
နေပြည်တော် ဖေဖော်ဝါရီ ၁၆
ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်း ကဏ္ဍဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဆွေးနွေးသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတကာမှ တိရစ္ဆာန်အစာစနစ်စိုက်ပျိုး ခြင်း၊ နို့စားနွားမွေးမြူခြင်း၊ စပါးစိုက်ပျိုးခြင်း၊ နေကြာ ရိတ်သိမ်းခြင်းနှင့် ဆီထုတ်လုပ်ခြင်း၊ ခေတ်မီ စက်ယန္တရားများနှင့် နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စက်ယန္တရားများဖြင့် တိရစ္ဆာန်များ ကို အစာကျွေးခြင်း ဗီဒီယိုဖိုင်များကို လေ့လာကြည့်ရှု ကြသည်။
ဆီထွက်သီးနှံများ အထွက်နှုန်းတိုးမြှင့်ရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြား ရာတွင် ယနေ့ မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး၊ စီးပွားတိုးတက်စေရေးအတွက် အဓိကကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လက်တွေ့ကျကျ ဆွေးနွေးမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံများ ဖြစ်သည့် ဝါ၊ ကြံ၊ ကော်ဖီနှင့် ဆက်စပ်သီးနှံများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန်ဖြစ်ကြောင်း၊ နှစ်စဉ် ပြည်ပမှစားသုံးဆီများ တင်သွင်းနေရသဖြင့် ပြည်တွင်း ဆီစားသုံးမှုဖူလုံမှုရှိစေရေး အလေးထားဆောင်ရွက် ကြရန် မိမိတို့ စတင်တာဝန်ယူစဉ်ကတည်းက ပြောကြားခဲ့ပြီး အထောက်အကူဖြစ်စေရေးအတွက် လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီး မတည်ငွေများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် စားသုံးဆီတင်သွင်းမှုအနေဖြင့် လျော့ကျခြင်းမရှိ သည်ကိုတွေ့ရှိရပြီး လက်ရှိအချိန်အထိ တင်သွင်းနေ ရဆဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ စားသုံးဆီရရှိရေး အတွက် စိုက်ပျိုးထုတ်လုပ်နိုင်မည့် စိုက်ပျိုးမြေများ၊ လိုအပ်သည့်သွင်းအားစု ရေနှင့် လူ့စွမ်းအားအရင်း အမြစ်များရှိသော်လည်း စားသုံးဆီဖူလုံစွာ ထုတ်လုပ် နိုင်ခြင်းမရှိသည်မှာ မဖြစ်သင့်ကြောင်း၊ ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့အနက် မြေပဲသည် တစ်ဧကအထွက်နှုန်း ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ အချက်အလက်များအရ နေကြာ သည် မြေပဲနှင့်နှမ်းတို့ထက် ဆီအထွက်နှုန်း ပိုမို ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၌ အထက်ပါ ဆီထွက်သီးနှံသုံးမျိုးလုံး အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည်ကို တွေ့ရှိရကြောင်း၊ နေကြာစိုက်ပျိုးမှုတွင် ဝတ်မှုန်ကူးမှုအောင်မြင်စေရေး အတွက် ပျားမွေးမြူရေးကိုပါတွဲ၍ ဆောင်ရွက်ရန် လိုသည်ကို တွေ့မြင်ရကြောင်း၊ ဆီထွက်သီးနှံများ သည် လေးလတာကာလအတွင်း စိုက်ပျိုးထုတ်လုပ် နိုင်ပြီး တစ်နှစ်လျှင် နှစ်သီး စိုက်ပျိုး၍ရသည်ကို တွေ့ရှိရသောကြောင့် မည်ကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်ရမည်ကို အဖြေရှာဆောင်ရွက်ကြရန် လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော မျိုးကောင်းမျိုးသန့်ရရှိအောင်ဆောင်ရွက်ရန်၊ မြေကို စနစ်တကျပြုပြင်ဆောင်ရွက်ရန်၊ အောင်ရေရရှိရန်၊ စိုက်နည်းစနစ်များမှန်ကန်ရန် အဓိကကျကြောင်း၊ လက်ရှိဆီထွက်သီးနှံစိုက်ဧကများသည် လုံလောက် သည့် အနေအထားတွင်ရှိပြီး ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သီးထပ် စွမ်းအားများ ကောင်းမွန်စေရေးအတွက်လည်း မတူညီသည့် ရာသီဥတုတွင် လိုအပ်သည့် သွင်းအား စုများရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးဆိုင်ရာ ပညာရှင်များအနေဖြင့် စဉ်းစားဆောင်ရွက်ကြရန်လိုပြီး အခြားနိုင်ငံများ၏ စိုက်ပျိုးရေးတွင် အောင်မြင်စွာဆောင်ရွက်နေကြ သည့် နည်းပညာများကိုလည်း အတုယူဆောင်ရွက် ကြရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များအား စနစ်တကျပြုပြင်ထားသည့်မြေတွင် မြေဩဇာပြည့်မီ စွာ ထည့်သွင်းခြင်း၊ အောင်ရေရရှိအောင် ဆောင်ရွက် ပေးခြင်းတို့ဖြင့် စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းများ ပြည့်မီလာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကို ဗဟိုပြု၍ မြစ်၏ အရှေ့၊ အနောက်နှင့် မြစ်လက်တက်များကို အားပြု၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း၊ အခြားသော မြစ်များ၊ ချောင်းများ များစွာလည်း ရှိပြီးဖြစ်သဖြင့် တစ်နိုင်ငံလုံးတွင် ရေနှင့်ပတ်သက်၍ အထောက်အကူရရှိပြီးဖြစ်ကြောင်း၊ သို့သော်လည်း နွေရာသီကာလ၌ ရေရရှိရန်အခက်အခဲရှိသည့် ဒေသ အချို့လည်းရှိကြောင်း၊ ထိုကဲ့သို့ အခက်အခဲရှိသည့် ဒေသများ၌ ဆိုလာကိုအသုံးပြု၍ မြစ်ရေတင်ခြင်းများ၊ ရေရရှိနိုင်သည့် အရင်းအမြစ်များမှ ရေသွင်းစိုက်ပျိုး ခြင်းတို့ဖြင့် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေနှင့် အောင်ရေကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေးသည် လည်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး အတွက် အဓိကကျကြောင်း၊ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီသည့် ထွက်ရှိမှုများ သည် မိမိတို့အတွက် အနုတ်လက္ခဏာပြနေသည်ကို သတိပြုမိကြရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး နှင့် ပတ်သက်ပါက တစ်ဧကအထွက်နှုန်းတိုးမြှင့်နိုင် ရေးသည် အဓိကထားဆောင်ရွက်ကြရမည့်လုပ်ငန်း အဖြစ် မှာကြားလိုကြောင်း။
သီးနှံများအနက် စပါးစိုက်ပျိုး၍ရသည့် မြေနေရာ သည် အခြားသီးနှံများလည်း အောင်မြင်စွာ ဖြစ်ထွန်း သည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုး သည့် မြေနေရာများ၌ ရာသီဥတုအရ၊ မြေအခြေအနေ အရ သင့်လျော်ကိုက်ညီသည့် သီးထပ်သီးနှံများကို လည်း စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း။
စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ကြံနှင့် ကော်ဖီသီးနှံများ အထွက်နှုန်းတိုးတက်အောင်ထုတ်လုပ်နိုင်ရန်လို
စက်မှုကုန်ကြမ်းသီးနှံနှင့်ပတ်သက်၍ ဝါစိုက်ပျိုး ရေးဆောင်ရွက်ရာတွင် ပန်းတိုင်အထွက်နှုန်းများ အတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တစ်ဧက သတ်မှတ်အထွက်နှုန်း ပိဿာ ၁၀၀၀ ထွက်ရှိမည်ဆိုပါက ဝါဂွမ်းပိဿာ ၃၅၀ ၊ ဝါစေ့ ဆီ ၅၂ ဒသမ ၅ ပိဿာ၊ ဝါစေ့ဆီချေး ၁၇ ဒသမ ၅ ပိဿာ၊ လင်တာဂွမ်း(အမျှင်တို) ပိဿာ ၄၀ ၊ ဝါစေ့ ကြိတ်ဖတ်ပိဿာ ၅၄၀ ၊ ချည်ပိဿာချိန် ၁၀၀၈ ပေါင် ထွက်ရှိမည်ဖြစ်သဖြင့် ချည်ပိတ် ၃၉၁၆ ကိုက် ထွက်ရှိမည်ဟုသိရကြောင်း၊ ဝါစိုက်ဧက ၅ သိန်း စိုက်ပျိုးနိုင်မည်ဆိုပါက ချည်ပိတ် ကိုက်သန်းပေါင်း ၅၈ သန်းထွက်ရှိမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ သန်း ၅၀ နှင့် တွက်ချက်ကြည့်ပါက လူတစ်ဦး တစ်နှစ် လျှင် ချည်ပိတ်ကိုက် ၄၀ ခန့် အသုံးပြုနိုင်မည်ဖြစ် ကြောင်း၊ ပိဿာချိန် ၇၀၀ ထွက်ရှိမည်ဆိုပါက လူဦးရေသန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ်ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးမှုကို ဧက ၅ သိန်းစိုက်ပျိုးပြီး သတ်မှတ် ပန်းတိုင်ရည်မှန်းချက်များအတိုင်း စိုက်ပျိုးထုတ်လုပ် နိုင်မည်ဆိုပါက ပြည်တွင်းချည်သုံးစွဲမှုကို ဖူလုံစေ မည်ဖြစ်သဖြင့် နိုင်ငံ့ဝင်ငွေရရှိရေးကို ကြီးမားစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးမှုကို ဝန်ကြီးဌာနများအနေဖြင့် အလေးထား ဆောင်ရွက်ရန်လိုကြောင်း။
ပြည်တွင်းမှထွက်ရှိသည့် ချည်များကို အထည်ချုပ် လုပ်ငန်းများတွင် အသုံးပြုနိုင်ခြင်းကြောင့် ချည်ထည် လုပ်ငန်းများဖြင့် CMP လုပ်ငန်းနှင့် MSME လုပ်ငန်း များကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူများ အလုပ် အကိုင်ရရှိရေးအတွက် များစွာအထောက်အကူပြုစေ မည်ဖြစ်ကြောင်း၊ ချည်ထည်များကို တန်ဖိုးမြှင့် ချည်ထည်များအထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပ ပို့ကုန်များကိုပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုးမြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် တပ်မတော်ကို တာဝန်ပေး ဆောင်ရွက်စေလျက်ရှိကြောင်း။
ကြံစိုက်ပျိုးမှုနှင့်ပတ်သက်၍ လက်ရှိပျမ်းမျှ အထွက်နှုန်းမှာ ၂၆ တန်ခန့်ရှိကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ကြံနှင့်ပတ်သက်၍ လက်ရှိအထွက်နှုန်း အတိုင်း တွက်ချက်မည်ဆိုပါက ပြည်တွင်းဖူလုံမှု မှာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၁၁၂ ရာခိုင်နှုန်းရှိ ကြောင်း၊ တန် ၃၀ နှုန်းဖြင့် တွက်ချက်မည်ဆိုပါက ပြည်တွင်းဖူလုံမှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ကြံစိုက်ပျိုးမှုကို စိုက်ဧကတိုးချဲ့ရန်မလိုဘဲ အထွက်နှုန်း ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်မီစိုက်ပျိုးနိုင်ရေး၊ ကြံအထွက်နှုန်းများ တိုးတက်စေရေးနှင့် သကြားထုတ်လုပ်မှုတိုးတက် စေရေးတို့အတွက်လည်း ပြည်ပနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကြံစိုက်ပျိုး ထုတ်လုပ်မှုများ တိုးတက်လာမည်ဆိုပါက ပြည်တွင်းသကြား လုံလောက်ရုံသာမက ပြည်ပ နိုင်ငံများသို့ပါ တင်ပို့နိုင်မည်ဖြစ်ကြောင်း။
ကော်ဖီသီးနှံနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်တပ်မတော်အစိုးရလက်ထက်မှစ၍ ကော်ဖီ စိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခဲ့သော်လည်း လက်တွေ့လုပ်ဆောင်ရာ၌ လိုက်ပါလုပ်ဆောင်မှု အားနည်းခဲ့၍ အောင်မြင်မှုနည်းပါးခဲ့ကြောင်း၊ ကော်ဖီ စိုက်ပျိုးရန်ခွင့်ပြုထားသည့် မြေများကို အခြားနည်း များဖြင့် သုံးစွဲနေကြခြင်းနှင့် သတ်မှတ်ထားသည့် အတိုင်း စိုက်ပျိုးခြင်းမပြုခြင်းများကြောင့်ဖြစ်သည် ကိုတွေ့ရှိရသဖြင့် မိမိတို့အနေဖြင့် ကော်ဖီများ စနစ်တကျစိုက်ပျိုးစေရေး ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ကော်ဖီထွက်ကုန်များသည် ကမ္ဘာပေါ်တွင် အမြဲလိုအပ်မှုရှိသည့် ကုန်ပစ္စည်းများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကော်ဖီစိုက်ပျိုးနိုင်သည့် မြေနေရာ များစွာရှိသဖြင့် ကော်ဖီစိုက်ပျိုးရေးစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်မည်ဆိုပါက ကော်ဖီ ပို့ကုန်များကို များစွာမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်မှစ၍ ကော်ဖီစိုက်ပျိုးရေး စီမံကိန်းများကို စတင်ဆောင်ရွက်သွားမည်ဆိုပါက နောင်ကာလများတွင် မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင် ကော်ဖီတင်ပို့သည့် ထိပ်တန်းနိုင်ငံသို့ ရောက်ရှိနိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးနှင့် ပတ်သက်၍လည်း အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။
နို့ထွက်ပစ္စည်းများထုတ်လုပ်နိုင်ရေး ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများ အားပေးဆောင်ရွက်
မိမိတို့နိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ ပြည်တွင်း၌ နွားမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် ရေခံမြေခံနှင့် တိရစ္ဆာန်အစာများ လုံလောက်စွာရှိပြီး ဖြစ်ကြောင်း၊ အဓိကအားဖြင့် နည်းပညာအားဖြင့် မမြင့်မားသော နို့ထွက်ပစ္စည်းများဖြစ်သည့် နို့ဆီနှင့် နို့စိမ်းများကို ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင် ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နွားနို့သာမက ကျွဲနို့ကိုလည်း နို့ထွက်ပစ္စည်းအဖြစ် ထုတ်လုပ်နိုင် ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို သမဝါယမ အသင်းများဖွဲ့စည်း၍ မွေးမြူနိုင်ရေး ဆောင်ရွက်စေ ခြင်းဖြစ်ကြောင်း၊ နွားမွေးမြူရေးနှင့် ကျွဲမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ နို့ထွက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများ တည်ဆောက် ပြီး ပြည်တွင်း၌ နို့ထွက်ပစ္စည်းများဖူလုံအောင် ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများတိုးတက်ခြင်းဖြင့်
တစ်ဦးချင်းဝင်ငွေများ တိုးတက်လာပြီးနိုင်ငံ့စီးပွား တိုးတက်ပြောင်းလဲလာမည်
မိမိတို့အနေဖြင့် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရ သည့် စားသုံးဆီများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ချည်ထည်ပစ္စည်းများကို ပြည်တွင်းလုံလောက်စွာထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက်လိုအပ်သည့် နိုင်ငံခြားငွေများကိုပါ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ တိုးတက်လာခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်လျက် ရှိသည့် ပြည်သူတစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာ ပြီး လူမှုစီးပွားများတိုးတက်လာမည်ဖြစ်သဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး များစွာပြောင်းလဲသွားနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် စိုက်ပျိုးမွေးမြူ ရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး အမြဲမပြတ် တိုက်တွန်းပြောကြားနေခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင်လည်း တက်ရောက်လာကြသူ များအနေဖြင့် နိုင်ငံ့အကျိုးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီးနှံများ စိုက်ပျိုးထွက်ရှိမှုနှင့် ပြည်တွင်းဆီ ဖူလုံမှုအခြေအနေများ၊ ပြည်တွင်းဆီဖူလုံမှု တိုးမြှင့် နိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှုနှင့် လျာထား ချက်များအတိုင်း ထွက်ရှိလာမည်ဆိုပါက ပြည်တွင်း ဆီဖူလုံမှုများ တိုးတက်လာမည့်အခြေအနေများ၊ စိုက်ပျိုးထွက်ရှိလာသည့် ဆီထွက်သီးနှံများမှ ဆီများ ထုတ်လုပ်နိုင်ရေး ဆီကြိတ်စက်ရုံများ တည်ဆောက် ရန် လျာထားမှု၊ ဝါစိုက်ပျိုးမှု၊ ထွက်ရှိမှုနှင့် ပြည်တွင်း ချည်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက် လျက်ရှိမှု၊ ဝါစေ့မှဆီထုတ်လုပ်၍ တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်မှု၊ ဝါစိုက်ပျိုးမှုတိုးချဲ့နိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ စိုက်ဧကများအမှန်အတိုင်း ကောက်ယူရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဝါ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်ပနိုင်ငံများနှင့် ပူးပေါင်းသုတေသနပြု စမ်းသပ် စိုက်ပျိုးဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ကော်ဖီစိုက်ပျိုးမှု နှင့် ထွက်ရှိမှု၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက် ရှိမှုနှင့် ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချနိုင်မှု၊ ကြံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ ဂျုံစိုက်ပျိုးမှုများ တိုးတက်ရေးဆောင်ရွက်နေမှု၊ နို့စားနွားများမွေးမြူ၍ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နို့စားနွားများသာမက ဒေသ နွားနှင့် ကျွဲများမှလည်း နို့များထုတ်လုပ်လျက်ရှိမှု၊ နို့ထွက်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး အတွက် နို့စားနွားများ တိုးမြှင့်မွေးမြူရန်လိုအပ်မှု အခြေအနေများကိုလည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေး ခဲ့မှု၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်း များအတွက် သွင်းအားစုလိုအပ်ချက်များရရှိရေး ဝန်ကြီးဌာနအနေဖြင့် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိမှု၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းချည်ထည်များထုတ်လုပ်လျက်ရှိမှုနှင့် ပြည်တွင်းချည်လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက် လျက်ရှိမှု၊ ချည်ထည်များထုတ်လုပ်ခြင်းကို MSME လုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်မှု၊ သကြားစက်ရုံ များ လည်ပတ်ထုတ်လုပ်လျက်ရှိမှုအခြေအနေများကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာရေး နှစ်အလိုက် ဆီထွက်သီးနှံများ၊ ကော်ဖီထွက်ကုန်များ၊ ကြံထွက်ပစ္စည်းများ၊ ရော်ဘာထွက်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချနိုင်ခဲ့မှု၊ စားသုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေး လုပ်ငန်းသုံးသွင်းအားစုများ၊ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ၊ ပိုးသတ်ဆေးများ တင်သွင်းခဲ့မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးလုပ်ငန်းများကို နှစ်အလိုက် ကြိုတင် လျာထားဆောင်ရွက်သင့်သည့် အခြေအနေများ၊ အရည်အသွေးမီ နေကြာဆီများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သင့်သည့် အခြေအနေများကို