
နေပြည်တော် စက်တင်ဘာ ၁၅
အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်များ တိုးတက်ထုတ်လုပ်ရေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်တင်ပို့နိုင်ရေး အတွက် လိုအပ်သော နည်းပညာနှင့် အကူအညီများ ကို မိမိတို့ဝန်ကြီးဌာနက ထောက်ပံ့အားပေးလျက် ရှိကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ သွင်းကုန် အစားထိုးနိုင်ရေးနှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးက တက်ညီလက်ညီ အားထုတ်ကြိုးပမ်းကြစေလို ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့က Haewoo Myanmar Co,ltd ဟင်းသီးဟင်းရွက်အခြောက်ခံ စက်ရုံကို ကြည့်ရှုအားပေးစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ချိတ်ဆက်ဆောင်ရွက်
Haewoo Myanmar Co,ltd ဂေါ်ဖီထုပ် အခြောက်ခံစက်ရုံအနေဖြင့် လက်ရှိအချိန်အထိ ဝန်ထမ်း ၆၀၀ ကို အလုပ်အကိုင်ပေးထားနိုင်ပြီး စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ တန်ဖိုးမြင့်ဂေါ်ဖီခြောက် များကို ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံ များသို့ တင်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက် ရှိပြီး သက်ဆိုင်ရာနိုင်ငံများက သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့ရောင်းချ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင် မြို့နယ် သက္ကနိုင်ကျေးရွာရှိ GAC Company ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ သွားရောက်၍ ခရမ်း ချဉ်၊ ငရုတ်သီး၊ ငရုတ်ပွမျိုးများအား တောင်သူများ နှင့် အကျိုးတူကန်ထရိုက် လယ်ယာစနစ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင် ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနသို့ သွားရောက်ခဲ့ပြီး ပိုးမျိုးများ မျိုးစပ်ခြင်းသုတေသနလုပ်ငန်း ဆောင် ရွက်နေမှုများ၊ ပိုးမျိုးသန့် မျိုးထိန်းလုပ်ငန်းများ၊ မျိုးပိုးဥများ ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများနှင့် နည်းပညာပြန့်ပွားရေးသင်တန်း လုပ်ငန်းဆိုင်ရာ များကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပိုးချည်စက်ရုံနှင့် ပိုးချည်သုတေသနခြံသို့ သွားရောက် ကြပြီး ပိုးချည်ထုတ်လုပ်ခြင်းနှင့် ပိုးချည်မှ ဆပ်ပြာ ခေါင်းလျှော်ရည်ထုတ်လုပ်ခြင်း၊ ပိုးစာသီးမှ ဝိုင်ထုတ် လုပ်ခြင်း နည်းပညာဖြန့်ဖြူးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
အားပေးကူညီပေးလျက်ရှိ
ပိုးသုတေသနနှင့် ပိုးစာသုတေသနလုပ်ငန်းများ အား ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီးက ပိုးချည်နှင့် ပိုးထည်များကို နှစ်စဉ် ပြည်ပမှ တင်သွင်းနေရမှုအပေါ် သွင်းကုန် အစားထိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပတင်ပို့နိုင်ရေး အတွက် စီးပွားဖြစ်ထုတ်လုပ်ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံရေးကို မြှင့်တင်ဆောင်ရွက်ရေး၊ အသေးစား စိုက်ပျိုးမွေးမြူသူများအတွက် အလုပ် အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးတက်ရေးအတွက် အားပေးကူညီ ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။
သတင်းစဉ်