
တက္ကသိုလ်မြတ်သူ
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည်ကား မြန်မာ့မြေပေါ် အတူဖွား၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ မရှိအတူ၊ ရှိအတူ၊ အေးအတူပူအမျှ၊ အတူတကွ ဥမကွဲသိုက်မပျက်နေထိုင်ကြသည့် တိုင်းရင်းသား ပြည်ဆွေပြည်မျိုး၊ သွေးချင်းသားချင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး တည်းဟူသော မြန်မာအားလုံး တို့၏ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နေ့မြတ်မင်္ဂလာဖြစ်ပါသည်။
ဤဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် လွန်ခဲ့သော ၇၇ နှစ်ကာလ (၁၉၄၇ ခုနှစ်က) ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပသော ပင်လုံညီလာခံကြီးတွင် မြန်မာမြေပေါ် အတူဖွားတိုင်းရင်းသားများက နယ်ချဲ့တို့လက်အောက်မှ အတူတကွ လွတ်လပ်ရေး ယူကြမည်ဟု နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးစိတ်ဓာတ်/ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ဓာတ်ကိုယ်စီဖြင့် ဆုံးဖြတ်ကြကာ ပင်လုံ စာချုပ်ကြီး၌ လက်မှတ်ရေးထိုးခဲ့ကြသောနေ့/ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သော မြန်မာနိုင်ငံကို ပြည်ထောင်စုကြီးအဖြစ် တည်ဆောက် နိုင်ခဲ့သည့် နေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။
ပြည်ထောင်စုစိတ်ဓာတ် တိုင်းရင်းသား မြန်မာအားလုံး၏ ရင်တွင်း၌ ကိန်းအောင်းခဲ့သည်မှာ ၇၇ နှစ် ရှည်ကြာခဲ့
ဤသို့ဖြင့် အချုပ်အခြာအာဏာပိုင် ကိုယ့်မင်း ကိုယ့်ချင်း၊ ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာဖန်တီး နိုင်သည့် / တိုင်းရင်းသားပြည်သူအားလုံး သွေးစည်း ညီညွတ်မှုများဖြင့် တည်ဆောက်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကို ထူထောင်နိုင်ခဲ့ကြပေ သည်။ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်၊ အရေးကြီးလျှင် သွေးနီး၊ အရေးကြီးလျှင် သွေးစည်း၊ မိမိတို့ပြည်ထောင်စုကြီး ကို အလေးအမြတ်တန်ဖိုးထား မြတ်နိုးချစ်ခင် တွယ်တာပြီး ပြည်ထောင်စုကြီး လုံးဝပြိုကွဲမခံသော စိတ်ဓာတ်တို့ကို လွှမ်းခြုံ၍ ပြည်ထောင်စုစိတ်ဓာတ် ပွားများ စည်ပင်ခိုင်မာခဲ့သည်။ ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကြီး ခိုင်ခိုင်မာမာပေါ်ထွန်း ခဲ့ပြီး ပြည်ထောင်စုဖွား သွေးချင်းသားချင်း၊ သွေးရင်း သားချင်း တိုင်းရင်းသားမြန်မာအားလုံး၏ ရင်တွင်း၌ ကိန်းအောင်းခဲ့သည်မှာလည်း ၇၇ နှစ် ရှည်ကြာခဲ့ ပေပြီ။
နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို သိမ်းယူ စဉ်က အလောင်းဘုရားဦးအောင်ဇေယျ စုစည်းပေး ခဲ့သော တတိယမြန်မာနိုင်ငံတော် နယ်နိမိတ် အားလုံးသိမ်းပိုက်ခဲ့ပြီး မလွှဲသာလွန်း၍ လွတ်လပ် ရေး ပြန်ပေးရမည့်အချိန်တွင် နိုင်ငံကို ခုတ်ထစ်၊ ပိုင်းစိတ်ပြီး ဧရာဝတီမြစ်ဝှမ်း မြေပြန့်တစ်လျှောက် (ယနေ့တိုင်းဒေသကြီး ခုနစ်ခု)ကိုသာ ကွက်ပြီး လွတ်လပ်ရေးပေးကာ တောင်ပေါ်ဒေသ (တိုင်းရင်းသားစုံ ဒေသ)များကို ချန်လှပ်ခဲ့ပြီး အင်္ဂလိပ် တို့က ဆက်လက်အုပ်ချုပ်မည်ဟု အကွက်ချလုပ် လာခဲ့သည်။ ထိုကိစ္စကို လွတ်လပ်ရေးကြိုးပမ်းနေ သော ဗိုလ်ချုပ်အောင်ဆန်း စသည့်မြန်မာ ခေါင်းဆောင်များမသိရန် လျှို့ဝှက်ကြံစည်ခဲ့သည်။ တောင်တန်းဒေသ တိုင်းရင်းသားများကို အုပ်ချုပ် နေသော အင်္ဂလိပ်အုပ်ချုပ်ရေးအဖွဲ့များကိုမူ အင်္ဂလိပ်ဘုရင်ခံက ထိုကိစ္စကို လျှို့ဝှက်ညွှန်ကြား ခဲ့သည်။
သို့ဖြစ်၍ ပင်လုံညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ပြီး လွတ်လပ်ရေးရယူရာတွင် တိုင်းရင်းသားအားလုံးပါဝင်ရန် ကြိုးပမ်းခဲ့တော့ သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများတွင် ကရင်ဝတ်စုံ၊ ကချင်ဝတ်စုံ စသည့်တိုင်းရင်းသား ဝတ်စုံများဖြင့် ရိုက်သောဓာတ်ပုံများမှာ လွတ်လပ်ရေး ရယူရာတွင် တိုင်းရင်းသားအားလုံး ပါဝင်ရယူလိုစိတ် ရှိ၊ မရှိ သွားရောက်စနည်းနာရင်း၊ စည်းရုံးရင်း ရိုက်ခဲ့ သော ပုံများဖြစ်သည်။ ပင်လုံညီလာခံအကြိုညစာစားပွဲတွင် ဗိုလ်ချုပ်က “ယခုမိမိ ပင်လုံသို့လာခဲ့ခြင်း မှာ ၁၉၄၇ ခုနှစ်ကုန် (၁၉၄၈ ခုနှစ်ဆန်း)တွင် မိမိတို့ လွတ်လပ်ရေးယူတော့မည်ဖြစ်၍ တိုင်းရင်းသား များက လွတ်လပ်ရေးကို မိမိတို့နှင့်အတူ ယူလိုသည်၊ မယူလိုသည် သဘောကို သိလို၍ လာရောက်ခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများက လွတ်လပ်ရေး