စိမ်း၍ မစိမ်းသော မနောမြေ

Type
5

 

မြင့်စိုး(နတလ)

 

မြစ်ကြီးနားမြို့နယ်ထဲက မော်ဖောင်းစံပြကျေးရွာ


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သည် နေပြည်တော် တပ်ကုန်းမြို့နယ်၌  ဂွေးပင် ကျေးရွာ၊  ပျဉ်းမနားမြို့နယ်၌  ကျွန်းဦးကျေးရွာ၊ လယ်ဝေးမြို့နယ်၌  သော်မှော်ကုန်းကျေးရွာတို့ကို SMART Village စံပြကျေးရွာများအဖြစ် စတင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးနောက် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှစ၍  ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် SMART Village စံပြကျေးရွာပေါင်း ၄၂ ရွာ အကောင်အထည်ဖော်   ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ စီမံကိန်းကာလမှာ နှစ်နှစ် ဖြစ်သည်။

 

ယင်းကာလအတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ၊ အခြားသော ဆက်စပ်ဝန်ကြီးဌာနများ၏ ပြည်ထောင်စုရန်ပုံငွေ များဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း၊ ကုန်ထုတ်လမ်းများ  ဖောက်လုပ်ပေးခြင်း၊  စက် ရေတွင်းများ တူးဖော်၍ သန့်ရှင်းသောသောက်သုံးရေ ကို အိမ်အရောက်သွယ်တန်းပေးခြင်း၊ လျှပ်စစ်မီး သွယ်တန်းရေးအတွက်  လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခြင်း၊ ဘက်စုံသုံးခန်းမ၊ အားကစားကွင်း၊စာကြည့်တိုက် စသည်တို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း    အထောက်အကူပြု သင်တန်းများနှင့်  တန်ဖိုးမြှင့်ထုတ်ကုန်   (Value Added) သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မွေးမြူရေးအခြေခံ  စံပြကျေးရွာဖြစ်လျှင် ကြက်၊ ဝက်၊ နွား မွေးမြူရေးအစုအဖွဲ့များ၊ သမဝါယမ အသင်းများ ဖွဲ့စည်း၍ လိုအပ်သည့်မျိုး၊ နည်းပညာ စသည်တို့ ကူညီပံ့ပိုးပေးခြင်း၊ အခြားသော ကျန်းမာ ရေးအသိပညာပေး၊    မွေးမြူရေးအသိပညာပေး၊   ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး၊ မူးယစ်ဆေးဝါးအသိပညာပေး၊    ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုအသိပညာပေး၊  သဘာဝပတ်ဝန်း ကျင် ကာကွယ်ထိန်းသိမ်းရေးအသိပညာပေး၊    လူမှု ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး စသည့် ပညာပေးဟောပြောပို့ချမှုများ   ပြုလုပ်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။

 


ကချင်ပြည်နယ်အတွင်း၌   SMART   Village ကျေးရွာများအဖြစ်       မြစ်ကြီးနားမြို့နယ်တွင် မော်ဖောင်း နယ်မြေ- ၈  ကျေးရွာ၊ ဗန်းမော်မြို့နယ် တွင် မန်ရေးကျေးရွာ၊    မိုးကောင်းမြို့နယ်တွင် နန့်လှိုင်ကျေးရွာတို့ကို       သတ်မှတ်ရွေးချယ် အကောင်အထည်ဖော်     ဆောင်ရွက်ပေးနေပြီ ဖြစ်သည်။ အခြားသော ပြည်နယ်၊   တိုင်းဒေသကြီး တော်တော်များများထဲက  SMART   Village စံပြ ကျေးရွာအချို့ကို   ကျွန်တော်သွားခဲ့   ရောက်ခဲ့ပြီး ဖြစ်သည်။   ကချင်ပြည်နယ်ထဲမှာ   လတ်တလော သွားလာနိုင်သောရွာကို ကြည့်လိုက်တော့ မော်ဖောင်း ကို သွားတွေ့ရသည်။ သည့်အတွက် မော်ဖောင်းစံပြ ကျေးရွာကို အဓိကဦးတည်ပြီး အခြားသော ဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများ၊ ဦးစီးဌာန များ၊ သင်တန်းကျောင်းများအား ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ရန်အလို့ငှာ  ပြီးခဲ့သည့် ဩဂုတ် ၃ ရက် မှ ၅ ရက်အထိ ကချင်ပြည်နယ်  မြစ်ကြီးနားမြို့နယ် ခရီးစဉ်ကို   ရေးဆွဲပြီး  ထွက်ခွာလာခဲ့ကြသည်။ ကျွန်တော်နှင့်အတူ သမဝါယမဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဦးသောင်းနိုင်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်   ဦးမျိုးနိုင်အောင်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ချုပ်  ဦးကျော်ဇင်လတ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးထွန်းဝေတို့  လိုက်ပါ လာခဲ့ကြသည်။

