
ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
u သဘာဝတရားကြီးက ပေးလိုက်တဲ့ လက်ဆောင်တွေထဲမှာ လူဟာ အကောင်းဆုံးလက်ဆောင်။ ဉာဏ်ရည် အမြင့်ဆုံး၊ အသိဉာဏ်နဲ့ နှလုံးသားမှာ အမြင့်ဆုံး၊ မိမိစွမ်းအားမှန်သမျှ ထုတ်သုံးနိုင်တယ်။
u ယနေ့ ကမ္ဘာ့ဒေသအချို့မှာ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအားပြိုင်မှု၊ စစ်ဘေး ကြုံကြိုက်မှု၊ အကြမ်းဖက်မှုများဟာ ထိန်းရခက်အောင် ကျယ်ပြန့်နေပါတယ်။
u ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ဗြဟ္မစိုရ်တရားများဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေ ထွန်းကားပွားများရင် စိတ်မှာတည်ငြိမ်အေးချမ်း စေတာ အမှန်ဖြစ်တယ်။
u မာန၊ ဒိဋ္ဌိ၊ ဣဿာ၊ မစ္ဆရိယတို့ဆိုတဲ့ မကောင်းတဲ့အကုသိုလ်စိတ် အညစ်အကြေးတွေကို ဘာဝနာနဲ့ဆေးကြောနိုင်လေ၊ စိတ်ချမ်းသာမှုရရှိကြလိမ့်မယ်ဆိုတဲ့ ဒီဆောင်းပါးနဲ့ နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။
တစ်ခါက ဒုက္ခတွေကြုံ၊ စိတ်ပျက်လက်ပျက်၊ စိတ်ဓာတ်ကျဆင်းနေသူ၊ ကမ္ဘာကြီးကိုပင် မကျေ မနပ် ဖြစ်နေသူတစ်ဦးဟာ ဘုရားသခင်ရှေ့မှောက် ရောက်လာပြီး ...
“အိုဘုရားသခင် ပစ္စက္ခ ဒုက္ခအပေါင်းကို ကြည့်လိုက်ပါဦး၊ စိန်ခေါ်မှုဒုက္ခတွေနဲ့ ဝေနေပါတယ်။ ကမ္ဘာကြီးဟာ တရားမျှတမှုမရှိ၊ အကြမ်းဖက်လူထု အုံကြွမှု၊ ဒေါသအမျက်ချောင်းချောင်းထွက်နေမှု များဟာ ထိန်းရခက်လောက်အောင် ကျယ်ပြန့် နေပါတယ်။ ဒေါသတွေထွက် စိတ်တွေချောက်ချား နေကြပါတယ်၊ ဘာကြောင့် အကူအညီတွေ မစေ လွှတ်တာလဲဘုရား” ဆိုပြီး ညည်းလိုက်ပါတယ်။
ဘုရားသခင်က “ငါကိုယ်တော် အကူအညီတွေ စေလွှတ်ထားပါတယ်။ မင်းကိုလည်း စေလွှတ်ထား တယ်လေ” ဆိုပြီး ပြန်ဖြေခဲ့တဲ့ ဒီပုံပြင်ရဲ့ သင်ခန်းစာက ကျွန်တော်တို့တွေဟာ ပျက်စီးနေတဲ့ ကမ္ဘာကိုပြင်ဖို့ ဒီမိုး၊ ဒီရေ၊ ဒီမြေနဲ့ ဒီကောင်းကင်ကြီး ရဲ့အောက်မှာ ရေစက်ဆုံကြတာ။ ဒုက္ခအပေါင်းက ကယ်တင်ကြဖို့။ ရေလွှမ်းရေကြီးတဲ့ဒေသ ရေမကြီး အောင်၊ ခြောက်သွေ့တဲ့နေရာ ရေရောက်အောင်၊ တောမီးတွေလောင်ရင် မလောင်ရအောင်၊ ကပ်ကြီး တွေဆိုက် ဒုက္ခအပေါင်းက ကျော်လွှားဖို့ကိစ္စဟာ တစ်ရက်တာ တစ်နှစ်တာအလုပ် မဟုတ်၊ တစ်သက် တာလုံး လုပ်ကြရမယ့်ကိစ္စ၊ တစ်ဦးတစ်ယောက် ကောင်း မဟုတ်၊ လူအပေါင်း စုပေါင်းလုပ်ကြရမယ့် အလုပ်တွေ မဟုတ်ဘူးလား။ ကြီးသည်ငယ်သည်၊ ဆင်းရဲသည် ချမ်းသာသည်မဟုတ် လောကကြီးမှာ တစ်ခုမဟုတ် တစ်ခုသော ဒုက္ခနဲ့ လူသားတွေဟာ ကြုံတွေ့ကြရလိမ့်မယ်။ ဒါဟာ ဓမ္မတာပဲ ဖြစ် တယ်။
“လူတို့ရဲ့စိတ်ဟာ လောဘ၊ ဒေါသ၊ မောဟတွေ နဲ့ ပြည့်ကျပ်နေတဲ့အတွက် ဒုက္ခပင်လယ်ထဲမှာ တဝဲ လည်လည်ဖြစ်နေကြရတယ်” လို့ ဗုဒ္ဓက အလင်း ပြခဲ့ပါတယ်။ “ဗုဒ္ဓရဲ့ တရားတော်များဟာ ငြိမ်းချမ်း ဖွယ် ဖြစ်တယ်။ ဗုဒ္ဓက သူဟာ အမှောင်ထုထဲ ကျ ရောက်နေပြီလို့ လူတို့ကို အသိပေးပြောကြားခဲ့ တယ်။ အမှောင်ထုမှ အလင်းဆီသို့ ရောက်မယ့်လမ်း ရှိတယ်” လို့လည်း ဟောခဲ့တယ်။ ဗုဒ္ဓက ကျွန်တော် တို့ကို မြင့်မြတ်တဲ့ဘဝသို့ တက်လှမ်းစေချင်တယ်။ အဲဒီဘဝမှာ လူတွေဟာ အမုန်းတရားကင်းပြီး ချစ်ခင်ကြတယ်။ တစ်ဦးကိုတစ်ဦး ကူညီကြတယ်။ နာကျင်အောင် နာကြည်းအောင် မလုပ်ကြဘူး။ ဒါကို ခင်ဗျား လုပ်ကိုလုပ်ရလိမ့်မယ်” လို့ ဗုဒ္ဓ ဘာသာနှင့် စပ်လျဉ်းပြီး ကင်းဗရစ်တက္ကသိုလ်က ကထိက Juan Mascaro က မှတ်ချက်ပြုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက် စီဟာ စိတ်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တွေပွားရင် ကမ္ဘာကြီးကိုပင် တည်ငြိမ်အေးချမ်းစေ ပါတယ်။
ဗုဒ္ဓရဲ့ တရားတော်များ
ဘဝဟာ မဖြစ်ချင်တာတွေဖြစ်တယ်။ ဖြစ်ချင် တာတွေဟာ ဖြစ်မလာတတ်ဘူး။ ဒုက္ခ၊ သုခတွေ ရှိကြမယ်ဆိုတာ အမှန်ပင်။ လူဟာ မွေးဖွားချိန်က စလို့ လောကထဲရောက်တာနဲ့ဝေဒနာတွေ ခံစား စံစား ဖို့ပဲ။ သို့တစေ ဘဝပတ်ဝန်းကျင်က အကြောင်း ခြင်းရာတို့ဟာ လူကိုဖိစီးတာမဟုတ်၊ သင်က ဘယ်လိုဘယ်ပုံ ဘယ်နည်းတွေနဲ့ သယ်ဆောင် တယ်၊ ရွေ့လျားနေတယ်ဆိုတဲ့အပေါ်မှာ မူတည် တတ်ပါတယ်။ နေ့စဉ်နေ့တိုင်း မနက်ခင်း အိပ်ရာ က ထတာနဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ ဒိဋ္ဌိတို့ကို သယ်ဆောင်မိပြီဆိုရင် သင့်ရဲ့ တစ်နေ့တာဘဝက သင့်ကို လေးလံစွာဖိစီးနေပါလိမ့် မယ်။ ဒါသည်ပင် ပြဿနာအပေါင်းရဲ့ဇာစ်မြစ်ဖြစ် တယ်။ ကျွန်တော်တို့တစ်တွေဟာ အခုလိုဆုံတွေ့ ရတဲ့ဘဝကို ချစ်မြတ်နိုးကြရပါမယ်။ တစ်ခုတည်း သော ကောင်းကင်အောက်မှာနေ၊ လေကိုရှူရင်း ဘုရားဖူးသွားတဲ့ ခရီးသည်တွေပဲ။ သို့သော် အချို့ သော သူများဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားကို ကျင့်သုံးကြလို့ ပို၍ ချောမွေ့သာယာဝပြောတဲ့ လမ်းပြမြေပုံကို ကြည့် ပြီး သွားနိုင်ကြပါတယ်။
ယနေ့ကမ္ဘာတစ်လွှားမှာ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အားပြိုင်ခြင်းတွေဟာ လောဘ၊ ဒေါသ နှင့် မောဟတွေမှာ မြစ်ဖျားခံပါတယ်။ စိတ်မှာ ပြင်းထန်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတို့ဟာ ပုထုဇဉ် လူသားတို့အား ဒုက္ခပေးတတ်တာမို့ တော်ရုံတန်ရုံပဲ ကောင်းပါတယ်။ သာမန်လူပုဂ္ဂိုလ် များအနေနဲ့ နိစ္စဓူဝ ကိစ္စတွေကို ပုံမှန်လည်ပတ် နေနိုင်ပြီဆိုရင် စိတ်ချမ်းသာ ပျော်ရွှင်စရာ ကောင်း ပြီဖြစ်ပါတယ်။
ဘဒ္ဒကမ္ဘာမှာ ဂေါတမမြတ်စွာဘုရားဟာ ဘီစီ ၅၆၃ မှာ သစ္စာလေးပါးကို ဆရာ မကူ တွေ့ရှိတော် မူခဲ့ပါတယ်။ ဒုက္ခအပေါင်းမှကင်းဝေးရာမှာ မဂ္ဂင် ရှစ်ပါးနည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သံသရာ က လွတ်ကင်းစေတဲ့ တရားဓမ္မဖြစ်ပါတယ်၊၊ နောက်ဆုံးဘီစီ ဒီဇင်ဘာ ၂၅ မှာ ယေရှုခရစ်၊ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်က မိုဟာမက်ဆိုတဲ့ ဘာသာရေး ပုဂ္ဂိုလ်ထူးတွေဟာ လူသားတို့ ကောင်းကျိုးအတွက်၊ တရားဓမ္မတွေနဲ့ ကိုယ်ကျင့် တရားတွေကို ပြခဲ့ကြတယ်။ ဒီဘာသာတရားကြီး သုံးခုဟာ လူသားတို့ ကိုးကွယ်ယုံကြည်ရာ ဖြစ်ခဲ့ ပါတယ်။ သဘာဝကြီးကပေါ်လာတဲ့ လူသားကို ထပ်ဆင့်ပြီး စိတ်ပိုင်းဝိညာဉ်ပိုင်းတွေထိ သိမြင် ခံစားလာတဲ့ကိစ္စဟာ အလွန်တရာမှ အံ့ဩစရာ ကောင်းတဲ့ လက်ဆောင်လို့ ဆိုရလောက်အောင် လူ့ယဉ်ကျေးမှုကြီးပေါ်ခဲ့ပါတယ်။ စိတ်မှာပေါ် ပေါက်လာသမျှ ဆန္ဒတွေ မလွန်ကဲအောင် ထိန်းရာ မှာ ကိုးကွယ်ကြတဲ့ ဘာသာတရား အသီးသီးဟာ ကိုယ့်ကျင့်တရားရဲ့ အရေးကြီးပုံကို နှစ်ပရိစ္ဆေဒ များစွာကတည်းက သွန်သင်နေတာဖြစ်တယ်။ လူ့ ယဉ်ကျေးမှုကြီး မယိမ်းမယိုင် မပြိုလဲအောင် လူတို့ ကိုးကွယ်ရာ ဘာသာတရားကြီးနဲ့ပဲ လူရဲ့ခရီးရှည် ကြီးကို လမ်းပြသွားကြရပါမယ်။