လည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ သကြားစက်ရုံများအလိုက် ကြံစိုက်ပျိုးမှုများ ဆောင်ရွက်လျက်ရှိမှုနှင့် ကြံမျိုးများအလိုက် သကြား ထုတ်လုပ်နိုင်မှုအထွက်နှုန်းများနှင့် အထွက်နှုန်း တိုးတက်ရေးဆောင်ရွက်သွားမည့် အခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်၍ နို့ထွက် ပစ္စည်းများနှင့် အသား၊ ငါးများ ထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ကြံစိုက်ပျိုးရေး လုပ်ငန်းများနှင့် သကြားထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်စေရေး သုတေသနပြု ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေများလုံလောက်စွာ ရရှိရေး မြစ်ရေတင်လုပ်ငန်းများ၊ ချောင်းပိတ်ဆည် များ၊ စက်ရေတွင်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ရေတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သမဝါယမ အသင်းအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုများကိုရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် ဆီထွက်သီးနှံ များစိုက်ပျိုးရာတွင် စိုက်ဧကအမှန်အတိုင်း စိုက်ပျိုး ရန်လိုကြောင်း၊ ရာသီအလိုက်စိုက်ပျိုးသည့် ဧက အမှန်အတိုင်း တင်ပြနိုင်ရန်လိုပြီး မည်သည့်ရာသီ၊ မည်သည့်သီးနှံများစိုက်ပျိုးသည်ဖြစ်စေ စိုက်ဧက များအတိုင်း အပြည့်အဝစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးသီးနှံများကို စိုက်ပျိုးရာတွင် မျိုးကောင်း မျိုးသန့်များဖြင့် နည်းစနစ်တကျစိုက်ပျိုးနိုင်ရန် လိုကြောင်း၊ ထွက်ရှိသည့် ကြံများမှ သကြားအပြည့်အဝ ထုတ်လုပ်နိုင်ရေး စက်ရုံများ၏ ထုတ်လုပ်နိုင်မှု စက်စွမ်းအားများကို ပြန်လည်စစ်ဆေးဆောင်ရွက် သွားရန်လိုကြောင်း၊ ကြံစိုက်ဧကများကို တိုးချဲ့ခြင်း ထက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ ပြည်တွင်းချည်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရန် လိုသကဲ့သို့ ချည်မျှင်စက်ရုံများ တိုးချဲ့တည်ဆောက် ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက် သွားရန်လိုကြောင်း၊ ဝါကြိတ်စက်၊ ချည်ငင်စက်၊ ချည်ထည်ပစ္စည်းများကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) များဖြင့် ဆောင်ရွက် နိုင်မည်ဆိုပါက ပြည်သူများ အလုပ်ကိုင်အခွင့်အလမ်း များ တိုးတက်လာမည်ဖြစ်သဖြင့် အမျိုးသားရေး အဖြစ် ဆောင်ရွက်စေလိုကြောင်း၊ နွားမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ များ၌ ယခင်ကကဲ့သို့ ပြန်လည်တိုးတက်မွေးမြူရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူသူများအတွက် လက်လှမ်းမီသော ဈေးကွက် ဖန်တီးပေးရန်လိုကြောင်း၊ အိမ်၊ ကျေးရွာအလိုက် နွားနို့စုဆောင်းရန်နေရာ (Milk Collection Center) များပြုလုပ်၍ ဝယ်ယူပေးရန်လိုကြောင်း၊ ၎င်းမှ ၂၄ နာရီအတွင်း နို့ချက်စက်ရုံသို့ ပို့ပေးနိုင်ရန် လိုကြောင်း၊ သွင်းကုန်ပစ္စည်းများကို တင်သွင်းရာတွင် ပြည်တွင်း၌ ထုတ်လုပ်၍ရနိုင်သည့် ပစ္စည်းများကို တင်သွင်းခြင်းထက် နိုင်ငံအတွက် အမှန်တကယ် လိုအပ်သည့် ပစ္စည်းများကိုသာ တင်သွင်းရန် လိုကြောင်း။
ပြည်တွင်း နို့ထွက်ပစ္စည်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး နို့စားနွား မွေးမြူခြင်းများကို တိုးချဲ့မွေးမြူရန်လိုကြောင်း၊ နို့ဆီ၊ နို့စိမ်း၊ အသင့် သောက်နွားနို့မှစ၍ နို့ထွက်ပစ္စည်းများအား အဆင့်မြင့်ထုတ်ကုန်များအထိ ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ထို့ကြောင့် နို့ထွက်ပစ္စည်းစက်ရုံများ တည်ဆောက်လည်ပတ်နိုင်ရန် တိုင်းရင်းသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ် သည့်စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊ မိုးစပါး ၁၄ သန်းကျော် စိုက်ပျိုး ရေးလုပ်ငန်းမှထွက်ရှိသည့် ကောက်ရိုးများအား တိရစ္ဆာန်အစာများပြုလုပ်နိုင်သကဲ့သို့ ပျော့ဖတ်လုပ်ငန်း များတွင်လည်း အသုံးပြုနိုင်သဖြင့် အကျိုးရှိစွာ အသုံးပြုနိုင်ရန်လိုကြောင်း၊
ပြောင်းစိုက်ပျိုးရေး၌လည်း အလားတူပင်ဖြစ် ကြောင်း၊ လယ်ယာထွက် ကောက်ရိုးပင်စည်ပျော့တို့မှ သဘာဝမြေဩဇာ၊ ထင်းအစားထိုးလောင်စာ၊ တိရစ္ဆာန်အစာ၊ ကမ္ဘာ၌ လိုအပ်ချက်မြင့်မား သော ပျော့ဖတ်တို့ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးမှာကြား သည်။
ဆွေးနွေးခဲ့သည့်အချက်အလက်များအပေါ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လို
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ဆွေးနွေးဆောင်ရွက်မှုများ သည် များစွာ အကျိုးရှိကြောင်း၊ ဆွေးနွေးခဲ့သည့် အတိုင်း လက်တွေ့အကောင်အထည်ဖော်ဆောင် ရွက်သွားနိုင်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးရေးနှင့် ဆီထွက် သီးနှံစိုက်ပျိုးရေးတို့ကို အမျိုးသားရေးကိစ္စတစ်ရပ် အဖြစ် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ဧကများ တိုးချဲ့ခြင်းထက် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ စတင်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းသည့်အချိန်အထိ အဆင့်ဆင့် ထွက်ရှိလာသည်များသည် နိုင်ငံအတွက် များစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းနှင့် ထုတ်လုပ်မှုများ အတွက် တန်ဖိုးများမြင့်တက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသည်မှသည် ကုန်ချောထွက်ရှိသည်အထိ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ကုန်ထုတ်လုပ်စားသုံး မှု ကွင်းဆက် (Supply Chain) တစ်ခုလုံး၌ အလုပ် အကိုင်ရရှိမှု၊ ကုန်ထုတ်လုပ်မှုများ များစွာဆက်စပ် တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုး ထုတ်လုပ်မှုများအတွက် အလေးထားဆောင်ရွက်ကြ ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လူသားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပညာရှင်များ မွေးထုတ်ပေးရာတွင် ဒီပလိုမာအဆင့်မှ ဘွဲ့ကြို၊ ဘွဲ့လွန်အထိ မွေးထုတ်ပေးနိုင်ရေး ကျောင်းများ တိုးချဲ့ ပေးရန်လိုကြောင်း၊ မွေးမြူရေးဒီပလိုမာပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြန်ဆန်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေး ဝန်ကြီးဌာနများအချင်းချင်း ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယနေ့ ဆွေးနွေးပွဲ နှင့် ပတ်သက်၍ ရလဒ်များကောင်းမွန်သည်ကို တွေ့ရှိရပြီး ဆွေးနွေးခဲ့သည့် အချက်အလက်များ အပေါ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားပြီး အစည်းအဝေး ကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်