 


မော်ဖောင်း နယ်မြေ-၈ စံပြကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်ရွက်ပေးနေသော  လုပ်ငန်း များမှာ   ဘက်စုံသုံးခန်းမ    တည်ဆောက်ခြင်း၊ ကျေးရွာတွင်း ရေမြောင်းများ တူးဖော်ခြင်း၊ အမက ကျောင်းခြံစည်းရိုးကာရံခြင်း၊ ကုန်ထုတ်လမ်းပေါ်၌ Box Culvert တစ်စင်း တည်ဆောက်ခြင်း၊ စိုက်ပျိုး ရေး မွေးမြူရေးလုပ်ငန်းများ    စတင်အကောင်အထည် ဖော်ခြင်းတို့ ဖြစ်သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့်    လုပ်ငန်းများမှာ မော်ဖောင်းရွာမှ မြစ်ကြီးနား   မြို့ရှောင်လမ်းသို့ ဆက်သွယ်ထားသော လမ်း(၁/၄)မိုင်အား ကွန်ကရစ် ခင်းခြင်း၊ ရွာတွင်းလမ်းများ   ကွန်ကရစ်ခင်းခြင်း၊ စက်ရေတွင်းတူး၍   အိမ်တိုင်ရာရောက်   ရေသွယ် တန်းပေးခြင်း၊ ရွာတွင်းလမ်းမီးတိုင်များ စိုက်ထူခြင်း၊ အားကစားကွင်းပြုပြင်ခြင်း၊ ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ပေးခြင်းများ   ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းလုပ်ငန်းများနှင့်အတူ  စောစောက ကျွန်တော်တင်ပြခဲ့ပြီးသော သင်တန်းအမျိုးမျိုးကိုပါ အချိန်နှင့်တစ်ပြေးညီ    ပို့ချသင်ကြားပေးဦးမည် ဆိုတော့ကာ မော်ဖောင်းစံပြကျေးရွာအတွက် အစစ အရာရာ  ပြည့်စုံနေပြီ   ဖြစ်သည်။    မော်ဖောင်း ကျေးရွာနေ ဒေသခံတိုင်းရင်းသားများအတွက် ပို၍ ဝမ်းမြောက်ဖွယ်ရာ      မြင်ကွင်းတစ်ခုကတော့ သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏    ပြည်နယ် အစိုးရရန်ပုံငွေဖြင့်     ခွင့်ပြုခဲ့သော    မော်ဖောင်း-ငါးအိုးတံတား ပေ ၃၀၀ ကို  မူလကြိုး တံတားအစား သံကူကွန်ကရစ်တံတားကြီးအဖြစ်  စတင် တည် ဆောက်နေခြင်းပင်    ဖြစ်သည်။ တံတားကြီးကို     ဆောက်လုပ်ရေးဝန်ကြီးဌာန  တံတားအထူး အဖွဲ့မှ တာဝန်ယူ တည်ဆောက်ပေးလျက်ရှိသည်။  ယင်း တံတားကြီး     တည်ဆောက်ပြီးစီးပါက မော်ဖောင်း    SMART Village    စံပြ ကျေးရွာ၏     ဂုဏ်ရောင်ပို၍ပို၍    ထွန်းလင်းတောက်ပြောင်တော့မည်မှာ   မလွဲပေ။

