲ့အခါ အနာဂတ်အတွက် တကယ့်အတွေးအခေါ် ပညာပါသွားတယ်၊ သူတို့ကိုယ်တိုင် လုပ်ဆောင်ယူလို့ ရသွားတဲ့ အသိပညာတွေ အဲဒီကလေးရသွားတယ်။ ထူးချွန်တဲ့ ကလေး လေးငါးယောက်ကို လူမြင်ကောင်း အောင် မွေးထုတ်တာထက်၊ ကလေးအားလုံး တော်၊ တတ်၊ ထက်မြက်လာအောင် လုပ်ယူသင့်ပါတယ်။
ဒီနေရာမှာ မြို့နယ်ပညာရေးမှူးကအစ၊ ခရိုင်၊ တိုင်းအဆင့်အထိ လူကြီးတွေကလည်း နားလည် ပေးဖို့လိုတယ်။ မေးမြန်းစစ်ဆေးဖို့လိုတယ်။ ဆုမရ တာနဲ့ ဒီကျောင်းအုပ်ကြီး အလုပ်မလုပ်ဘူး။ ဘာအဆင့် မှ တက်မလာဘူးလို့ နှိမ့်ချဆက်ဆံဖို့ မဖြစ်သင့်ဘူး။ ကိုယ့်မြို့နယ် နာမည်ကောင်းလိုချင်တာနဲ့ ဖိအားမပေး သင့်ဘူးလို့ ထင်ပါတယ်။ တကယ်အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်သလား၊ မလုပ်ဘူးလားလို့ပဲ စိစစ်သင့် တယ်။ အားပေးသင့်ပါတယ်။ တကယ်လုပ်ရဲ့သားနဲ့ ဆုမဝင်တော့ရော ဘာမှမဖြစ်ပါဘူး။ ကလေး အမှန် တကယ်တတ်သွားဖို့၊ ရသွားဖို့ပဲ အဓိက အခရာ ကျတယ်ဆိုတာ အားလုံးလက်ခံကျင့်သုံးရမှာ ဖြစ်ပါ တယ်။ အဲဒီလိုသာလုပ်ပေးပါ။ ကျွဲကူးရေပါ အရာရာ တိုးတက်အောင်မြင်ပါလိမ့်မယ်။
စာပေမှာ မထူးချွန်ပေမယ့် အတွေးအခေါ်ပိုင်းမှာ အားကောင်းတဲ့ကလေးတွေကို မွေးထုတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ စာဖတ်ဝါသနာ၊ စာရေးဝါသနာကို ကျောင်းက လေ့ကျင့်ပေးလိုက်တာနဲ့လည်း တူပါတယ်။ ဒီလိုလုပ်တာဟာ ကလေးရော၊ ဆရာရော အလုပ် အတူတူလုပ်မှ ရတာပါ။ ဆရာက ခပ်ဖျင်းဖျင်း၊ ခပ်ပျင်းပျင်း၊ ပျော့ညံ့ညံ့ ဆိုရင်လည်း မရနိုင်ပါဘူး။
အနာဂတ်တိုင်းပြည်ကို
ပညာနဲ့ တည်ဆောက်ယူမှသာလျှင်
ဆရာမတို့ဟာ အနာဂတ်တိုင်းပြည်ကို ပညာနဲ့ တည်ဆောက်ယူမှသာလျှင် နိုင်ငံတိုးတက်လာပါ လိမ့်မယ်။ လက်နက်နဲ့ တည်ဆောက်လို့မရပါဘူး။ ပညာနဲ့ တည်ဆောက်ဖို့ကလည်း ဆရာရော၊ ကျောင်းသားရော၊ မိဘရော အလုံးစုံ Quality ပြည့်စုံ အောင် ပြုပြင်ဖြည့်စွမ်း အလုပ်လုပ်ကြမှသာ တည်ဆောက်နိုင်ပါလိမ့်မယ်။ သူငယ်တန်းကနေ တက္ကသိုလ်အထိ ပညာသင်ယူနေကြတဲ့ ကလေး လူငယ်အားလုံးဟာ တိုင်းပြည်ရဲ့လူသားသယံဇာတ တွေ ဖြစ်ကြပါတယ်။ ပြီးပြည့်စုံ ပြည့်ဝတဲ့ လူသား သယံဇာတကို ထုတ်လုပ်နိုင်မှသာလျှင် အနာဂတ် တိုင်းပြည်တိုးတက်လာနိုင်ပါလိမ့်မယ်။
