
မျိုးငြိမ်းငယ်
တစ် နှစ်နှင့် တစ်နှစ်သည် ကြာသည်မထင်လိုက်ရ။ ယခင်နှစ်မှ အဖြစ်အပျက်တို့ ပြက်ပြက်ထင်ထင် ရှိနေဆဲမှာပင် တစ်နှစ်ကူးပြောင်းသွားပြန်လေပြီ။ အချိန်တို့က မြန်နေသည်တော့ မဖြစ်နိုင်။ ကိုယ့်စိတ် အလျဉ်ကပဲ မြန်နေခြင်းလား၊ အဖြစ်အပျက်တို့ကပဲ မြန်နေခြင်းလား မသဲကွဲ။ ထို့ကြောင့်ပင် အချို့အဖြစ် အပျက်များအား မနေ့တစ်နေ့ကကဲ့သို့ပင် မြင်နေဆဲ၊ ထင်နေဆဲပင်။ လွတ်လပ်ရေးနေ့ကိုကြည့်.. ယခုဆို စိန်ရတုသို့ပင် ရောက်ချေပြီ။ နည်းနည်းနောနောနှစ် မဟုတ်။ ၇၅ နှစ်ပြည့်။ လွန်ခဲ့သည့် ၇၅ နှစ်က နယ်ချဲ့တို့ လက်အောက်မှ လွတ်မြောက်ခဲ့သည့်နေ့။ မြန်မာပြည်သူအားလုံးအတွက် ကြီးကျယ်ခမ်းနား သည့် နေ့တစ်နေ့ဖြစ်သည်။
ပြန်တွေးကြည့်လျှင် ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်၍ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သည့် မြန်မာနိုင်ငံ။ အရင်းရှင်စနစ်၊ နယ်ချဲ့ကိုလိုနီစနစ်၊ သိမ်းပိုက်ခံနိုင်ငံများနှင့် ပြည်သူလူထု၊ လူကိုလူချင်း ကုပ်သွေးစုပ်မှု၊ နယ်ချဲ့တော်လှန်ရေးများနှင့် နောက်ဆုံးတွင် ကမ္ဘာစစ်ကြီး နှစ်ကြိမ်.. စသည့် ဖြစ်စဉ်တို့ကို ကျိုးကြောင်းဆက်စပ်စွာ တွေ့မြင်ရ သည်။
လူကိုလူချင်း အမြတ်ထုတ်သွေးစုပ်ခဲ့ကြသည့် သမိုင်းဖြစ်စဉ်များမှာ နှစ်ပေါင်းများစွာကြာမြင့် နေသည့်တိုင် မေ့ပျောက်ရန် ခက်ခဲလှပါသည်။ ထိုလူ့သမိုင်းဖြစ်စဉ်များထဲတွင် မြန်မာနိုင်ငံသည် လည်း နယ်ချဲ့တို့၏ ကျူးကျော်သိမ်းပိုက်မှုကို ခံစားခဲ့ရသည်။ ယင်း၏အကျိုးဆက်သည် ပြည်သူ လူထုအပေါ် များစွာအကျိုး သက်ရောက်စေခဲ့ပါသည်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာ ကျော်ဖြင့် စုစည်းနေထိုင်ကြသည့် မြန်မာနိုင်ငံ အတွက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုသည် သက်ရောက်မှုကြီးမားစွာ ဖြစ်ပေါ်စေခဲ့ပါသည်။
နယ်ချဲ့တို့၏သွေးခွဲအုပ်ချုပ်မှု
နယ်ချဲ့အင်္ဂလိပ်တို့သည် ကမ္ဘာတွင် နေမဝင် အင်ပါယာကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ် တို့သည် ၎င်းတို့၏ အာဏာနှင့် နယ်မြေများကို လွယ်ကူစွာ ထိန်းသိမ်းနိုင်ရန်နှင့် ၎င်းတို့၏အကျိုး စီးပွားများအတွက်၊ အစွမ်းကုန် အမြတ်ထုတ်ယူရန် အတွက် သွေးခွဲအုပ်ချုပ်ရေးမူဝါဒကို တွင်တွင် ကျယ်ကျယ် အသုံးပြုခဲ့ကြပါသည်။
သွေးခွဲမှုနှင့် အောင်နိုင်မှုမဟာဗျူဟာ (Divide and Conqure) ဟုခေါ်ဆိုသည့် သွေးခွဲအုပ်ချုပ်မှုမူဝါဒ (Divide and Rule) သည် နယ်ချဲ့ဗြိတိသျှတို့က ၎င်းတို့၏ ကိုလိုနီနယ်များအပေါ် လက်ကိုင်တုတ် အဖြစ်အသုံးပြုခဲ့သော မူဝါဒတစ်ခုဖြစ်ပါသည်။ နယ်ချဲ့တို့သည် မြန်မာနိုင်ငံတွင်သာမက အိန္ဒိယ နိုင်ငံနှင့် အခြားကိုလိုနီနယ်မြေများတွင်လည်း အလားတူ အသုံးပြုခဲ့ကြသည်။ ရည်ရွယ်ချက်မှာ ၎င်းတို့၏ အာဏာနှင့် ထိန်းချုပ်မှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်ရန်ပင်ဖြစ်သည်။