မယူလိုလျှင်လည်း မယူဘဲနေစေပြီး ယူလိုလျှင် လည်း အတူတူယူရန်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မိမိတို့နှင့်အတူ လွတ်လပ်ရေး အတူယူရမည်ဟု အတင်းအကျပ်မပြောလိုသကဲ့သို့ လွတ်လပ်ရေး ယူလိုခြင်းကို မယူနဲ့ဟု တားရန်မဟုတ်၊ တိုင်းရင်းသား များ ပင်ကိုစိတ်၊ သဘောထားဆန္ဒအရ ဆုံးဖြတ်သည် ကိုကြားလိုပါကြောင်း၊ လွတ်လပ် ရေးအတူယူမည်ဟု ဆုံးဖြတ်လျှင် တိုင်းရင်းသားလူမျိုးများအတွက် အခွင့်အရေးများရရှိရန်၊ အကာအကွယ် ပေးသင့် သည်ကို ပေးရန်အတွက် ဥပဒေများပြုထားလို ကြောင်း၊ လွတ်လပ်ရေးကို ယခု မယူကြသေး၊ နောင်မှ ယူမည်ဆိုလျှင်လည်း သဘောအတိုင်းပင် ဖြစ်ကြောင်း၊ မိမိတို့လွတ်လပ်ရေးရအောင် နှစ်ပေါင်း ၅၀ ကျော် ၆၀ ကြိုးစားခဲ့ရကြောင်း၊ နောင်မှ လွတ်လပ်ရေးယူကြမည်ဆိုလျှင် မည်မျှကြာအောင် ကြိုးပမ်းကြရမည်ကို တွက်ဆကြည့်ကြစေလို ကြောင်း” ပြောကြားသည်။
ပင်လုံစာချုပ်ကြီးဖြင့် လွတ်လပ်သော ပြည်ထောင်စုကြီး ပေါ်ထွန်းစေခဲ့
ပင်လုံညီလာခံတွင် အင်္ဂလိပ်အရာရှိကြီးများက ဗိုလ်ချုပ်တို့နှင့် လွတ်လပ်ရေးအတူယူလျှင် မွဲကြ၊ ငတ်ကြမည်၊ ဗိုလ်ချုပ်တို့တွင် ပိုက်ဆံမရှိ၊ အင်္ဂလိပ် တို့နှင့် ဆက်နေပြီး ဒိုမီနီယံ လွတ်လပ်ရေးယူထား နှင့်ပါ။ ယခုပင်လျှင် စော်ဘွားတိုင်းအား ငွေသိန်း သန်းချီထောက်ပံ့ထားမည်။ နောင်လွတ်လပ်ရေးယူ လျှင် မိမိတို့သီးခြားလွတ်လပ်သော နိုင်ငံများအတွက် ပြည်မနှင့် ဆက်သွယ်ရန် ရထားလမ်း၊ လေကြောင်း လိုင်းများဖောက်ပေးမည်ဟု သွေးဆောင်ရာ စော်ဘွားအချို့ တွေဝေသွားခဲ့သည်။ ညီလာခံတက် သော ရှမ်းပြည်သူ့ကိုယ်စားလှယ်များ၊ အမြော်အမြင် ကြီးမားသော စော်ဘွားကြီး စဝ်ခွန်ပန်းစိန်၊ စဝ်စံထွန်းတို့က ညီလာခံတွင် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့၍ သာ ၁၂-၂-၁၉၄၇ ရက်နေ့ ပင်လုံစာချုပ်ကြီး၌ အားလုံး လက်မှတ်ရေးထိုးဖြစ်ခဲ့ခြင်း ဖြစ်သည်။ ရှမ်းပြည်သူ သိန်းသောင်းချီ၍ ပင်လုံညီလာခံရှိရာ ချီတက်ပြီး ကြွေးကြော်ဆန္ဒပြသံများကလည်း ပင်လုံညီလာခံအား လူထုအားဖြင့် တိုက်တွန်းသလို ဖြစ်ခဲ့သည်။ ထို့ကြောင့် ပင်လုံညီလာခံ၊ ပင်လုံ စိတ်ဓာတ်၊ ပင်လုံစာချုပ်ကြီးဖြင့် လွတ်လပ်သော ပြည်ထောင်စုကြီး