 


ကျွန်တော်နှင့် ကချင်ပြည်နယ်


ဆောင်းပါးခေါင်းစဉ်မှာကတည်းက    ကချင် ပြည်နယ်နှင့်ပတ်သက်၍     ကျွန်တော်ရည်ညွှန်း လိုသော ဝိသေသတချို့ပါဝင်သွားပြီ ဖြစ်ပါသည်။ တပ်မတော်သားဘဝ   ကချင်ပြည်နယ်    မြို့ရွာ များတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်းမရှိသဖြင့် ကချင်ပြည်နယ်သည် ကျွန်တော့်အတွက် စိမ်းသည် ဟုပြောနိုင်ပါသည်။    သို့သော်    ကျွန်တော်က နယ်ဘက်တာဝန်ကူးပြောင်းထမ်းဆောင် ခဲ့သူဖြစ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန       နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ဝန်ထမ်းဘဝဖြင့်  ကချင်ပြည်နယ်    မြို့ရွာ ဒေသတချို့မှာ      နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေး    တည်ဆောက်မှုလုပ်ငန်းများကို ပါဝင်ထမ်းရွက်ခွင့်ရခဲ့သည်။      နတလလုပ်ငန်း ကော်မတီအတွင်းရေးမှူး    နယ်စပ်ရေးရာဝန်ကြီး ဌာန    ဒုတိယဝန်ကြီး   ဗိုလ်ချုပ်ဇော်ဝင်း(ငြိမ်း) ခေါင်းဆောင်၍ ၂၀၁၂ ခုနှစ်   ဖေဖော်ဝါရီလတွင် သွားရောက်ခဲ့သည့်   ကချင်ပြည်နယ်  မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်နှင့် မံစီ ခရီးစဉ်သည် ကျွန်တော့်အတွက်   ပထမဆုံးသော      ကချင် ပြည်နယ်ခရီးစဉ် ဖြစ်ပါသည်။ ယင်းခရီးစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ (ငြိမ်း)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း ထွန်း၊ အမျိုးသားလွှတ်တော်  ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးခက်ထိန်နန် (ယခုကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်)နှင့်  ဦးစံထွန်း၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် (ငြိမ်း)၊ မြန်မာနိုင်ငံ  ကျောက်မျက်လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးရိုးမူ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်  ဦးစိုးအောင်   (ဒုဝန်ကြီး-ငြိမ်း)၊    နတလ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးတင့် (ယခု ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်)၊ စာရေး သူကျွန်တော် ညွှန်ကြားရေးမှူး ဦးမြင့်စိုးတို့ ပါဝင် ပါသည်။ ယာယီတိုက်ပွဲရှောင်စခန်းများမှ မိသားစု များနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ကူညီထောက်ပံ့မှုများ  ပေးခဲ့ကြသည်။ ၂၀၁၂ ခုနှစ်၊ မေလတွင်လည်း ကချင်ပြည်နယ်ခရီးစဉ် ဒုတိယ အကြိမ်အဖြစ် ထပ်မံရောက်ခဲ့သည်။

 

 ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်ကြသည့်  UNOCHA ၊  UNICEF၊ WFP၊ UNDP၊ UNHCR၊ ICRC တို့ကို ဗိုလ်ချုပ်ဇော်ဝင်း ကပင် ဦးဆောင်၍ အထက်ပါနယ်မြေအသီးသီးက ယာယီတိုက်ပွဲရှောင်စခန်းများသို့ လိုက်လံပြသပေးခဲ့ ခြင်း ဖြစ်ပါသည်။

 


ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်စိုး တို့ ဦးဆောင်၍  ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ မနောကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ကေအိုင် ကေ/ ကေအိုင်အိုနှင့်   ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဗိုလ်ချုပ်ဇော်ဝင်းနှင့်အတူ       လိုက်ပါခဲ့ရသည်။ တစ်ဖန် ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း(ငြိမ်း)နှင့်အတူ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသော ဦးလှထွန်း၊ ဦးဇော်မင်း၊ ဦးသန်းဌေး တို့၏ မြစ်ကြီးနားခရီးစဉ်ကို ထပ်မံလိုက်ပါခဲ့ရသည်။ ဤသည်တို့ကား ကျွန်တော့်အတွက် စိမ်း၍ မစိမ်း သောမနောမြေ၏ အစခရီးစဉ်များ   ဖြစ်ပေတော့ သတည်း။ 

 


ကျွန်တော်နှင့် မဂွေဇ- ခေါင်လန်ဖူးကားလမ်း


နယ်စပ်ရေးရာဝန်ကြီးဌာနသည် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက မဂွေဇ-   ခေါင်လန်ဖူး ကားလမ်း (၆၅/၄) မိုင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ အပိုင်းလေးပိုင်းခွဲကာ ဖောက်လုပ်ခဲ့သည်။ နတလဦးစီးဌာနက    တာဝန်ယူကွပ်ကဲကြပ်မတ် ဖောက်လုပ်ခဲ့ရသည်ဖြစ်ပေရာ ယင်းလမ်းဖောက်လုပ်ရေးစီမံကိန်းကို အကြောင်းပြုလျက် ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ ပန်နန်းဒင်၊ ခေါင်လန်ဖူးဒေသ များသို့ မရောက်မဖြစ် ရောက်ခဲ့ရသည်။ ကောင်းမှုလုန် စေတီတော်နှင့် နတ်ကျွန်းစေတီတော်တို့ကို ဖူးမြော် ခွင့်ရခဲ့သည်။ မဂွေဇ-ခေါင်လန်ဖူးကားလမ်း ၆၅/၄ မိုင် ဖောက်လုပ်ရာတွင် အခက်ခဲဆုံးအပိုင်းမှာ အမြင့် ပေ ၇၇၀၀ ရှိ ဆန်းလွတ်ချက်  ကျောက်ဆောင်ကြီး တည်ရှိရာနေရာပဲ ဖြစ်သည်။ လေးမိုင်ခန့် ရှည်လျား သော ကျောက်တောင်ကြီးကို တပ်မတော်မှ တွဲဖက် ပေးထားသည့်       အင်ဂျင်နီယာစစ်သည်များက ခက်ခက်ခဲခဲ မိုင်းများခွဲ၍ ဖောက်ခဲ့ရသည်။ တချို့ ရက်များတွင် ရှေ့သို့  ၁၀ ပေပင် မရောက်နိုင်ခဲ့ပါ။ (၃၃/၆)မိုင် ခရီးတွင်ရှိနေသော  ဆန်းလွတ်ချက် တောင်ထိပ်သို့ လမ်းမပေါက်မီကပင် ခြေကျင်တက် ၍ အရောက်သွားခဲ့တာကိုတော့ဖြင့် ဒီတစ်သက်မေ့ တော့မည် မဟုတ်ပါ။

 


ခေါင်လန်ဖူးသို့  ကားလမ်းပေါက်ရန်   မိုင် ၂၀ ခန့် အလိုကတည်းက ဆိုင်ကယ်စီး၍ အရောက်သွားခဲ့ တာကိုလည်း အမှတ်ရနေပါသည်။ ခေါင်လန်ဖူးမြို့ လေးအပေါ် မည်မျှလောက် သံယောဇဉ်ကြီးမား သွားခဲ့ရသလဲဆိုလျှင် နတလမှ သက်ပြည့်အငြိမ်းစား ယူပြီးသည့်ကာလ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၃ ရက် မှာပင်   အင်ဂျင်နီယာမှူးကြီး   ဦးခင်မောင်လတ် နှင့်အတူ    ရောက်ခဲ့သေး၏။ ထိုအချိန်တွင် မဂွေဇမှ ခေါင်လန်ဖူးအထိ (၆၅/၄) မိုင် ကားလမ်းပေါက်ခဲ့ပြီ။ 

 