သို့ဖြစ်ရာ နယ်ချဲ့တို့သည် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ အုပ်ချုပ်နိုင်ရန်အတွက် နိုင်ငံကို စတင်သိမ်းပိုက်ကတည်းကပင် မတူညီသော နယ်မြေများ၊ လူမျိုးစုများ၊ ဘာသာရေးများအကြား ခွဲခြားအုပ်ချုပ်မှုများကို စနစ်တကျ ဖန်တီးပေးခဲ့ကြ သည်။ မြန်မာနိုင်ငံအား နယ်ချဲ့တို့ သိမ်းပိုက်ပြီး နောက် သဘာဝရင်းမြစ်များနှင့် လုပ်အားကို ခေါင်းပုံဖြတ် အမြတ်ထုတ်၍ စီးပွားရေးကို ထိန်းချုပ် ခဲ့ကြသည်။ နိုင်ငံအတွင်းရှိ ဝေးလံခေါင်ဖျားသည့် ဒေသများတွင် ဘာသာရေးမစ်ရှင်များ စေလွှတ်၍ ဘာသာရေးအရ လွှမ်းမိုးမှုများနှင့် ခွဲခြားမှုများ ပြုလုပ်ခဲ့ ကြသည်။ မြန်မာနိုင်ငံအား အုပ်ချုပ်ရာတွင် တစ်နိုင်ငံလုံးကို တစ်ပြေးညီ အုပ်ချုပ်ခြင်းမပြုဘဲ မြေပြန့်ဒေသ၊ တောင်ပေါ်ဒေသ၊ နယ်ခြားဒေသများ အဖြစ် ခွဲခြားအုပ်ချုပ်ခဲ့သည်။
ထိုသို့အုပ်ချုပ်ရာတွင် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားတို့၏ မျိုးချစ်စိတ်နှင့် နယ်ချဲ့ဆန့်ကျင် လိုစိတ်ကို ဖြိုခွဲလိုခြင်း၊ နိုင်ငံရေးအင်အားစုများအား အစိတ်စိတ်အမြွှာမြွှာဖြစ်စေလိုခြင်း၊ ၎င်းတို့အကျိုး အမြတ်အတွက် ဒေသခံများ၏ တွေးခေါ်မှုနှင့် ယုံကြည်မှုကို ထိန်းချုပ်လိုခြင်း၊ အုပ်စုတစ်ခုကို အခြားအုပ်စု တစ်ခုထက် ပိုမိုဦးစားပေးဆက်ဆံခြင်း ဖြင့် အုပ်စုများကြားတွင် မနာလိုမှုနှင့် နာကြည်းမှုများ ဖြစ်ပေါ်စေခြင်း၊ ဒေသတစ်ခုနှင့်တစ်ခုအကြား မညီမျှ သောတိုးတက်မှုကြောင့် မတည်ငြိမ်မှုနှင့် ပဋိပက္ခ များ ဖြစ်ပွားစေခြင်း၊ ပညာရေးစနစ်ကို ထိန်းချုပ်ခြင်း ဖြင့် လူထုအကြား ပညာတတ်မြောက်မှုမညီမျှစေခြင်း စသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ သွေးခွဲခဲ့ ကြသည်။ နောက်ဆုံး မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးသည့်အချိန်အထိ မြှောက်ပင့်ပေးခြင်း၊ သွေးခွဲခြင်း၊ သပ်လျှိူခြင်းနည်းလမ်းများဖြင့် နိုင်ငံပြိုကွဲပျက်စီး စေရန် လုပ်ဆောင်ခဲ့ကြသည်။
အကျိုးဆက်များ
နယ်ချဲ့တို့၏ စနစ်တကျ သွေးခွဲအုပ်ချုပ်မှုကြောင့် ကိုလိုနီနိုင်ငံများမှာ အများအားဖြင့် သွေးကွဲခြင်း၊ ခွဲထွက်သွားခြင်း၊ ပျက်စီးသွားခြင်းများ ဖြစ်ခဲ့ကြ သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်း နိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ တင်သွင်းခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံအတွင်း လူမျိုးရေးအဓိကရုဏ်း များ၊ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ပဋိပက္ခများ ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