ပေါ်ထွန်းစေခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးဟူသည် မြန်မာတို့မူလကပင် ပိုင်ဆိုင်ထားသော၊ မွေးရာပါ ပိုင်ခွင့်ဆိုင်ခွင့်ရှိသော မိမိတို့ ကံကြမ္မာ မိမိတို့ကိုယ်တိုင် အကောင်းဆုံး ဖန်တီးခွင့် (The Right of Self determination) ၊ မြန်မာပိုင် အချုပ်အခြာအာဏာရပ်ကြီးကို နယ်ချဲ့ တို့လက်မှ မြန်မာတို့က ပြန်လည်ရယူခြင်းဖြစ်ပါ သည်။ အချုပ်အခြာအာဏာရပ်ကြီးဟူသည် အတိုင်း အဆမရှိ ကြီးမားကျယ်ပြန့်သော တန်ခိုးအာဏာ ရပ်ကြီး ဖြစ်လေသည်။
အချုပ်အခြာအာဏာရပ်တွင် ခက်မသုံးဖြာပါဝင် သော(၁) နိုင်ငံနှင့် လူမျိုး၊ ပြည်သူအားလုံးအတွက် အကောင်းဆုံးဥပဒေများ လွတ်လပ်စွာပြဋ္ဌာန်းခွင့်၊ (၂) မိမိတို့နိုင်ငံ ငြိမ်းချမ်း၊ တည်ငြိမ် သာယာဝ ပြောရေးအတွက် မိမိတို့(ကိုယ်စားလှယ်များ)ကိုယ်တိုင်နိုင်ငံကို စီမံအုပ်ချုပ်ခွင့်၊ (၃) နိုင်ငံ အကျိုးပြု ဥပဒေများကိုသော်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ဆန့်ကျင် ချိုးဖောက်သူများကို ဥပဒေနှင့်အညီ အရေးယူ စစ်ဆေး၍ အပြစ်ရှိသူများကို မှတ်သားလောက်၊ နောင် ဆင်ခြင်ဟန့်တားနိုင်လောက်သော ပြစ်ဒဏ် များချမှတ်နိုင်သည့် တရားစီရင်ရေးအာဏာများကို ပေါင်းရုံးထားခြင်းဖြစ်သည်။
အချုပ်အခြာအာဏာ ပျံ့နှံ့တည်ရာမြေ
အချုပ်အခြာအာဏာသည် နိုင်ငံသားပြည်သူ များထံမှ ဆင်းသက်၍ နိုင်ငံပိုင်နက်နယ်မြေ ပျံ့နှံ့ တည်ရှိနေရမည်။ ထို့ကြောင့် လွတ်လပ်ရေးရသည် နှင့် တရားဝင်နိုင်ငံသားအားလုံးသည် အထက်ပါ အချုပ်အခြာအာဏာရပ်ကြီးကို ပိုင်ဆိုင်ကြရပေ သည်။ လွတ်လပ်သောနိုင်ငံပိုင်နက် နယ်မြေတစ်ခွင် လုံးသည် ပြည်သူတို့မှ ဆင်းသက်သော အချုပ်အခြာ အာဏာ ပျံ့နှံ့တည်ရာမြေဖြစ်သည်။
လွတ်လပ်ရေးအချိန်မီရယူရန် လွတ်လပ်သော နိုင်ငံတော်တွင် အချုပ်အခြာအာဏာရပ်ကြီးကို မည်သို့၊ မည်မျှ၊ မည်သူ၊ မည်ဝါ၊ မည်သည့်အစုအဖွဲ့ များက ဘယ်ပုံ၊ ဘယ်နည်း ကျင့်သုံးရမည်၊ ထိုသို့ မပြုလုပ်ရ၊ ဤသို့သာ ပြုလုပ်ကျင့်သုံးရမည်၊ နိုင်ငံသား တို့၏ မူလအခွင့်အရေးနှင့် တာဝန်ဟူသည် မည်သည် တို့ဖြစ်သည် စသည့် စည်းမျဉ်း၊ စည်းကမ်းများကို အခိုင်မာဆုံး အမြင့်ဆုံးဥပဒေအဖြစ် ပြဋ္ဌာန်းရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတို့ဆန္ဒ သဘောထားနှင့် ကိုက်ညီအောင် ရေးဆွဲပြဋ္ဌာန်း ထားရမြဲဖြစ်ပေသည်။
ဤသို့ဖြင့် ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဥပဒေ ရေးဆွဲရေးအဖွဲ့ဝင် ၁၁၁ ဦးပါအဖွဲ့ကို တိုင်းပြည်ပြု လွှတ်တော်က အတည်ပြုပေးခဲ့သည်။ ပြည်နယ် ရေးရာ အခြေခံဥပဒေအဖွဲ့ငယ်တွင် ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက် ဦးဆောင်သော စော်ဘွား များက လွတ်လပ်ရေးရပြီးလျှင် တိုင်းရင်းသား ပြည်နယ်များ ပြည်ထောင်စုမှ ခွဲထွက်နိုင်သည်ဆို သော အခြေခံမူ (ပုဒ်မ)များပါရမည်။ မပါရှိလျှင် မိမိတို့စော်ဘွားများ အခြေခံ ဥပဒေရေးဆွဲရေးတွင် လုံးဝမပါနိုင်တော့ပါဟု ၁၆-၇-၁၉၄၇ ရက်နေ့ အစည်းအဝေးတွင် တင်ပြအကျပ်ကိုင်ကာ အစည်း အဝေးမှတ်တမ်းတွင် ရေးမှတ်စေခဲ့ကြသည်။
၁၇-၇-၁၉၄၇ ရက်နေ့တွင် ၎င်းအဖွဲ့ငယ်မှ မှတ်တမ်းတင်ရေးသားသူ ဥပဒေပညာရှင် ဦးမြင့်သိန်း(နောင် တရားရေးဝန်ကြီး) အား ဗိုလ်ချုပ် အောင်ဆန်းက တွေ့ဆုံကာ ၂၀-၇-၁၉၄၇ ရက်နေ့ အစည်းအဝေးတွင် ၁၆-၇-၁၉၄၇ ရက်နေ့ အစည်း အဝေးမှတ်တမ်းကို အတည်ပြုကြတော့မည်။ ထိုသို့ အတည်ပြုရာ၌ “ခွဲထွက်ခွင့်”နှင့် ပတ်သက်သော မှတ်တမ်းအားလုံးကို ဖယ်ထုတ်(ပယ်ဖျက်)ပြီးမှ အတည်ပြုရန် မိမိမှာကြောင်း ပြောပြပါဟု မှာသည်။ ၁၉-၇-၁၉၄၇ ရက်နေ့တွင် ဗိုလ်ချုပ်တို့ လုပ်ကြံ ခံရသည်။ ၂၀-၇-၁၉၄၇ ရက်နေ့အစည်းအဝေးတွင် ဦးမြင့်သိန်းက ဗိုလ်ချုပ်မှာသည့်အတိုင်း အစည်း အဝေးမှတ်တမ်းမှ ခွဲထွက်ခွင့်ပြုသည် ဆိုသော စာပိုဒ်ကိုဖျက်ပြီး အတည်ပြုရန် ဗိုလ်ချုပ်က မှာကြောင်း တင်ပြရာ စဝ်ရွှေသိုက်က ဗိုလ်ချုပ် မသေခင်ကတောင် မကန့်ကွက်ဘဲနဲ့ ဗိုလ်ချုပ်သေမှ ခင်ဗျားကြီးက ဖျက်ခိုင်းမနေနဲ့ မရဘူးဟု ပြောကာ အတင်းအတည်ပြုခဲ့သောကြောင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေပုဒ်မ ၂၀၀၊ ၂၀၁၊၂၀၂၊၂၀၃၊၂၀၄၊၂၀၅၊ ၂၀၆ တို့တွင် ခွဲထွက်ခွင့်ပေးကြောင်း ပုဒ်မများ ပါသွားခဲ့သည်။
ထိုကိစ္စကို တပ်မတော်အစိုးရ(နဝတ) လက်ထက် ဗိုလ်ချုပ်မှူးကြီးစောမောင်က မိမိတို့တွင် သက်သေခံ မှတ်တမ်းများရရှိလေပြီဖြစ်ကြောင်း၊ စဝ်ရွှေသိုက် တို့က ဇွတ်အတင်းအဓမ္မ ခွဲထွက်ခွင့် ပုဒ်မများပါ အောင် ထည့်သွင်းစေခြင်းသာဖြစ်ကြောင်း မိန့်ခွန်း တစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်သည် နယ်ချဲ့နိုင်ငံများအုပ်စုကို ဦးဆောင်ကာ အရင်းရှင်(နယ်ချဲ့) နိုင်ငံများဝါဒကို ဆန့်ကျင်နေသော ဆိုရှယ်လစ်(လက်ဝဲ)နိုင်ငံများကို လိုက်လံဖြိုခွဲခဲ့ရာ ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ့ ဥရောပဆိုရှယ်လစ်ရှစ်နိုင်ငံ ပြိုကျသွားခဲ့သည်။ ယခုကွန်မြူနစ်အုပ်စိုးသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံက ဆိုရှယ်လစ်ဈေးကွက်တံခါးဖွင့်စနစ်ဖြင့် တစ်သွေးတစ်သံကြိုးပမ်းခဲ့ရာ ပြည်သူတို့ကပါ တက်ကြွစွာ အတူပါဝင်ဆောင်ရွက်ကြသဖြင့် ကမ္ဘာ တွင် အမေရိကန်နှင့် ပခုံးချင်းယှဉ်နိုင်အောင် ချမ်းသာတိုးတက်လာခဲ့သည်။ ထို့ကြောင့် တရုတ် ကို ဖြိုဖျက်ရေးသည် ယနေ့အမေရိကန်တို့၏ စိတ္တဇ ရောဂါဖြစ်နေပေသည်။ အမေရိကန်သည် ကမ္ဘာအနှံ့ စစ်စခန်းပေါင်း ၈၀၀ ကျော် ၉၀၀ ချထားပြီး ကမ္ဘာကို အချိန်မရွေး ကျူးကျော်တိုက်ခိုက်ရန် အသင့်ဖြစ်နေ စေခဲ့သည်။ ယခုဖြိုရမည့် တရုတ်နိုင်ငံနှင့် မြေချင်း ဆက်နေသော မြန်မာနိုင်ငံတွင် သူ၏စစ်အင်အား ချထားရန် မဖြစ်မနေကြိုးစားလာခဲ့သည်။
မြန်မာနိုင်ငံကို သူတို့လက်ရောက်ရန် အရေး အခင်းအကြိမ်ကြိမ်ကြုံပါလျက် တပ်မတော်က ဝင်ပါသဖြင့် မအောင်မြင်ရသည့်အတွက် မြန်မာ့ တပ်မတော်ကို ဆန့်ကျင်ထိုးနှက်လာတော့သည်။ မြန်မာနိုင်ငံတွင်လည်း NLD ကဲ့သို့ အမေရိကန် ရုပ်သေးအစိုးရသာ ဆက်တိုက်စိုးမိုးထားနိုင်လျှင် မြန်မာ့မြေသည် အမေရိကန် စစ်တပ်၏ မြေဖြစ်လာ နိုင်သဖြင့် ထိုသို့ဖြစ်အောင် မွှေနှောက်ပွေရှုပ် နေခြင်းဖြစ်သည်။
ယနေ့မြန်မာနိုင်ငံတွင် တိုင်းရင်းသား သောင်းကျန်းသူ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ များအချင်းချင်း အာဏာလု၊ ဗိုလ်လု၊ နယ်လု တိုက်ခိုက်နေကြသဖြင့် ပြည်တွင်းသောင်းကျန်းမှု စစ်ပွဲဖြစ်လာရကာ နှစ်ပေါင်း ၇၀ ကျော် နာတာရှည် ရောဂါဆိုးတမျှ သက်ဆိုးရှည်နေခြင်းဖြစ်သည်။ ထိုအာဏာလုပွဲ၊ အချင်းချင်း တိုက်ပွဲများကို ဖန်တီး ရန်မှာလည်း သွေးခွဲ၊ သွေးထိုး အမျိုးသားရေး သစ္စာဖောက်များ မွေးမြူရန်လိုသဖြင့် နယ်ချဲ့တို့ သည် ဇောက်ချလုပ်ကိုင်လာနေခဲ့ခြင်းဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှိကြသော မြန်မာ တိုင်းရင်းသားများနှင့် မြန်မာ့တပ်မတော်၊ အမျိုးသားနိုင်ငံရေးပါတီများသည် နယ်ချဲ့အုပ်စု၏ အဓိကပစ်မှတ်များ ဖြစ်လာခဲ့သည်။ ဒေါ်လာငွေ စက္ကူထောင်ပြလျှင် ဘာလုပ်ပေးရပေးရ ကိုယ့် တိုင်းပြည်ပြန်ဖျက် ပေးရပေးရ၊ အဲဒီ ဒေါ်လာရရင် ကျေနပ်ပြီဆိုသူများကလည်း အတန်ငယ်များနေ သဖြင့် မြန်မာတို့ အထူးသတိထားပြီး မိမိတို့၏ ပြည်ထောင်စု၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာ အာဏာ၊ ကိုယ့်စည်းလုံးညီညွတ်မှု အစဉ်အလာကို ကာကွယ်ထိန်းသိမ်းကြရပါမည်။
၁၃၅ မျိုးသော မြန်မာတိုင်းရင်းသား မျိုးနွယ်များ သည် ပကတိရိုးသားကြသည်။ စင်ကြယ်ကြသည်။ ကိုယ့်အိမ်ကိုယ် ပြန်ဖျက်သလို ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်ထောင်စုပြိုကွဲမည့်အရေးကို လုံးဝ လက်မခံနိုင်ကြပေ။ ပြည်ထောင်စုပြိုကွဲအောင် ခွဲထွက်ရေးလှုပ်ရှားမှုမှန်သမျှကိုလည်း ဆန့်ကျင်ခဲ့ ကြသည်။
ယနေ့ အရေးကြီးသည်မှာ နယ်ချဲ့အုပ်စု၊ ဘာသာခွဲ၊ လူမျိုးခွဲအုပ်စုနှင့် အပေါင်းပါများ၊ ပြည်တွင်းမှ သစ္စာဖောက်လောက်ကောင်များ၊ သတင်းလိမ်၊ သတင်းတုများဖြင့် နယ်ချဲ့ကို လမ်းခင်း ပေးနေသော မီဒီယာ(ကြေးစား)သမား လူလိမ်များ ၏ သွေးခွဲ၊ သပ်လျှိုမှုများကို အသိရှိရှိ သတိရှိရှိဖြင့် ရှောင်နိုင်ကြဖို့သာ လိုပါသည်။
မြန်မာနိုင်ငံသည် ရေကောင်း၊ မြေကောင်း ပေါကြွယ်သဖြင့် လယ်ခင်း၊ ယာခင်းများတွင် သီးထပ်သီးညှပ်များ စိုက်ပျိုးဖြစ်ထွန်းနေသကဲ့သို့ သဘာဝသယံဇာတမျိုးစုံတို့လည်း အထူးကြွယ်ဝ ပါသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့တို့လည်း ကြွယ်ဝ သကဲ့သို့ အဖိုးတန်သစ်တောကြီးများလည်း ပြည့်စုံ ကြွယ်ဝလျက်ရှိပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးကို မြန်မာအစိုးရအဆက်ဆက် ကြိုးစားခဲ့ကြသည်။ နဝတ၊ နယကလက်ထက် တောတွင်းလက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့၊ အဖွဲ့ငယ်အဖွဲ့စုံ ၂၀ ကျော် ငြိမ်းချမ်းရေး ရယူခဲ့သဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရခဲ့သည်။ ငြိမ်းချမ်းသော