ကျွန်တော်နှင့် ဆမားဒူးဝါးဆင်ဝါးနောင်ခန်းမ


ကချင်ပြည်နယ်    မြစ်ကြီးနားမြို့သို့     စတင် ရောက်ရှိသည့်နေ့မှာပင်         ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့    သွားရောက်၍   ဝန်ကြီးချုပ်နှင့်   တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ   တင်ပြ ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး  ဦးလှမိုး မှာကြားလိုက်သည့်အတိုင်း  စိုက်ပျိုးရေးကဏ္ဍတွင် ဝါသီးနှံစိုက်ပျိုးရေးကို        ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက်  နည်းလမ်းရှာဖွေခဲ့ကြ သည်။ မြစ်ကြီးနားမြို့မှ    ပြန်လည်မထွက်ခွာမီ ဩဂုတ် ၄ ရက်ညတွင် ကျွန်တော်တို့ သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   ဧည့်သည်အဖွဲ့နှင့်   သာသနာရေးနှင့်            ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီး ဌာန ဧည့်သည်အဖွဲ့တို့ကို  ပြည်နယ်ဝန်ကြီးချုပ်က ဆမားဒူးဝါးဆင်ဝါးနောင်ခန်းမ၌    ဂုဏ်ပြုညစာ တည်ခင်း နှုတ်ဆက်ခဲ့ပါသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကား ပြောကြားပြီး ဂုဏ်ပြု လက်ဆောင်များ  ပေးအပ်ပါသည်။ ကျွန်တော်ရခဲ့ သော ဂုဏ်ပြုလက်ဆောင်တွင် ဝန်ကြီးချုပ် ကိုယ်တိုင်ဆင်မြန်းပေးသော ကချင် တိုင်းရင်းသား    ရိုးရာဝတ်စုံလည်း   ပါဝင်သဖြင့် အထူးပင် ကျေးဇူးတင်လေးစားတန်ဖိုးထားခဲ့ရပါသည်။ 

 


ကျေးဇူးတင်စကား ပြန်လည်ပြောကြားခွင့်ရခဲ့၍ ထိုနေ့ညက ဆမားဒူးဝါးဆင်ဝါးနောင် ခန်းမအတွင်း သို့     ရောက်ရှိခြင်းသည်    ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း     ထည့်သွင်းပြောကြားခဲ့ပါသည်။ ထိုခန်းမကြီးအတွင်း၊   ထိုနေရာ၊    ထိုစကားပြော စင်မြင့်မှနေ၍    ပထမအကြိမ်    စကားပြောခွင့်ရခဲ့ သည့်နေ့ကတော့ ၂၀၁၇ ခုနှစ်    ဇန်နဝါရီ ၈ ရက် ဖြစ်ပါသည်။        

 

နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ၏  တာဝန်ပေးချက်အရ   ထိုနေ့နံနက်ပိုင်းတွင် တံတားဦး          အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ဖြင့်   မြစ်ကြီးနားမြို့သို့    ထွက်ခွာခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန် ဆမားဒူးဝါးဆင်ဝါးနောင်ခန်းမ သို့ သွားရောက်ခဲ့ပါသည်။    ထိုခန်းမကြီးထဲတွင် ကချင်ပြည်နယ်အတွင်းက      ယာယီတိုက်ပွဲရှောင် မိသားစုများအတွက် ထောက်ပံ့လှူဒါန်းရန်  အသင့် ဝယ်ယူ ပေးပို့ထားသော ဆန်အိတ်၂၀၁၀၊ ဆီပိဿာ ၄၀၂၀၊ ပဲ ပိဿာ၄၀၂၀၊ ဆားပိဿာ ၄၀၂၀၊ ခြုံစောင် ၁၀၀၀   ထည်တို့ကို  ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရ မျိုးတင်ထံသို့       လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယင်းကဲ့သို့   ထောက်ပံ့ပစ္စည်းများ    လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီးနောက် ကျွန်တော်တို့အဖွဲ့သည် မြစ်ကြီးနားမြို့    ဂျာမိုင် ကောင်းရပ်ကွက်တွင်     နေရာချထားပေးသော ယာယီတိုက်ပွဲရှောင်မိသားစုများနှင့်  တွေ့ဆုံကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဤသည် တို့ကား  ကျွန်တော်နှင့် ဆမားဒူးဝါးဆင်ဝါးနောင် ခန်းမတို့၏  ရေစက်ဆုံမှုအကြောင်း   တရားများ ပါပေတည်း။

