
ယူရိုခြေစစ်ပွဲ အုပ်စု (ည) ပွဲစဉ် (၈) မှ ဘော့စနီး ယားနှင့် ပေါ်တူဂီအသင်းပွဲစဉ်ကို အောက်တိုဘာ ၁၇ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က ဘော့စနီးယား အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်း က စီရော်နယ်ဒို၏ သွင်းဂိုးများနှင့်အတူ ငါးဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ပေါ်တူဂီအသင်းသည် ဘော့စနီးယားအသင်း ကို ပွဲချိန်တစ်လျှောက် တစ်ဖတ်သတ်ဖိအားပေး ကစားခဲ့ပြီး ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပေါ်တူဂီအသင်းမှ အားထားရသည့် အသက် ၃၈ နှစ်အရွယ် စီရော်နယ်ဒိုသည် ယခု ပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုးရယူနိုင်ခဲ့သည့်အတွက် ၎င်း၏ နိုင်ငံတကာသွင်းဂိုးမှာ ၁၂၇ ဂိုးအထိ ရှိလာ ပြီ ဖြစ်သည်။
ပေါ်တူဂီအသင်းသည် ဘော့စနီးယားအသင်းဘက်သို့ ပထမပိုင်း ပွဲချိန်အတွင်းပင် သွင်းဂိုးငါးဂိုးရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီအသင်း အတွက် သွင်းဂိုးများကို စီရော်နယ်ဒို၊ ဖာနန်ဒက်စ်၊ ကန်ဆယ်လိုနှင့် ဖီးလစ်တို့က သွင်းယူပေးနိုင်ခဲ့သည်။
ပေါ်တူဂီအသင်းသည် ယခုအနိုင်ပွဲကြောင့် ရှစ်ပွဲကစား ရှစ်ပွဲစလုံး အနိုင်ရရှိထားပြီး ပြိုင်ဘက် ဘော့စနီးယားအသင်းက ရှစ်ပွဲကစားပြီး သုံးပွဲနိုင်၊ ငါးပွဲရှုံး ရလဒ်ရရှိထားသည်။ ပေါ်တူဂီအသင်းသည် အဆိုပါ ရှစ်ပွဲတွင် တိုက်စစ်က သွင်းဂိုး ၃၂ ဂိုးအထိ ရယူထားနိုင်ပြီး ခံစစ်က နှစ်ဂိုးသာ ပြန်လည်ခွင့်ပြုပေးခဲ့ရသည်။ ထို့အပြင် အဆိုပါ ပြိုင်ပွဲတွင် အသင်းအဓိက တိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် ခုနစ်ပွဲပါဝင် ကစားထားကာ ကိုးဂိုးအထိ သွင်းယူထားနိုင်သည်။
အောင်ဇော်