လူ့ဘဝဟာ တစ်နေ့ပြီးတစ်နေ့ ပုံမှန်၊ သာမန် ကုန်ဆုံးသွားတာချည်း သက်သက်မဟုတ်ဘဲ အဓိပ္ပာယ်အပြည့်၊ ကြိုးပမ်းအားထုတ်မှုအပြည့်နဲ့ ကုန်ဆုံးတယ်လို့ မြင်လိုက်ပါ၊ စိတ်ချမ်းသာလိမ့်မယ်။ လူ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေတတ်သူများဟာ မဇ္ဈိမပဋိပဒါ အစွန်းတရားကင်းတဲ့သူတွေဖြစ်တယ်။ အခက်အခဲ ပြဿနာတွေ ကြုံလာတဲ့အခါမှာပင် စိတ်အေးလက်အေးထား၊ အလုပ်ကို ပျော်ပျော် ရွှင်ရွှင်နဲ့ ထမ်းရွက်ခြင်းဖြင့် လူ့ဘဝကို တည်ထောင် ကြတာဖြစ်ပါတယ်။
ကျွန်တော်တို့တစ်တွေဟာ ခက်သားဗျ၊ ဘုရား သွားပြီး ဆီမီး ပန်း ရေချမ်းလောက် ပူဇော်တယ်။ တောင်းတဲ့ဆုက ဇောတိက၊ ဇဋိလ သူဌေးလောင်း ဖြစ်နေတယ်။ အကျိုးလိုလို့ ညောင်ရေလောင်းတာ မျိုး မဖြစ်ပါစေနဲ့၊ အကောင်းဆုံးလုပ်ပါ၊ မမျှော်လင့် ပါနဲ့။ ကျွန်တော်တို့ဘဝရဲ့ အကောင်းအဆိုး အကြောင်းအကျိုးတွေဟာ ကိုယ်တိုင်ဖန်တီးခဲ့ တယ်ဆိုတာ အကြွင်းမဲ့ယုံကြည်လိုက်ပါ။ ဒီလိုပဲ မနက်ဖြန်မှာ ကြုံတွေ့ရမယ့် ကောင်းကျိုးဆိုးပြစ် တွေဟာ ဒီနေ့လုပ်တဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနော ကံမှုတွေကြောင့်ဆိုတာ မိတ်ဆွေယုံကြည်လိုက်ပါ။ ကိုယ်လုပ်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး အားလုံးကို ကိုယ်တိုင်ခံစားရမှာ သေချာပါတယ်။
အကောင်းဆုံးလက်ဆောင်
နေအဝန်းအဝိုင်းထဲက ဒီကမ္ဘာဂြိုဟ်ကို စေ့စေ့ လေ့လာကြည့်ရင် သဘာဝတရားကြီးက ပေးလိုက် တဲ့ လက်ဆောင်တွေထဲမှာ လူဟာ အကောင်းဆုံး လက်ဆောင်ဖြစ်နေတာကို တွေ့ရပါမယ်။
နှုတ်အားဖြင့် စကားပြောနိုင်ခြင်း၊စာပေ
ကျမ်းဂန်အားဖြင့်၊ ဝိညာဉ်ပိုင်း၊ စိတ်ပိုင်း အတွေးအခေါ် အယူအဆ၊ သီအိုရီတို့ကို ဖော်ထုတ်နိုင်ခြင်း၊
အဏုမြူတမျှသေးလှတဲ့၊ လူ့မျက်စိနဲ့မြင် နိုင်စွမ်းမရှိတဲ့ အက်တမ်ကိုပင် မြင်ရ သကဲ့သို့ ပုံဖော်နိုင်ခြင်း၊