 


စိမ်း၍ မစိမ်းသော မနောမြေ


ငယ်စဉ်က တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဖူး သော မနောမြေ  ၂၀၁၂ ခုနှစ်ရောက်တော့မှ နယ်စပ် ရေးရာဝန်ကြီးဌာန နတလဝန်ထမ်းဘဝဖြင့် စတင် ရောက်ဖူးခဲ့သည်။    ယင်းနောက်ပိုင်းတွင်မတော့ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များဖြင့် ရောက်ရှိ ခဲ့သလို     အခြားသောအကြောင်းအရာအမျိုးမျိုး တို့ဖြင့်လည်း ရောက်ခဲ့ရသည်။ ထိုသို့ရောက်ခဲ့ရာ၌ မချမ်းဘော့မြို့နားက နောင်ခိုင်ဆိုသောရွာလေးမှ နတ်ကျွန်းစေတီသို့   သွားရောက်ဖူးမြော်ရာတွင် သက်မွန်မြင့်ဟု အမည်ရေးထိုးထားသည့် စက်လှေ လေးဖြင့် သွားရောက်ခဲ့သည်ကို သတိရမိသည်။ ၂၀၁၈ ခုနှစ် ဧပြီ  ၂၃ ရက်တွင်   မိုးညှင်းဒေသ အင်းတော်ကြီးကန်ဘေးနားက  ယာယီတိုက်ပွဲရှောင် ကျေးရွာများသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ အမယ် လေးမျိုးနှင့် စောင်များ၊ ဆိုလာမီးများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက်    အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်     ဘုရားဖူးမြော်ခဲ့သည်ကိုလည်း အမှတ်ရမိသည်။ ခေါင်လန်ဖူးသို့အသွား မချမ်းဘော့၊ ထီးခချောင်း၊    အလန်ဂါးရွာ၊   ထန်ဂါးရွာများကို ဖြတ်ပြီး အူရင်း ဂါးရွာမရောက်ခင် ကားလမ်းဘေးမှာ လဲလျောင်းနေသည့် အုတ်ဂူလေးနှင့်   မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ဖူးသည်ကိုလည်း   မမေ့၊    မဇိန်ဒမ်း နန်ရမ်၊    အသက်   ၂၄ နှစ် ၁၇-၈-၂၀၀၀ တွင် ကွယ်လွန်သည်ဟု မှတ်တမ်းရေးထိုးထားသည်ကို တွေ့ရသည်။ ကားလမ်း မပေါက်မီ   ပင်ပန်းဆင်းရဲစွာ   သွားလာကြရင်း ကွယ်လွန်သွားသူတွေထဲကတစ်ဦး  ဖြစ်ပေသည်။      ပူတာအို- ခေါင်လန်ဖူး ခရီးစဉ် အတွင်းမှာပင်  မြန်မာပြည်၏   မြောက်ဘက် အစွန်ဆုံး      မြို့လေးဖြစ်သည့်    ပန်နန်းဒင်မြို့လေး ရှိရာသို့           နှစ်ကြိမ်ရောက်ဖြစ်ခဲ့သေးသည်။    ခေါင်လန်ဖူးအထကမှာ   ကျောင်းသား   ကျောင်းသူ လေးများနှင့် တွေ့ဆုံ၍     တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေး ဟောပြောခဲ့သည်ကိုလည်း မမေ့။   သေချာပြန်တွေးကြည့်လိုက်သောအခါ ကချင်ပြည်နယ်ဆိုသည်မှာ   ကျွန်တော့်အဖို့ရာ စိမ်း၍  မစိမ်းသော မနောမြေ ဟူ၍သာ...။     ။