
နေပြည်တော် စက်တင်ဘာ ၂၄
နိုင်ငံတော်က ချမှတ်ထားသည့် မြေယာမူဝါဒများနှင့်အညီ စိုက်ပျိုးမြေများအပေါ် အခြားနည်းလမ်းများဖြင့် အသုံးပြုခြင်းလုပ်ငန်းများအား ကြပ်မတ်ဆောင်ရွက်ရေး၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး ပြည်နယ်များအားလုံးတွင် စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝပြီး လူမှုစီးပွားအဆင့်အတန်းမြင့်မားရေး လုပ်ငန်းများတွင် လယ်ယာမြေကို ထိရောက်စွာအသုံးပြုနိုင်ရေး လုပ်ငန်းများကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တတိယ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အွန်လိုင်းစနစ် ဖြင့် အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေး တွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖတ်ကြားတင်ပြရာ အစည်းအဝေးတက်ရောက် လာကြသူများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် တွင် တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းများ၌ အသုံးပြု ခဲ့ရသည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေးပေးချေရန် ကိစ္စရပ်များကိုလည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလာသည့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲ များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ခွင့်ပြုချက်မရမီ ကြိုတင်အသုံးပြုထားသည့်အတွက် လယ်ယာမြေ ဥပဒေပုဒ်မ-၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဒဏ်ကြေးငွေ အဆိုပြုလွှာများနှင့်ပတ်သက်၍ လည်းကောင်း၊ အသုံးပြုခွင့်ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် အသုံးပြုခွင့်လျှောက်ထားစဉ်က အဆိုပြုတင်ပြခဲ့သည့် သီးနှံများအတိုင်း စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိသော တည်ငြိမ်စိုက်ပျိုးမြေများကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေ ဥပဒေပုဒ်မ-၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅ ၊ ၃၆ တို့အရ လျှောက်ထားလာသည့် စာတွဲများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လယ်ယာမြေဥပဒေပုဒ်မ-၂၈(က)အရ မူလစိုက်ပျိုးလျက်ရှိသည့် သီးနှံအမျိုး အစားမှ အခြားသီးနှံအမျိုးအစားသို့ ပြောင်းလဲ စိုက်ပျိုးခွင့်ပြုရန် လျှောက်ထားလာသည့် စာတွဲများ နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်