ကိုယ်နဲ့စိတ်ပါပြီး လကမ္ဘာကို ဆင်းနိုင် ခြင်း၊ ကိုယ်ခန္ဓာမပါဘဲ စကြဝဠာထိ စိတ် ဖြင့် ခေါက်တုံ့ခေါက်ပြန် သွားနိုင်ခြင်း ဟာ လူဖြစ်ပါတယ်။တီထွင်ဖန်တီးမှုတွေ ကြောင့် ယဉ်ကျေးမှုကြီး ထွန်းကားခဲ့ပါ တယ်။
အမုန်းတရားတွေကို မေတ္တာနဲ့
“ကျွန်တော်တို့ဟာ ဗုဒ္ဓရဲ့တရားတော် အခြေခံ ကျလှတဲ့တရားအရ မုန်းတီးမှုနဲ့ အကြမ်းဖက်မှုကို ရှောင်ရှားဖို့ စိတ်ကူးနိုင်မှ၊ စဉ်းစားနိုင်မှ ပြဿနာရဲ့ အဖြေဆီသို့ နီးကပ်စွာ ရောက်နိုင်ပါလိမ့်မယ်။
အမုန်းတရားတွေကို မေတ္တာနဲ့၊ ကြမ်းတမ်းခက်ထန်တာတွေကို ငြိမ်း ချမ်းရေးနဲ့၊ ထိပ်တိုက်ရင်ဆိုင်မှုတွေကိုပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုတွေနဲ့ အစားထိုးကြရပါလိမ့်မယ်”
လို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဂျဝါဟာလ် နေရူး (Jawaharlal Nehru) က ဗုဒ္ဓတရားတော်ကို အခြေပြုပြီး အကြံပြုချက်ဟာ လွန်စွာမှ တန်ဖိုးကြီး လှပါတယ်။
လူမှာ အဆိုးဆုံးတရားများဖြစ်တဲ့-
လောဘ … လိုချင်တပ်မက်ခြင်း၊
ဒေါသ … ခက်ထန်ခြင်း၊
မောဟ … မသိခြင်း၊
မာန … ထောင်လွှားခြင်း၊
ဣဿာ … မနာလိုခြင်း၊
မစ္ဆရိယ … ဝန်တိုခြင်း၊
ဒိဋ္ဌိ … မှားယွင်းစွာနားလည်ခြင်းတို့ကို
နည်းနိုင်သမျှ နည်းအောင်၊ ကင်းစင်အောင်အထိ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်းဆိုင်ရာတို့ကို မြင့်မား အောင် အားထုတ်ကြရပေလိမ့်မယ်။ စိတ်ဟာ ဒါတွေနဲ့ ညစ်ညမ်းလာပြီဆိုရင် မကြည်မလင် ဖြစ်လာတတ်တာမို့ မနောကံမှုမှာ၊ အမှန်နဲ့အမှား များဖို့သာ ဖြစ်ပေလိမ့်မယ်။
မာန၊ ဒိဋ္ဌိ၊ ဣဿာ၊ မစ္ဆရိယတို့ဆိုတဲ့ မကောင်းတဲ့ အကုသိုလ်စိတ်၊ အညစ်အကြေးတွေကို၊ ဘာဝနာနဲ့ ဆေးကြောနိုင်ရင်၊ စိတ်ချမ်းသာမှုရရှိကြလိမ့်မယ်။ ကုသိုလ်စိတ်ဖြစ်အောင်၊ ဘာဝနာပွားကြရလိမ့် မယ်။ မကောင်းမှုအကုသိုလ်စိတ်တွေကို လျော့ပါး သွားအောင် လုပ်ဆောင်ရာမှာ အချိန်ပေးကြရလိမ့် မယ်။ တိုတောင်းလှတဲ့ ဘဝမှာပင် စိတ်ကောင်း စိတ်မြတ်၊ သီလသမာဓိ၊ ဝီရိယ၊ ပညာ၊ သတိတို့ နဲ့ သွားကြရမယ့် ခရီးဖြစ်တယ်။ ကောင်း၏ မကောင်း၏၊ အကြောင်းနှင့်အကျိုး ဆက်စပ်၏ မဆက်စပ်၏ စသည်တို့ကို ဂဃနဏ သိမြင်နိုင်တဲ့ အသိဉာဏ်ဟာ မြင့်ဖို့လိုအပ်မှာဖြစ်ပါတယ်။ အသိ ဉာဏ်ဟာ ပျားသကာလို ချိုတာမို့ များစွာလိုအပ် ပါတယ်။ အသိဉာဏ်မြင့်အောင် လုပ်နိုင်ကြမှ စိတ်ရောကိုယ်ရော ချမ်းသာမယ်။ စိတ်ပျော်ရွှင်မှု၊ တည်ငြိမ်အေးချမ်းမှုရကြမှာ ဖြစ်ပါတယ်။
ဗဟုသုတနဲ့ အသိဉာဏ်
သညာ (ဗဟုသုတ)ကို ဉာဏ်လို့ မှားယွင်းစွာ ထင်နေကြတယ်။ ကြွယ်ဝချမ်းသာခြင်းနဲ့ အာဏာ ရှိတာကို အောင်မြင်တယ်လို့ သတ်မှတ်တယ်။ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အားကစားသမားတွေနဲ့ ဂီတပညာရှင်တွေကို မိဘများ၊ ရဲအရာရှိများနဲ့ ဆရာ များထက်ပို၍ ဂုဏ်ပြုကြတယ်။ မိဘများ၊ ရဲအရာရှိ များနဲ့ ဆရာ ဆရာမများဟာ သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ဂီတပညာရှင်တွေလောက် ဝင်ငွေ ကောင်းပြီး ကျော်ကြားချင်မှ ကျော်ကြားပေလိမ့် မယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်နဲ့ ဝတ္တရားများဟာ မြင့်မြတ်ကြီးမားတယ်ဆိုတာ မမြင်နိုင်တာခက်တယ်။
ဗဟုသုတ (Knowledge) နဲ့ အသိဉာဏ် (Wisdom) ကို ကွဲကွဲပြားပြား သိရှိနားလည်ဖို့ ကျွန်တော်တို့ ရှေးရှုလာကြတယ်။ မြတ်ဗုဒ္ဓက ဓမ္မစကြာသုတ်ထဲမှာ အသိဉာဏ်ကို ဝိဇ္ဇာ၊ ပညာ၊ ဉာဏ်ဆိုပြီး ဖွင့်ဆိုကာ အားလုံးသုံးထားတယ်။
အင်္ဂလိပ်စကား Knowledge က ဗဟုသုတ၊ ပညာ၊ အသိဉာဏ်က အကျိုးရှိမရှိ ဆုံးဖြတ်တဲ့ဉာဏ်လို့ အဓိပ္ပာယ်ဖော်ပါတယ်။ ဉာဏ်ဆိုတာ အကြောင်း အကျိုး သိနိုင်တယ်။ အကောင်းအဆိုး ဝေဖန် ပိုင်းခြားနိုင်တယ်၊၊ ရှေ့နောက်ဆင်ခြင်နိုင်တဲ့ အမြော်အမြင်ရှိစေတယ်။
ဗဟုသုတက သင့်ကို ဖွံ့ဖြိုးတိုးတက် စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာ စေတယ်။ ထို့အတူ လူ့လောကကြီး ပျက်စီးရာ ပျက်စီးကြောင်းလည်း အညီ အမျှဖြစ်စေနိုင်ပါတယ်။
ဗဟုသုတများခြင်းဟာ သင့်ကိုကောင်း မယ့် သဘောဆောင်သော သတ္တိ၊ ရက်ရက်ရောရော ပေးကမ်းလှူဒါန်းမှုနဲ့ ဇွဲနပဲကို အမြဲတစေဖြစ်စေသည်မဟုတ်၊ ထူးဆန်းသည်မှာ ..... ဗဟုသုတ (Knowledge) က အမြော်အမြင်ကို ထုတ်ပေးချင်မှ ထုတ်ပေးလိမ့်မည်။