ပညာရေးဌာနဟာ အခြားဌာနနဲ့ မတူကွဲပြား၊ ခြားနား၊ အရေးကြီးတာကိုလည်း သိဖို့လိုပါတယ်။ ဌာနတွင်း ဆရာ ဆရာမတွေဟာ နိုင်ငံအတွက် အရေးပါတဲ့အခန်းကဏ္ဍမှ အဓိကမဏ္ဍိုင်၊ ပင်စည်ပင်မများ ဖြစ်ကြပါတယ်။ ဆရာပျက်ရင် ကလေးပျက်ပါမယ်။ ဆရာက အဂတိလိုက်လို့ မရ ဘူး။ ကျောက သားလည်းသား၊ ရင်က သားလည်းသား တစ်ပြားတည်း၊ တစ်သားတည်းဖြစ်နေရပါမယ်။
ကလေးပျက်ရင် တိုင်းပြည်ပျက်မယ်ဆိုတာကို သတိရှိရှိ သတိကြီးကြီးထားကြရပါမယ်။ ဒီနေရာမှာ စကားစပ်အနေနဲ့ ထည့်ပြောလိုတာက ဆရာမ အလုပ်လုပ်ခဲ့စဉ်က (သုည)ရတဲ့ ကလေးကို မအောင် မနေရ စနစ်ကြောင့် ကိုယ့်လက်ရေးနဲ့ ဖြည့်စွက်ရေးပေး ခဲ့ရတယ်၊ ကိုယ့်ဘာသာ မင်နီနဲ့ အမှန်ခြစ်ပေးရ၊ အောင်တယ် လုပ်ပေးလိုက်ရတယ်။ အရူးဆရာမဘဝကို ရင်နာနာနဲ့ ဖြတ်သန်းခဲ့ရဖူးတယ်။
ယခုအခြေအနေမှာ လူငယ်တွေရဲ့ အမှားအချို့ကို ကြည့်မိရင်း ကိုယ့်ပယောဂရော ကင်းရဲ့လားဆိုပြီး ကြေကွဲစရာဖြစ်လာပါတယ်။ အဲတော့ဘာဖြစ်သလဲ။ ဆရာ ဆရာမတွေက ဘာမှမဖြစ်ပါဘူး။ လစာရတာ ပဲလေ။ တပည့်ကတော့ အသက်ရှင်လျက် ဦးနှောက် သေသွားကြလေရဲ့။ အချို့ ဘဝသေသွားကြရတယ်။ ဒါကြောင့် ဒါတွေ မဖြစ်သင့်တော့ပါဘူး။
ငါတို့သည် ငါတို့ တိုင်းပြည်နဲ့လူမျိုးကို ချစ်ရမည်။
ငါတို့ တိုင်းပြည်နဲ့လူမျိုးကောင်းစားဖို့၊ သားစဉ် မြေးဆက် ကြီးပွားတိုးတက်ဖို့ ငါတို့မှာ တာဝန်ရှိသည်။
မိဘဆိုတာက ‘‘ဘဝဆရာ’’ ဖြစ်တယ်။ ဆရာ ဆိုတာက ‘‘လောကဆရာ’’ ဖြစ်တယ်။
‘‘လောကဆရာ’’ ကလည်း ‘‘ဘဝဆရာ’’ နဲ့မခြား မိမိတို့ဆီရောက်လာတဲ့တပည့်ကို ‘‘အတတ်လည်း သင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့ ဆရာတို့’’ ဖြင့် ဆရာ့ကျင့်ဝတ်နဲ့အညီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာအောင် ပြုစုပျိုးထောင်ပေးကြ ရမှာသာ ဖြစ်ပါတယ်။
ဆရာဟာ မိမိတပည့်တွေကို စိတ်ရှည်၊ သည်းခံ၊ တတ်သိကျွမ်းကျင်အောင် သင်ကြားပို့ချခြင်း၊ လိုအပ် ရာရာကို အမြဲဆုံးမသွန်သင်ခြင်း၊ ကျန်းမာရေးကအစ ဘေးရန် အပေါင်းကို ကာကွယ်စောင့်ရှောက်ပေးခြင်းများ ပြုကြရပါမယ်။ တပည့်များရဲ့ အထုံ၊ ဝါသနာ၊ စရိုက်၊ ပါရမီဓာတ်ခံ၊ စိတ်ပါဝင်စားမှုတို့နဲ့အညီ သင့်ရာ လျော်ရာတွေ ရရှိသွားအောင် ပညာရေးလမ်းညွှန်မှု၊ သက်မွေးဝမ်းကျောင်းလမ်းညွှန်ပေးခြင်း ( Educational guidance and vocational guidance) စသည်တို့ကို မုချမသွေ ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။
သမိုင်းပေးတာဝန်ကို ကျေပွန်စွာ