အထူးသဖြင့် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား များကို နိုင်ငံရေးအရ သွေးခွဲအုပ်ချုပ်ခြင်းနှင့် နယ်မြေပိုင်းခြား အုပ်ချုပ်ခြင်းတို့သည် နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေခဲ့ပါသည်။ နယ်ချဲ့ တို့၏ သွေးခွဲအုပ်ချုပ်သည့် မူဝါဒကြောင့် အချို့ ကိုလိုနီနိုင်ငံများသည် လွတ်လပ်ရေးရရှိပြီးနောက် ခွဲထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။ နယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်ခဲ့မှုသည် လွတ်လပ်ရေးရပြီး ဆယ်စုနှစ်ပေါင်း များစွာကြာသည့်တိုင် အမြစ်မပြတ်နိုင်ဘဲ ရှိနေဆဲ ဖြစ်ပါသည်။
လွတ်လပ်ရေး သစ္စာအဓိဋ္ဌာန်
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် နယ်ချဲ့တို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ ပါသည်။ နှစ်ပေါင်း ၁၀၀ ကျော် နယ်ချဲ့တို့အုပ်ချုပ် ခဲ့မှု အဆုံးသတ်ပြီး လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင် သောနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့ ပါသည်။
လွတ်လပ်ရေး ရသည့်နေ့တွင်ပင် လွတ်လပ်ရေး မော်ကွန်းကျောက်တိုင်ကို အုတ်မြစ်ချခဲ့သည်။ မော်ကွန်းကျောက်တိုင်တွင် လွတ်လပ်ရေးသစ္စာ အဓိဋ္ဌာန် ကိုးချက်ကို ရေးထိုးထားသည်။
ယင်း သစ္စာ အဓိဋ္ဌာန် ကိုးချက် အနက် နံပါတ် ၄ တွင် “ငါတို့သည် ဤနေ့ ဤ အချိန်မှစ၍ ငါတို့ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လ ဥဿာဟဖြင့် ရရှိပြီးသောအမျိုးသား ညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်” ဟု လည်းကောင်း၊ နံပါတ် ၉ တွင် “လုံးဝ လွတ်လပ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေး တာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေး နောင်လာ အဆက်ဆက်တို့အပေါ်၌ တည်စေမည်” ဟုလည်းကောင်း ရေးထိုးထားပါ၏။ လွတ်လပ်ရေး၏ အနှစ်သာရများအနက်မှ အချို့ဖြစ်ပါသည်။
အလားတူပင် လွတ်လပ်ရေးကြေညာစာတမ်းတွင်လည်း လွတ်လပ်ရေး၏ အနှစ်သာရများကို ဖော်ပြထားပါသည်။ လွတ်လပ် ရေးအတွက် သန္နိဋ္ဌာန်ပြုခဲ့ကြသော သစ္စာအဓိဋ္ဌာန် ကိုးချက်၊ လွတ်လပ်ရေးကြေညာစာတမ်းတို့မှာ ယခုဆိုလျှင် နှစ်ပေါင်း ၇၅ နှစ်ပင် ရှိချေပြီ။
နယ်ချဲ့တို့၏မျိုးစေ့