ကာလဒေသများတွင် ဖွံ့ဖြိုးရေး အတွက် စီးပွားရေးအခြေခံ အဆောက်အအုံများဖြစ် သည့် လမ်း၊ တံတား၊ ရထားလမ်း၊ လေယာဉ်လမ်း၊ စာသင်ကျောင်းအဆင့်ဆင့်၊ ကောလိပ်၊ သိပ္ပံ၊ တက္ကသိုလ်များ၊ စက်မှုဇုန်များ၊ စက်မှုလယ်ယာမြှင့် တင်မှုများ၊ မြို့ပြများ၌ တိုက်တာအဆောက်အအုံသစ် များ၊ ဆေးရုံဆေးခန်းများ အဆပေါင်းများစွာ တိုးတက်ဖြစ်ထွန်းခဲ့ပြီဖြစ်သည်။
ယနေ့မြန်မာနိုင်ငံက တံခါးဖွင့်ပေးထားသည်မှာ စီးပွားရေးဈေးကွက်၊ ပါတီစုံဒီမိုကရေစီ တံခါးများ ဖြစ်ပါသည်။ ထိုတံခါးဖွင့်ပေးသည်ကို တလွဲသုံးပြီး ခိုးဝင်၊ မှောင်ခိုဝင် အရေအမျိုးမျိုး ခြုံဝင်လာသော ပြည်ပနယ်ချဲ့သူလျှိုထောက်လှမ်းခြေရှုပ်ရေးအဖွဲ့များက ဒေါ်လာပုံအောပြီး သွေးခွဲ၊ သွေးထိုး၊ သွေးဆောင်သမျှ ယုံကြည်လက်ခံသူအချို့ကြောင့် သာ နေရာများစွာ၌ အကြမ်းဖက်နေကြခြင်းဖြစ် သည်။ တိုင်းရင်းသားစုံ မြန်မာပြည်ထောင်စုသား အားလုံး နိုးကြားတက်ကြွလာပြီး အစဉ်အလာ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ ပြည်တွင်းမျိုးချစ် စိတ်ဓာတ် စည်းလုံးညီညွတ်မှုဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်ထောင်စု၊ ကိုယ့်ပြည်ထောင်စု ဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တညီ တညွတ်တည်း ရန်ပုံခွင်းပြီး နိုင်ငံ့စီးပွားရေးကို ပင့်တင်ချိန်တန်ပေပြီ။
ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးသမျှ အသီး အပွင့်ကို ခံစားစံစားရမည့်သူများမှာ ပြည်ထောင်စု သား မြန်မာများပင်ဖြစ်၍ ပြည်ထောင်စုနေ့ အဓိဋ္ဌာန်အဖြစ် ပြည်ထောင်စုကြီး ကြံ့ခိုင်ကျန်းမာ ချမ်းသာရေးကို ဝိုင်းဝန်းကြိုးပမ်းကြရန် သန္နိဋ္ဌာန်ချ ကြပါစို့။ ဤမြန်မာပြည်ထောင်စုသည် မြန်မာပြည် ထောင်စုသားတို့၏ နေအိမ်သီရိဂေဟာသာဖြစ်၍ မြန်မာပြည်ထောင်စုသားများသာ ကျန်းမာ ချမ်းသာစွာ ပျော်ပျော်ရွှင်ရွှင် စုစုစည်းစည်း နေထိုင် သွားနိုင်အောင်၊ မိမိတို့ပြည်ထောင်စု မိမိတို့ အိမ်ဂေဟာ မယိုင်မလဲဘဲ ခိုင်မြဲအောင် ကာကွယ် စောင့်ရှောက် သွားကြပါစို့။
ပြည်ထောင်စုကြီး ကျန်းမာကြံ့ခိုင်ပါစေ။
ပြည်ထောင်စုသားအားလုံး ငြိမ်းအေးချမ်းသာ ကျန်းမာကြပါစေ။ ။
- Log in to post comments