သည်သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင် ရပါမယ်။ မည်သည့်ပါတီ၊ ပုဂ္ဂိုလ်ရေးတွေကို စဉ်းစားပြီး အလုပ်လုပ်ဖို့မလိုပါဘူး။ နိုင်ငံရေးဆိုတာ မတည်ငြိမ် တဲ့ ပြောင်းလဲမှုဖြစ်စဉ်တစ်ခုဖြစ်တယ်။ အမြဲတည်ငြိမ် နေမှာက အမိနိုင်ငံတော်သာ ဖြစ်ပါတယ်။ နိုင်ငံကို ပညာဖြင့်သာ ကျေးဇူးပြုကြရမှာဖြစ်ပါတယ်။ ဆရာ ဆရာမတွေဟာ တိုင်းပြည်အုပ်ချုပ်သူအတွက် အလုပ်လုပ်နေတာမဟုတ်ဘူး။ လစ်ဘရယ်ဒီမိုကရေစီ စနစ်မှာ အနိုင်ရပါတီခေါင်းဆောင်အတွက် အလုပ် လုပ်နေတာ မဟုတ်ဘူး။ နိုင်ငံတော်အတွက် အလုပ် လုပ်နေတာသာ ဖြစ်ကြပါတယ်။ အနီကြောင်၊ အစိမ်း ကြောင်၊ နိုင်ငံရေးယောင်ယောင်တွေနဲ့ အဂတိ လိုက်မိလျက်သားဖြစ်ပြီး ကလေးကို ခွဲခြားဆက်ဆံ တာမျိုး မလုပ်မိကြစေနဲ့။ ဆရာ့သိက္ခာ ဆရာ့ဂုဏ်ကို မဖျက်မိကြပါစေနဲ့လို့ အထူးသတိပေးလိုက်ပါ တယ်။
ရှေးရှေးက ပညာမင်းကြီးဦးကောင်း၊ ဦးဖိုးကျား စတဲ့ ဆရာ့ ဆရာကြီးတွေဟာ အင်္ဂလိပ်လက်အောက်မို့၊ ကျွန်စာမို့ စာမသင်ခဲ့ကြရင် ယနေ့ခေတ် ပညာရေးကို လက်ဆင့်ကမ်းနိုင်မှာတောင် မဟုတ်ပါဘူး။
ပညာကို ပညာလို့မြင်၊ ပညာလို့သင်၊ ပညာလို့ သိပြီး ခံယူချက်မှန်မှန်နဲ့ လေ့လာသင်ကြားပေးခဲ့ ကြလို့သာ လက်ဆင့်ကမ်းပညာအမွေကို ဆက်ခံနိုင်ခဲ့ ကြခြင်းဖြစ်ပါတယ်။ သမိုင်းတွေ စနစ်တွေ ဘယ်လို ပြောင်းပြောင်း၊ ခေါင်းဆောင်တွေ ဘယ်လို ပြောင်းပြောင်း၊ တိုင်းပြည်နဲ့ လူမျိုး အကျိုးအတွက်သာ အလုပ်လုပ်နေသည်ဆိုတဲ့ ခံယူချက်အမှန်၊ စေတနာ အမှန်၊ အနစ်နာခံ ဝါသနာ အရင်းခံဖြင့်သာ မိမိရဲ့ပညာ ပါရမီဖြည့်ဆည်းလျက် လျှောက်လှမ်းနိုင်ကြရပါမယ်။
အထူးသဖြင့် ဆရာဟာ တပည့်များအပေါ် ‘‘မေတ္တာ’’၊ ‘‘ကရုဏာ’’ ၊ ‘‘ထက်သန်လှသောစေတနာ’’ များကို လက်ကိုင်ထားပြီး ဆရာ့ ‘‘ဝါသနာ’’၊ ဆရာ့ ‘‘စိတ်ထား’’ ဖြင့် တပည့်အများ လိမ္မာရေးခြားရှိအောင်၊ လူကောင်းလူတော်တွေဖြစ်လာအောင်၊ နိုင်ငံသား ကောင်း ရတနာတွေဖြစ်လာအောင်၊ နိုင်ငံတော်က အားကိုးအားထားရသူတွေဖြစ်လာအောင်၊ ကောင်းစွာ ဆိုဆုံးမလမ်းညွှန်ခြင်းများ ပြုကြရပါမယ်။
ဒီလို ဘက်စုံဖွံ့ဖြိုးလာအောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးကြရင်း အနာဂတ်နိုင်ငံတော်ကို ပညာ ဖြင့် ဝိုင်းဝန်းတည်ဆောက်ယူကြပါလို့ မေတ္တာစကား လက်ဆောင် စာလက်ဆောင်ပါး ရေးသားလိုက်ရ ပါတယ်။ ။
- Log in to post comments