အမြော်အမြင်ဆိုသည်မှာ ကျွန်တော်တို့ အတူတကွ လက်တွဲညီညာ စည်းစည်း လုံးလုံး ဖွံ့ဖြိုးဖို့၊ အေးအတူပူအမျှ အတူ တကွ လူ့လောကကို ဖြတ်သန်းကြတဲ့ အခါ အငြှိုးအတေး၊ ရန်ငြှိုးကင်းဖို့၊ စစ်မက်ကင်းဖို့၊ ဘေးဒုက္ခတွေနဲ့ မကြုံ ကြိုက်ဖို့ ကြိုတင်တွက်ဆနိုင်တဲ့ အသိ ဉာဏ်ဟာ အလိုအပ်ဆုံးပဲ။ ဗဟုသုတ ချည်း မလုံလောက်ဘူးဆိုတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။ ပညာဗဟုသုတကို လူသားကောင်းကျိုးအတွက် လွှာ၍ သုံးတတ်ဖို့ လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ် ပါတယ်။
ပညာခေတ်မှာ နိုင်ငံရဲ့ မျှော်မှန်းချက်
ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံအင်အား တောင့်တင်းဖို့၊ အလယ်အလတ်တန်းစား ဝင်ငွေ ထက်မြင့်တဲ့ နိုင်ငံဖြစ်ဖို့ ပြည်သူတို့ဟာ တက္ကသိုလ်၊ ကောလိပ်တွေနဲ့ နိုင်ငံရဲ့အရင်းအမြစ်များအဖြစ် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ခံယူရပါလိမ့်မယ်။
ပညာရေးက Knowledge Age ကို ပညာခေတ် လို့ ဘာသာပြန်ဆိုပါတယ်။ ပညာခေတ်မှာ ဘာသာရပ်များက ပေးတဲ့ဗဟုသုတ (Knowledge)၊ ကျွမ်းကျင်မှု (Skills) တို့ကို ကလေးတွေရဲ့ ဦးနှောက်ထဲ မချိမဆံ့ထည့်သွင်းဖို့မဟုတ်။ ကိုယ် တိုင်လိုချင်စိတ်နဲ့သင်ယူကြမှဖြစ်တယ်။
ပတ်ဝန်းကျင်က စိတ်ဝင်စားစရာတွေနဲ့
အံ့ဖွယ်တွေကိုသိလိုစိတ်၊ စူးစမ်းလို စိတ်၊ ပြဿနာအခက်အခဲကို ဖြေရှင်းလို စိတ်၊ ကိုယ်တိုင်ပညာလိုချင်တဲ့ စိတ်ရှိ အောင်၊ ဆရာအပေါင်းက လုပ်ပေးကြရ မယ်။
တပည့်အပေါင်းရဲ့လောကကို အလှဆင် ပေး၊ သောကကို ဖြေပေးကြရမယ်၊ ဗြဟ္မစိုရ်တရားထွန်းကားအောင် ဆရာ အပေါင်းက လမ်းညွှန်ပြသဖန်တီးပေးကြ ရမှာဖြစ်ပါတယ်။
၂၁ ရာစုနှစ်ဟာ ယှဉ်ပြိုင်ရတဲ့ရာစု၊ ယှဉ် ပြိုင်နိုင်တဲ့ စွမ်းပကားကိုဘယ်မှာရနိုင်
