
နေပြည်တော် ဖေဖော်ဝါရီ ၁၀
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမည်စာလုံးစာသား သရုပ်ဖော်နှင့် ဘင်ခရာအဖွဲ့တို့ဖြင့် ပါဝင်ဆင်နွှဲကြမည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ဖွဲ့ခွဲ၍ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက်လေ့လာမှုနှင့် အတူ မြန်မာ့ရုပ်မြင်သံကြား၏ ဖျော်ဖြေတင်ဆက်မှု များ၌ ပါဝင်သီဆိုကခုန်ပြီး အပန်းဖြေကြသည်။
ရှေးဦးစွာ လေ့လာရေးအဖွဲ့ဝင်များသည် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် အသုံး ပြုခဲ့သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ ရုပ်သံထုတ်လွှင့်မှု စက်ပစ္စည်း များ၊ ဓာတ်ပြားနှင့် တိပ်ကြိုးခွေများ၊ သတင်းစတူဒီယို ခန်းများ၊ တူရိယာပစ္စည်းများနှင့် အခြားအသုံး အဆောင်ပစ္စည်းများ စုစုပေါင်း ပြခန်း ၄၀ ဖြင့် ခင်းကျင်းပြသထားမှုများကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြသကြသည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ လေ့လာရေးအဖွဲ့ဝင်များအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆင်နွှဲကြ မည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်းနှင့် ယခုကဲ့သို့ လာရောက်လေ့လာ ကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ လေ့လာခွင့်ရအောင် စနစ်တကျ စီမံထားရှိပါ ကြောင်းနှင့် ဖျော်ဖြေတင်ဆက်မှုများဖြင့် အပန်းပြေ အောင် ကြိုးစားတင်ဆက်သွားမည်ဖြစ်ကြောင်း နှုတ်ခွန်းဆက် ပြောကြားသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်တာဆောင်ရွက်မှု မှတ်တိုင်” Video Clip ကို ဂုဏ်ပြုပြသခြင်း၊ MRTV ဝန်ထမ်းအဆိုရှင်များက သီဆိုဖျော်ဖြေခြင်း၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက “အဉ္ဇလီ အငြိမ့်အဖွဲ့” ဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ရာ လာရောက်လေ့လာကြသည့် ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးကြ သည့်အပြင် အတူပါဝင်သီဆို ကခုန်ကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့များသည် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ နှစ်ဖွဲ့ ခွဲ၍ လာရောက်လေ့လာကြရာ မနက်ပိုင်းတွင် အ.ထ.က (၂) ပျဉ်းမနား၊ အ.ထ.က (၅/၆/၇/၈/၉) နေပြည်တော်နှင့် မွန်းလွဲပိုင်းတွင် အ.လ.က(၃)၊ အ.ထ.က(၄/၅) ပျဉ်းမနားနှင့် အ.ထ.က (၁၀/၁၁/ ၁၄/၂၂) နေပြည်တော် တို့ မှ ကျောင်းသား ကျောင်းသူ များ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ စုစုပေါင်းအင်အား ၁၂၄၀ တို့က ကိုဗစ်-၁၉ ကာကွယ် ရေး စည်းကမ်းများနှင့်အညီ စနစ်တကျဖြင့် ကြည့်ရှု လေ့လာခြင်းနှင့် ကြည့်ရှုအားပေးခြင်းများ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်