
* ကျက်သရေ ခက်ဝေလွှမ်း
တက်နေလျှမ်း လင်းအရုဏ်၊
ဆင်းသိင်္ဂီ ဝါရွှေခင်းလို့
ပိတောက်ပျို လေပြည်ညင်းတော့
သင်းပျံ့ပျံ့ထုံ၊
မြန်မာ့ပန်း မြန်မာ့ဂုဏ်
ပြည့်စုံတဲ့ သင်္ကေတ၊
မြန်မာမှန် မြန်မာစစ်သမို့
ကောင်းအမွေ ဆက်ခံချစ်
နှစ်သက်ပါကြ။
* နံ့သာရေ မွှေးမြမြ
ဆွတ်ဖျန်းကြ သိမ်မွေ့ယဉ်၊
ဟောင်းညစ်တာ မကျန်ရစ်အောင်
ပြောင်းလှစ်ကာ တစ်ဖန်သစ်ဖို့
ဖြစ်ကြစေချင်၊
မြန်မာမှု အရိုးအစဉ်
တစ်မျိုးလျှင် ချစ်ဖို့ကောင်း၊
မြန်မာ့ဟန် မြန်မာ့စိတ်
ပြည့်သိပ်လှကြောင်း။
* မုန့်အမယ် စုံပေတောင်း
သဒ္ဓါလောင်း ကျွေးမွေးသည်၊
“စတုဒိသာ” ခေါ်တွင်သ-တဲ့
လေးမျက်နှာ လမ်းဆုံခွမှာ
တွေ့ရတူညီ၊
သန့်စင်ဖို့ မေတ္တာရည်
ခေါင်းလျှော်မည် ဘိုးဘွားများ၊
ခြေသည်းလက်သည်း ညှပ်ပေးမည်
အဟောင်းပယ်သည် မြတ်စိတ်ထား၊
နှစ်သစ်ခါ ရင်မှာအေးတဲ့
ဆေးပန်းချီကား။
* သည်ချိန်ခါ ပြည်တစ်လွှား
ရေကစား ပျော်ကြမည်၊
အဟောင်းအညစ်တွေ ကင်းစေကြောင်း
ကောင်းစိတ်ရွယ်ရည်၊
ကပ်ဆိုးတွေ ပျောက်စေကြောင်း
ကောင်းနိမိတ်တည်၊
ငြိမ်းချမ်းလို့ ဝပြောစည်
တို့မြန်ပြည် မြင့်စေရေး၊
စိတ်သစ် လူသစ်နဲ့
နှစ်သစ်မှာ အားသွန်ခဲ
နွှဲကြစို့လေး . . . ။ ။
မောင်စိမ်းနောင်(လယ်ဝေး)