သလဲဆိုရင် ပညာရေးမှာဖြစ်တယ်။ပညာ ရေးရဲ့ဗဟိုချက်မဟာ ကျောင်းသူ ကျောင်းသားလူငယ်လူရွယ်တွေ ဖြစ် တယ်။ ပြည်သူတွေကလည်း မျှော်လင့် ချက်ကြီးမားစွာနဲ့ ကျောင်းကိုပို့၊ တက္ကသိုလ်ကို ပို့ကြတာဖြစ်တယ်။ တက္ကသိုလ်ကောလိပ်တွေက မျိုးဆက် သစ်လူငယ်ထုရဲ့ ဉာဏ်ရည် ဉာဏ်သွေး ဖွံ့ဖြိုးမှု၊ ကျွမ်းကျင်မှုနဲ့ သူတို့ရဲ့ အနာဂတ်မျှော်မှန်းချက်တွေ၊ နိုင်ငံရဲ့ မျှော်မှန်းချက်တွေကို ပြည့်မီအောင် အဓိက အခန်းကဏ္ဍက တာဝန်ယူ နေသူဟာ ဆရာများနဲ့ ပါမောက္ခများ ဖြစ်တယ်။
တက္ကသိုလ်ကောလိပ် ပါမောက္ခ၊ ဌာနမှူး ကြီးများရဲ့ တာဝန်တွေက သင်ကြားရေး၊ သုတေသနနဲ့ ထပ်ဆင့်တီထွင်မှုတွေကို ပို၍ ဦးစားပေးလုပ်လာကြရတယ်။ မျိုးဆက်သစ်လူငယ်များအပေါ်မှာ ထား တဲ့စေတနာဟာ အလုပ်တစ်ခုခု ရရှိသွား စေဖို့လောက် မျှော်မှန်းချက်မဟုတ်၊ သူတို့ကို စီးပွားရေးဖွံ့ဖြိုးဖို့၊ လူမှုဘဝ သာယာဝပြောဖို့၊ နည်းပညာမြင့်မားရေးနဲ့ဝန်ဆောင်မှုကိုမြှင့်တင်ပေးရေး၊ ဒေသ အသီးသီးရဲ့ ပလက်ဖောင်းသစ်ပေါ်သို့ တင်ပို့ပေးရေး ဖြစ်တယ်။
ဒီလို ထူထောင်ခြင်းအားဖြင့် အစိုးရ ပုဂ္ဂလိက လုပ်ငန်းတွေ ထူထောင်နိုင်ဖို့ တက္ကသိုလ်တည်ရှိရာ ဒေသ၊ လူ့အဖွဲ့ အစည်းအတွက် အမှန်တကယ်လိုအပ်တဲ့ လူသားကျွမ်းကျင်မှု အရည်အသွေးတွေ ကို မွေးထုတ်ပေးကြရမှာဖြစ်တယ်။ တကယ့်ကိုမြင့်မြင့်မားမား ပညာတတ်မှ၊ ကျွမ်းကျင်မှု၊ ဖန်တီးမှုရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်များကသာ ဆက်လက် ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားဖြစ် ထွန်းမှု၊ လူ့ဘောင်ရဲ့ညီညွတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုနိုင်မှာ ဖြစ်တယ်။
လူငယ်တွေစာတတ်မှ၊ ဘက်စုံအရည် အချင်းတွေရှိမှ၊ ပညာအမြော်အမြင်ရှိမှ၊ အကျိုးအကြောင်း၊ အကောင်းအဆိုး၊ အမှန်အမှားခွဲခြားတတ်မှ၊ ဆင်ခြင်တုံ တရားရှိမှ သူတို့ရဲ့အနာဂတ်ဟာ ရှင် သန်မယ်၊၊ စိတ်ထားမြင့်မြတ်ထူးချွန် ထက်မြက်ပြီဆိုရင်တော့ သူတို့ရဲ့ အနာဂတ်ကို စိတ်အေးချမ်းသာစွာ တည်ဆောက်နိုင်မယ်။
ပညာဗဟုသုတတွေကို ဆရာ့ဝတ္တရား များအရ မျှဝေကြပါ။ အတတ်ပညာ နည်းပညာလည်းမျှဝေကြပါ။ တစ်သက် တာ သင်ယူမှုတွေကိုလည်း ဆက်လုပ် ကြပါ။ ဘွဲ့ရပြီးလည်း ဆည်းပူးမှ ကြီးပွားချမ်းသာ ပျော်ရွှင်စေမယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments