စိတ်သစ် နှလုံးသားသစ် အသိဉာဏ်သစ်နဲ့ ဘဝသစ်ဆီသို့

Type

 

ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)

 

(ယမန်နေ့မှ အဆက်) 
ပျော်ရွှင်စေတဲ့ အကြောင်းအရာ
တစ်ခါက  ဒီဂရာနု (Dighajanu)  အမည်ရှိ လူပုဂ္ဂိုလ် တစ်ဦးဟာ  ဗုဒ္ဓထံရောက်လာပြီး   လူကို ပျော်ရွှင်စေ တဲ့အကြောင်းအရာတွေက       ဘာတွေပါလဲလို့ မေးမြန်းရာ ဗုဒ္ဓက ထိုသူသည်−
u        ကျွမ်းကျင်မှုရှိရမည်၊ အားတက်သရော       သွက်လက်ချက်ချာ၊ စိတ်ဝင်တစားနဲ့  အလုပ် ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်ရမည်၊၊ 
u     မိမိ၏ ဝင်ငွေကို  ကာကွယ်နိုင်ရမည်။
u    မိတ်ကောင်းဆွေကောင်း ရှိရမည်။  သစ္စာရှိရ မည်။ ဆည်းပူးနေကြရမည်။ ဉာဏ်ကောင်း သူများဖြစ်ရမည်။  သဟဇာတသမာသမတ်  ကူညီရိုင်းပင်းသူများဖြစ်ရမည်။ မကောင်းမှု ဒုစရိုက်မှကင်းဝေးသူများဖြစ်ရမည်။ 
u     ငွေကြေးသုံးစွဲမှုမှာ မနည်းလွန်း၊ မများလွန်း၊ အကျိုးအကြောင်း ဆီလျော်စွာ သုံးစွဲတတ်သူ ဖြစ်ရမည်လို့ ဖြေကြားပေးခဲ့တယ်။
          ဒီဂရာနုကို  ပေးခဲ့တဲ့  ဗုဒ္ဓရဲ့အဖြေတွေဟာ  လူသားတစ်ဦးချင်းအတွက်    ယနေ့အထိတန်ဖိုးကြီး လှပါတယ်။    အခြေခံကျရိုးရှင်းလှပေမယ့်     ဘဝနဲ့ လက်တွေ့အရေးကြုံလာတဲ့အခါ-
u    ကျွမ်းကျင်မှုတွေရှိကြပါတယ်၊  အတ္တပရမျှတ၊   အပြုံးမပျက် လုပ်နိုင်ဖို့လိုပါတယ်။ 
u     ဝင်ငွေကိုကာကွယ်နိုင်ပါတယ်၊  လောင်းကစား နဲ့ မူးယစ်ဆေးဝါးကို  ဝေးဝေးရှောင်နိုင်ဖို့လို ပါတယ်။ အသုံးနဲ့အဖြုန်း  ခွဲခြားတတ်ဖို့လိုပါ တယ်။
u     မိတ်ကောင်းဆွေကောင်း   သမာသမတ်ရှိသူ၊ အသိဉာဏ်ကောင်းသူ၊      သစ္စာရှိသူတွေနဲ့  မိတ်ဖွဲ့ပေါင်းသင်းရမှန်းသိပါတယ်၊      ရှားပါး ပစ္စည်းလိုဖြစ်နေတာမို့  အပေါင်းအသင်းမမှား ဖို့   သတိထားကြရပေလိမ့်မယ်။
u     အကျိုးရှိရှိ  ငွေကြေးသုံးစွဲသင့်သည်ကို  သိ နားလည်တယ်၊  နည်းမှန်း များမှန်းမသိ၊   မိမိ နဲ့     သင့်တင့်တဲ့  ပမာဏမည်မျှမှန်းမသိ၊ မချိန်ဆနိုင်တဲ့  အဖြစ်နဲ့ကြုံရတတ်ပါတယ်။