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီမိနစ် ၂၀ တွင် တိုင်းပြုပြည်ပြုလွှတ်တော်ရှေ့၌ ကျင်းပသော မြန်မာနိုင်ငံလွတ်လပ်ရေး လွှဲပြောင်းပေးသည့် အခမ်း အနားတွင် ဗြိတိသျှယူနီယံဂျက် အလံအားဖြုတ်ချ၍ မြန်မာနိုင်ငံအလံကို လွှင့်ထူခဲ့သည်။ ဆက်လက်၍ လွှတ်တော် အစည်းအဝေးခန်းမအတွင်း နိုင်ငံတော် အာဏာလွှဲပြောင်းပေးသည့် အခမ်းအနား ကျင်းပ ခဲ့သည်။ ယင်းနေ့ နံနက် ၈ နာရီ မိနစ် ၂၀ တွင် အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်သည် ဘာမင်ဟန်သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ရာ မြန်မာနိုင်ငံအတွင်း နယ်ချဲ့စနစ်ကို အဆုံးသတ် နိုင်ခဲ့ပါသည်။
သို့သော် နယ်ချဲ့တို့ မြန်မာနိုင်ငံ အတွင်းမှ ထွက်ခွာသွားခဲ့သော်လည်း ၎င်းတို့ နည်းလမ်းအမျိုးမျိုးဖြင့် မျိုးစေ့ချခဲ့သည့် သွေးခွဲမှုများမှ တစ်ဆင့် ပြည်တွင်းလက်နက် ကိုင် တိုက်ခိုက်မှုများမှာ လွတ် လပ်ရေးနှင့်အတူ ပေါက်ဖွား လာခဲ့တော့သည်။ ထိုပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ သည် နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဖြေရှင်းရန် ကျန်ရှိနေဆဲ ဖြစ်သည်။ ပြည်တွင်းပဋိပက္ခများကြောင့် လွတ်လပ်ရေး၏ အနှစ်သာရများနှင့် ရည်မှန်းချက်များကို ထိခိုက် စေလျက် ရှိပါသည်။ မြန်မာနိုင်ငံကဲ့သိုပင် နယ်ချဲ့တို့လက်အောက် ကျရောက်၍ သွေးခွဲ အုပ်ချုပ်မှုကြောင့် ပြိုကွဲနေသည့် နိုင်ငံများကို ယနေ့ထက်တိုင် တွေ့မြင်နေကြရသည်။
မတူကွဲပြားမှုများဖြင့်
လူသားတိုင်းသည် တစ်ဦးနှင့်တစ်ဦး အားလုံးထပ်တူညီရန် မလွယ်ကူပါ။ တစ်အူထုံ့ဆင်း မွေးချင်းများပင် အားလုံးထပ်တူမညီ တတ်ကြပါ။ အလားတူပင် တစ်မိသားစုအတွင်းမှ ညီအစ်ကိုမောင်နှမ များပင် တစ်ဦးနှင့်တစ်ဦး ရုပ်သွင်ပြင်၊ စိတ်နေစိတ်ထား၊ အပြုအမူ၊ စရိုက်များ ကွဲပြားတတ်ကြပါသည်။ ယင်းမှာ သဘာဝပင်ဖြစ်ပါ၏။
လူ့သဘာဝအရ မတူညီတတ်သည့်သဘောကို နားလည်လက်ခံ၍ ယင်းမတူကွဲပြားမှုဖြင့် ညီညွတ်စွာ ပေါင်းစည်းခြင်း၊ လက်တွဲခြင်း၊ ယှဉ်တွဲနေထိုင်ခြင်းသည် ယနေ့လျှောက်လှမ်းနေဆဲ ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုပင် မဟုတ်ပါလား။ တိုင်းရင်းသားအားလုံးဖြင့် ပြည်ထောင်စုကြီး တည်ဆောက်ရန်ဆိုပါက မတူကွဲပြားမှုများဖြင့် စည်းလုံးမှသာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကို တည်ဆောက် နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်နေကြသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့် လွတ်လပ်ရေးကြီးကို စည်းလုံးညီညွတ်စွာ ရယူခဲ့သည့်နည်းတူ မိမိတို့နိုင်ငံအား နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်စေရန်ဆိုပါက ညီညွတ်စွာ တည်ဆောက်ကြရမည် ဖြစ်ပါသည်။