ပျော်ရွှင်တဲ့လူအများစုဟာ၊     အံ့ဩလောက် အောင်ကောင်းတဲ့   အရည်အချင်းတစ်ခုဟာ   လူ့ ဘဝရဲ့  ကောင်းခြင်းကြန်အင်လက္ခဏာတွေ မြတ်နိုး တန်ဖိုးထားတတ်ခြင်းဖြစ်တယ်လို့     ဆိုပါတယ်။ နံနက်ခင်းမှာ    သတင်းစာဖတ်၊   အလုပ်သွားရင်း သတင်းစာချိုင်းကြားညှပ်၊ ရထား၊ကားစီးပြီး အလုပ် ဆင်းကြတယ်၊၊  အိမ်မှာကျန်ရစ်သူ  မိသားစုတို့က လည်း         အိမ်မှုတာဝန်ထမ်းဆောင်မယ်၊၊ သူငယ်ချင်း   မိတ်ဆွေတွေဆီ  လည်ကြမယ်၊၊   ရံဖန် ရံခါ ညစာစားပွဲလေးလုပ်ကြမယ်။   သဘာဝတရား ကြီးကပေးတဲ့ နေရောင်ခြည် ရေမြေ၊ တောတောင် အောက်မှာ    ခံစားစံစားရင်းအလှအပတွေကို ခံစားစံစားကြမယ်။ ဒါတွေသည်ပင်  ဘဝရဲ့ပျော်ရွင်မှု  အရင်းအမြစ်ပဲ ဖြစ်ပါတယ်။   
အူမတောင့်မှ သီလစောင့်မယ်မဟုတ်
ဒီနေ့တစ်ကမ္ဘာလုံး ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉  ဟာ  ရာစုသစ်မှာကြီးမားတဲ့   စိန်ခေါ်မှုဖြစ်နေပါ တယ်။  လူအများစုဟာ  မကြာမတင်မှာ  ဒီရောဂါ ဒီအခက်အခဲက  ကျော်လွှားနိုင်မှာပဲဆိုတဲ့ မျှော်လင့် ချက်နဲ့  အသက်ရှင်နေတာများပါတယ်။  လူသားဟာ ဉာဏ်ရည်အမြင့်ဆုံး၊  အသိဉာဏ်နဲ့  နှလုံးသားမှာ လည်း  အမြင့်ဆုံး၊ မိမိစွမ်းအားမှန်သမျှ ထုတ်သုံးနိုင် တာမို့ ဒီရောဂါဆိုးကြီးက  နှစ်သစ်မှာ  ကင်းလွတ်နိုင် မယ်၊ လူသားတို့ဘဝ သူတို့အလုပ်ကို ခွန်အားဖြစ်စေ တာ ဒီမျှော်လင့်ချက်ရောင်ခြည်ပဲ ဖြစ်ပါတယ်။
           ကမ္ဘာကြီးပူနွေးစေတာနဲ့စပ်လျဉ်းပြီး စက်မှု ထွန်းကားတဲ့နိုင်ငံတွေကြောင့်   ကျောက်မီးသွေး စက်ရုံတွေက၊  မော်တော်ကားနဲ့ လေယာဉ်တွေက အက်စစ်ဓာတ်ငွေ့၊    အဆိပ်ဓာတ်ငွေ့တွေကြောင့် တချို့က တောမီးရှို့ တောင်ယာလုပ်၊ ထင်းမီးသွေးနဲ့ လမုတောက မီးသွေးထုတ်တာကြောင့် ဆန်စပါးနဲ့ ပြောင်း၊  ပြောင်းဖူးစိုက်တော့  လူ့ရဲ့ဝမ်းစာအဖြစ် ဆန်နဲ့ပြောင်းဆန်ရ၊     ကောက်ရိုးနဲ့ပြောင်းရိုး၊ ပြောင်းဖူးရိုးတို့ကို    ကျွဲ၊  နွားတွေကျွေးတော့  စားမြုံ့ပြန်လို့ထွက်တဲ့   မီသိန်းဓာတ်ငွေ့ကြောင့် ဂေဟစနစ်ပျက်စီးစေတယ်ဆိုပြီး   တစ်ဦးကိုတစ်ဦး အပြစ်တင် လက်ညှိုးထိုးကြပါတယ်။ 
“ဆင်းရဲမွဲတေမှုဟာ  ပတ်ဝန်းကျင်ကို အဆုံးစွန်  ညစ်ညမ်းစေဖို့ဖြစ်လာတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံက  ဆင်းရဲသားတို့ဟာ နေ့စဉ် နေ့တိုင်း  ထင်းနဲ့မီးသွေးကို ချက်ရေးပြုတ် ရေးတွေမှာသုံးနေရတယ်။  ဒါပေမယ့်  ဒီ ဆင်းရဲသားတွေဟာ  စိတ်ပုပ်စိတ်ယုတ်မရှိ ကြဘူး၊ စျေးအသက်သာဆုံးနဲ့  ရရာထင်း မီးသွေး အရင်းအမြစ်ပေါ်မှာ သူတို့ဟာမှီခိုရှင်သန်ကြရတာဖြစ်တယ်” လို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း  အင်ဒီရာဂန္ဒီ  (Indira Gandhi)  က   ကုလသမဂ္ဂက  ကျင်းပတဲ့ (Stockholm)  စတော့ဟုမ်း လူ့ပတ်ဝန်းကျင် ကွန်ဖရင့်မှာ     အထင်ကရပြောခဲ့ပါတယ်။ အူမတောင့်မှ သီလစောင့်မယ်မဟုတ်၊ အူမ မတောင့်သော်လည်း    သီလစောင့်သူတွေ၊ စိတ်ကောင်းစိတ်မြတ်ထားသူတွေ၊   ကူညီ ရိုင်းပင်းလှူဒါန်းကြသူတွေဟာ   လောကမှာ များစွာ ရှိကြပါတယ်။ 
လှုံ့ဆော်တတ်သော စေတသိက်များ
“ကမ္ဘာ့လူသားကို      ကြီးမားတဲ့စိန်ခေါ်မှု နောက်တစ်ခုရှိသေးတယ်။ ထိုစိန်ခေါ်မှုက  လူသား တို့ရဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ  စိတ်ကိုညစ်ညမ်းစေ အောင်    လှုံ့ဆော်တတ်တဲ့    စေတသိက်တွေဟာ လူသားတစ်ရပ်လုံးကို ကြီးမားစွာအန္တရာယ်ပြုနေပါ တယ်။ ဒီအန္တရာယ်က ကင်းဝေးအောင် ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ကြရမယ်”  ဟု  George Lewis က ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်ထုတ် Time မဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။ 
မာနထောင်လွှားခြင်း၊  ကိုယ့်ထက်သာသူကို မနာလိုလျှင်ဣဿာ၊  ဝန်တိုလျှင် မစ္ဆရိယ၊  မှားယွင်း စွာ  နားလည်နေလျှင်  ဒိဋ္ဌိတို့သည်  လူမှာအဆိုးဆုံး တရားများဖြစ်၏။      စိတ်ကိုညစ်ညမ်းစေ၏။ စေတသိက်များကြောင့် နှုတ်မှု၊ ကိုယ်မှု မကောင်းမှု အကုသိုလ်များပြုကြကုန်၏။   ယင်းစိတ်ညစ်စိတ်ပုပ် တို့က  လူကိုလည်းကောင်း၊ လူ့လောကကိုလည်းကောင်းဖျက်ဆီးနိုင်၏။ လူ့စိတ်ကို ညစ်ညမ်းစေခြင်း   ဆိုသည်    ကိုယ်ကျင့်တရားနှင့်   ကျင့်ဝတ်တွေ ညစ်ညမ်းခြင်းဖြစ်သည်။   ဖြူစင်သောစိတ်များက သာ  လူကိုအကာအကွယ်ပြုနိုင်မည်။ ကယ်နိုင်မည် ဖြစ်၏။ လူ့လောကကို ဖျက်ဆီးခြင်းမှ ကာကွယ်နိုင် မည်ဖြစ်၏။