အထူးသဖြင့် ကမ္ဘာတွင် မရေရာမသေချာမှုများ မြင့်တက်နေခြင်း၊ နိုင်ငံရေး၊ စီးပွားရေး စိန်ခေါ်မှုများရှိနေခြင်း၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများရှိနေခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များ တိုးမြင့်လာနေခြင်း စသည့် ကမ္ဘာ့ရေးရာများသည် မိမိတို့နိုင်ငံသို့လည်း အကျိုးသက်ရောက်လျက်ရှိသည်။ ထိုသို့သော အချိန်တွင် အရေးကြီးက သွေးနီးသည့်စကားနှင့်အညီ တိုင်းရင်းသား အားလုံး သွေးနီးကြရန် ကြိုးစားကြရမည်ဖြစ်သည်။
တိုင်းရင်းသားများအကြား မတူကွဲပြားခြင်းသည် ဆန့်ကျင်ဘက် ဖြစ်ခြင်းဟု ဆိုလိုသည်မဟုတ်ပါ။ မတူကွဲပြားမှုသည် လွတ်လပ်စွာ အတူတကွတွေးခေါ်ခြင်း အနုပညာဟု အမေရိကန်စွန့်ဦးတီထွင်သူ လည်းဖြစ်၊ Forbes မဂ္ဂဇင်းထုတ်ဝေသူလည်းဖြစ်သူ Malcolm Forbes က ဆိုပါသည်။ သို့ဖြစ်ရာ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ရုပ်သွင်ပြင်လက္ခဏာ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ လူမှုရေး၊ ကိုးကွယ်ယုံကြည်မှု၊ နိုင်ငံရေး၊ အတွေးအခေါ်နှင့် သို့မဟုတ် စိတ်ပိုင်း ဆိုင်ရာ မတူကွဲပြားမှုများကို နားလည်လက်ခံထားခြင်းဖြင့် လူ့အဖွဲ့ အစည်းအတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်ဆံမှုကို တိုးတက်ကောင်းမွန်စေပြီး ပိုမိုညီညွတ်မှုကို ရရှိစေပါမည်။
ညီညွတ်ရေး
သမိုင်းတစ်လျှောက် လွတ်လပ်သောနိုင်ငံအဖြစ်မှ နယ်ချဲ့ လက်အောက် ကျရောက်ပြီးနောက် လွတ်လပ်ရေး၏ အနှစ်သာရကို တမ်းတခဲ့ကြပါသည်။ ပေးဆပ်မှုအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြပါသည်။ အစားထိုးမရသည့် ဆုံးရှုံးမှုများ ကြီးမားခဲ့ကြသည်။
ယနေ့ထက်တိုင်လည်း ကိုလိုနီစနစ်၏ ဒဏ်ရာဒဏ်ချက်များက အကင်းမသေသေးပါ။ လွတ်လပ်ရေးကြီးကို ပြန်လည်ရယူလိုခဲ့သည့် အန္တိမရည်မှန်းချက်မှာ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုး ဖြစ်လိုသည့် ဆန္ဒတစ်ခုတည်း မဟုတ်ပါ။ အခြားသူများနှင့် တန်းတူ ညီမျှမှုရရှိ၍ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် တိုးတက်သောနိုင်ငံအဖြစ် တည်ဆောက်ရန်လည်း ပါဝင်ပါသည်။
လွတ်လပ်ရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ဖူးပါသည်။ ယင်းမိန့်ခွန်း တွင် “ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင်၊ တခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ၄၊ ၅၊ ၁၀ လှမ်း လှမ်းလိုက်နိုင်မှ၊ အဲဒီလို လိုက်နိုင်တဲ့အခါမှ နောက် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလို တန်းတူညီတူ ဖြစ်သွားမယ်။ တန်းတူညီတူမဖြစ်သမျှကာလ ပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမဲ့ ဟိုလူ့မြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ _ သည်လိုနိုင်ငံမျိုး ဖြစ်နေမှာပဲဆိုတာ ခင်ဗျားတို့ အတိအလင်းနားလည် ထားစေချင်တယ်။ အားမှမရှိသေးတော့ အဲဒီလိုပဲဖြစ်နေမှာပဲ။ အဲဒီတော့ကာ အင်မတန်မှကို ကျွန်တော်တို့ တစ်ခါတည်း ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့လူတွေ စည်းစည်းရုံးရုံးနဲ့ရှိပါမှ _ သည်သဘောမျိုး၊ နိုင်ငံမျိုးမဖြစ်ဘဲနေမှ၊ အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး။ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေးနှစ်ခု မရှိ သမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော် လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊ _ သည်တိုင်းပြည် ဖြစ်နေမှာပဲ လို့ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါ စေနဲ့။ အဲဒါ အင်မတန်အရေးကြီးပါတယ်” ဟု ပြတ်သားစွာ ပြောကြားခဲ့ ပါသည်။
အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်နိုင်မည်
ယနေ့ဆိုလျှင် လွတ်လပ်ရေးရရှိခဲ့သည်မှာ စိန်ရတုသို့ပင်ရောက်ရှိပြီ ဖြစ်ပါသည်။ ဆက်လက်ကြိုးပမ်းစရာများ ကျန်ရှိနေဆဲဖြစ်ပါသည်။ နိုင်ငံတကာနှင့် တန်းတူညီတူဖြစ်ရန်အတွက် ကြိုးပမ်းရာတွင် စိန်ခေါ်မှု များ၊ အခက်အခဲများကို ဖြတ်ကျော်ကြရပါဦးမည်။ အထူးသဖြင့် မြန်မာ နိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုး များပြားသည့်နိုင်ငံတွင် မတူကွဲပြားမှု များကို စည်းလုံးညီညွတ်မှုအဖြစ်သို့ အသွင်ပြောင်း အသုံးပြုနိုင်ရေးသည် မိမိတို့လူ့အဖွဲ့အစည်းအတွက် ဦးစားပေးလိုအပ်ချက် ဖြစ်နေပါသည်။
မတူကွဲပြားမှုများကို ပေါင်းစည်းမှုအဖြစ် ပြောင်းလဲနိုင်ခြင်းဖြင့် တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးရေးတို့ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ လူ့အဖွဲ့အစည်းကို မထိခိုက်စေဘဲ ယင်း မတူကွဲပြားမှုများကို အသိအမှတ်ပြုရန်နှင့် ကွဲပြားခြားနားမှုများကို ညှိနှိုင်းအဖြေရှာရေး နည်းလမ်းများ ရှာဖွေဖြေရှင်းကြရမည် ဖြစ်ပါသည်။ သို့မှသာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေး မျိုးဆက်အဆင့်ဆင့် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက် နိုင်မည် ဖြစ်ပါသည်။ ။
ကိုးကား
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ၊
၁၇.၃.၄၅ မှ ၁၉.၇.၄၇ အထိ၊ စာပေဗိမာန်
ဓာတ်ပုံမှတ်တမ်း - ၁၉၄၈ ခုနှစ် သတင်းစာများ။