မောဟမသိခြင်း၊  ဒိဋ္ဌိမှားယွင်းစွာ  နားလည်ခြင်း တို့ဟာ  ဝစီကံမှု၊  ကာယကံမှုထိ တိမ်းစောင်းစေပါ တယ်။ မာန၊ ဣဿာ၊  မစ္ဆရိယတို့ကလည်း အလား တူပါပဲ။  စိတ်ဟာ  ဒါတွေနဲ့ ညစ်ညမ်းလာပြီဆိုရင် မကြည်မလင်ဖြစ်လာတတ်တာမို့   မနောကံမှုမှာ အမှန်နည်း   အမှားများဖို့သာ    ဖြစ်ပေလိမ့်မယ်။ ကာယကံမှု၊  ဝစီကံမှုတို့ဟာ   မနောကံမှုကိုအခြေခံ တယ်လို့    နားလည်ကြပြီးဖြစ်ရာ    မနောကံမှု ကောင်းမှသာ    ဝစီကံမှုနဲ့       ကာယကံမှုကောင်းမှာ ဖြစ်တယ်။   အရာရာကို    စိတ်ကလုပ်တယ်လို့ မြတ်ဗုဒ္ဓက ဟောခဲ့ပါတယ်။
လူတို့နေတဲ့ကမ္ဘာဟာ  ကျွန်းစုတွေလို   လူမျိုး၊ ဘာသာ ဆင်းရဲချမ်းသာ  အယူဝါဒ၊ ဂုဏ်ပကာသန ကျား၊ မဆိုပြီး      ခွဲခြားထားတဲ့သဘောရှိပါတယ်။ လူဟာ ဒီလိုခွဲခြားထားတာကိုလည်း ကြိုက်နှစ်သက် သူတွေရှိကြပါတယ်။       မိမိကို  ဗဟိုပြုခြင်းကို ကြည်နူးတတ်ပါတယ်။  ဘဝချင်းမညီ၊   အလွှာချင်း၊ ဝါဒချင်းမတူ     စတဲ့အကြောင်းတရားတွေကြောင့် တစ်ဦးနဲ့တစ်ဦး၊ အဖွဲ့အစည်း   အသင်းအပင်းတို့ရဲ့ ပေါင်းသင်းဆက်ဆံမှုပုံသဏ္ဌာန်တွေဟာ ခြားနား လာတတ်ပါတယ်။  တစ်ဦးနဲ့တစ်ဦး အထင်အမြင် သေး၊  မထီမဲ့မြင်၊   မတူမတန်၊ မလေးမစား အဆင့် အတန်းခွဲခြားမှုတွေ  ဂိုဏ်းဂဏကွဲပြား  ခွဲခြားတဲ့ သဘောကိုတွေ့ရတတ်ပါတယ်။   စိတ်ဝမ်းတွေကွဲ၊  ညီညွတ်ရေးတွေပျက်၊ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ် စေတယ်။  စိုးရိမ်စိတ်၊  ဆောက်တည်ရာမရ၊  ဂနာ မငြိမ်၊    ကမူးရှူးထိုးစိတ်ကူးတွေဖြစ်ပေါ်စေတယ်။ ရန်လိုမုန်းတီးကြ၊ မနာလိုဝန်တိုမှုတွေဖြစ်ကြတယ်။  ရင်ကြားစေ့မရတဲ့အဖြစ်တွေနဲ့           ကြုံရဆိုတော့ လောကကြီးကို  မကျေနပ်၊ ကြေကွဲစရာ၊  စိတ်ဆင်းရဲ စရာပါလားလို့  လူငယ်လူကြီးတွေ  မြင်လာကြပါ တယ်။ 
မနောကံမှုကောင်းမှသာ  ဝစီကံမှုနဲ့ ကာယကံမှု ကောင်းမှာ          
    ကာယကံမှုနဲ့ ပတ်သက်လာရင် ဗုဒ္ဓတရား ကတော့  Non-violence အကြမ်းမဖက်ဘဲ ငြိမ်းချမ်းသာယာဖို့ ရှေးရှုကြရပေလိမ့်မယ်။ အမုန်းတရားကိုအမုန်းတရားနဲ့ ဖြေရှင်းတာ ဟာ   ဘယ်အခါမှ  ငြိမ်းချမ်းနိုင်မှာမဟုတ်။ (Hatred  never ceases hatred.) မေတ္တာ တရားဖြင့်သာ တားဆီးဟန့်တားနိုင်ပေလိမ့် မယ်။   အကြမ်းမဖက်ငြိမ်းချမ်းမှုကိုရှေးရှုတဲ့   လူ့အဖွဲ့အစည်းသည်သာ  အေးချမ်း မယ်။ တည်ငြိမ်မယ်။ သာယာဝပြောပါမယ်။ ဝစီကံမှုနဲ့ပတ်သက်လာရင်    ဗုဒ္ဓကသမ္မာ ဝါစာ ကောင်းသောစကားကို ပြောဆိုရမယ်။ မှန်စွာ   ပြောဆိုရမယ်လို့  မိန့်တော်မူခဲ့ပါ တယ်။
သုဘာသိတဝါစာ-    ကောင်းသောစကားသည်သာ အေးငြိမ်းချမ်းသာမှုကို ဖြစ်စေ၏။
ပီယဝါစာ-    ချစ်ခင်ဖွယ်စကားဖြစ်၍လူတိုင်း လိုလား၊ နှစ်သက်မြတ်နိုး၏။ ပြောသူကိုလေးစား၏။     ဤသို့ပြောဆိုသူသည် ဂုဏ်သိက္ခာအလိုလို မြင့်မား လျက်ရှိ၏။   ဒေါသငြိမ်း၏။   ရန်မီးငြိမ်းစေ၏။    မေတ္တာသက်ဝင်၊ ကြင်နာထောက်ထား ကိုယ်ချင်းစာ စိတ်ပွားများ၏။
ဓမ္မဝါစာ-    ဘုရားတရားတော်နှင့်အညီ  ပြောဆိုခြင်းသည်  လူတိုင်းမြတ်နိုး       နှစ်သက်ကြ၏။ ယုံကြည်လေးစား      တန်ဖိုးထားကြ၏။   သူ့ကို  ဂုဏ်မြှင့် ကိုယ့်ဂုဏ်တင့်၏ဟူသော သူတော်ကောင်း တို့ထုံးနှလုံးမူလျက်    ပြောဆိုခြင်းသည်    ဓမ္မဝါစာ ဖြစ်၏။
သစ္စာဝါစာ-    အမှန်ကိုအမှန်၊ အမှားကို အမှား၊   အကျိုးကိုအကျိုး၊  အပြစ်ကိုအပြစ်၊   မရှိကိုမရှိ၊ အရှိကိုအရှိအတိုင်း    ပြောဆိုခြင်းသည် သစ္စာဝါစာ စကားဖြစ်၏။
မနောကံမှုနဲ့ပတ်သက်ပြီး      ဓမ္မပါလမှာ စိတ်တို့ဟာ မကောင်းမှု၊ မကောင်းမှုမလျော် ကန်မှုနည်းလမ်းတွေမှာ    မွေ့လျော်လေ့ရှိ တယ်လို့ဆိုပါတယ်။ စိတ်ဟာ စိတ်တိုင်းမကျ ဖြစ်တတ်တယ်၊၊   ကိုယ်သာလျှင်အဓိက၊ တစ်ကိုယ်ကောင်းဆန်တာတွေ၊  မုန်းတီးမှု မနာလိုဝန်တိုမှု၊   လိုချင်တပ်မက်မှုတွေဟာ တရားလွန်ကြီးမားတတ်တယ်။ သူတစ်ပါး ကို  သေးသိမ်အောင်စေ့ဆော်တဲ့စိတ်တွေ၊ မကောင်းကြံစည်မှုတွေပြုလိုတဲ့      စိတ်တွေ ကိန်းအောင်းနေတတ်ပါတယ်။  အရာရာကို ယုံကြည် နေသူ၊ အရာရာကိုသံသယဖြစ်နေသူ ဆိုတာဟာ စဉ်းစားလိုခြင်းမရှိတဲ့အတွက် စိတ်ခွန်အားတွေဟာ အဟောသိကံဖြစ်တတ် ပါတယ်။
လူတိုင်းတကယ်မလုပ်မဖြစ်တဲ့ အလုပ်တစ်ခုက ကိုယ့်အကြောင်းကိုသိဖို့၊  ဝစီကံမှု၊  မနောကံမှုကို ပိုမိုပြီးသိဖို့ပဲဖြစ်တယ်။   ဒါကြောင့်   သံသရာမှာ ကျင်လည်ရသည်ရှိသော်      ငြိမ်းချမ်းရာဘဝကို မျှော်မှန်းကာ အခုဘဝမှာပင် ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို       ကောင်းအောင်ပြုတာဟာ အကောင်းဆုံး၊  အမြင့်မြတ်ဆုံးဖြစ်ပါတယ်။
 နှစ်သစ် ဘဝသစ်ဆီသို့
         ကျွန်တော်တို့ဟာ  ဒီကမ္ဘာမြေမှာရောက်တာနဲ့ ခန္ဓာငါးပါးရဲ့ဝန်ထုပ်ဝန်ပိုးကို    ထမ်းကြရတယ်။ လေးလံမှန်းသိလျက်  မထမ်းချင်လို့  မရတော့တဲ့ အခြေအနေဖြစ်ပါတယ်။   အနာဂတ်ကိုကြည့်ရင် ဝိုးတိုးဝါးတားအဖြစ်နဲ့  ပန်းတိုင်မရှိ၊  ရှိသော်လည်း မှားမှန်၊ ကောင်း မကောင်း မဝေခွဲနိုင်၊ မိမိအသက်ရှင် တာဟာ မြတ်၏ မမြတ်၏ မသိနိုင်ဘဲဆက်လျှောက် သွားနေသူတွေလည်းရှိကြလိမ့်မယ်။    
လောကီ၊ လောကုတ္တရာနှစ်ဖြာသော  ရှုထောင့် ကကြည့်ရင်  လူသားအားလုံးဟာ  ဒီကမ္ဘာကြီးမှာ ခေတ္တခဏရောက်လာတဲ့  ဧည့်သည်တွေဖြစ်တယ်။ အိမ်ရှင်ကမ္ဘာကြီးရဲ့      ဝိသေသလက္ခဏာတွေကို လေးစားမှ၊  ပြဋ္ဌာန်းချက်တွေကိုလည်း လိုက်နာကြမှ ဧည့်သည်ပီသရာကျပါလိမ့်မယ်။
ကျွန်တော်တို့ဟာ       ကမ္ဘာ့လူသား တစ်ယောက်အဖြစ်         အသက်ရှင်ခွင့်ရှိ သလောက် ဒီကမ္ဘာမြေမှာ ရေစက်ဆုံနေခဲ့ကြ ပြီ။  တစ်ခုတည်းသော  မိုးကောင်းကင်ကို ကြည့်၊  တူညီသောလေကိုရှူခဲ့ပြီ။  ရေကြည် ကိုသောက်ခဲ့ကြပြီ။  မြေကပေါက်တဲ့သီးနှံ တို့ကိုစား၊ ဝေငှလှူဒါန်းမှုတွေလည်း ပြုခဲ့ကြ ပြီ။
တည်ငြိမ်ခံ့ညားမြင့်မား‌တဲ့     တောင်တန်း ကြီးတွေနဲ့          ဒီတောင်တန်းတွေကြားက တသွင်သွင်စီးဆင်းနေတဲ့   ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်တို့ကို          အကြောင်းပြုပြီး ကျွန်တော်တို့ဟာ  စုပေါင်းနေထိုင်ခဲ့ကြပြီ။ 
နှစ်သစ်မှာ  မြော်မြင်တွေးခေါ် ကြံစည်စိတ် ကူးမှုသစ်၊    အသိဉာဏ်သစ်တွေနဲ့ယှဉ်ပြီး သတိရှိရှိနဲ့  လျှောက်လှမ်းကြမှ၊ ကုသိုလ်စိတ် နဲ့တန်ဖိုးထားနေထိုင်ကြမှ၊အသက်ရှင်သန် စွာ  ဆက်လက်နေတာဟာ       နေခဲ့သမျှ၊ နေရမယ့်ကာလအတွက်    ကျေးဇူးတရား သိရာ ဆပ်ရာကျလိမ့်မယ်လို့ ဆိုနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။    ။