ဆယ်ကျော်သက်တစ်ဦး ပစ်သတ်ခံရပြီးနောက် ပေါ်ပေါက်လာသော အကြမ်းဖက်မှုများကိုထိန်းချုပ်ရန် ပြင်သစ်အာဏာပိုင်များ လုပ်ဆောင်နေ

 

ပါရီ    ဇူလိုင်    ၁


ပြင်သစ်ရဲတပ်ဖွဲ့က     ဆယ်ကျော်သက်တစ်ဦးကို ပစ်သတ်မှုဖြစ်ပွားပြီးနောက်  ပေါ်ပေါက်လာသော  အဓိကရုဏ်းများကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအနေ ဖြင့်   ဇွန်  ၃၀  ရက်    ညပိုင်းတွင်    နိုင်ငံတစ်ဝန်း ဘတ်စ်ကားနှင့်     ရထားဝန်ဆောင်မှုအားလုံးကို ပြင်သစ်အာဏာပိုင်များက  ဆိုင်းငံ့စေခဲ့ကြောင်း သိရသည်။ 

 


ဆန္ဒထုတ်ဖော်မှုကို ရပ်တန့်ရန်အမိန့်ကို လိုက်နာ ခြင်းမရှိသည့်အတွက် ဇွန် ၂၇ ရက်တွင် ပါရီဆင်ခြေဖုံး နန့်တဲ၌ အသက် ၁၇ နှစ်အရွယ်တစ်ဦးကို ပစ်သတ် ခဲ့ခြင်းဖြစ်သည်။  ဆန္ဒပြသူအချို့သည်  အကြမ်းဖက် အသွင် ပြောင်းလဲလာကြကြောင်း သိရသည်။ ဆန္ဒပြ အကြမ်းဖက်မှုများ ဇွန် ၃၀ ရက်အထိ ဆက်လက် ဖြစ်ပေါ်နေကြောင်း၊ လူပေါင်း ၉၀၀ ခန့်ကို ထိန်းသိမ်း ထားကြောင်းနှင့်  ရဲအရာရှိ  ၂၀၀ ကျော်  ထိခိုက် ဒဏ်ရာရရှိကြောင်း      ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ 

 


ထို့အပြင်     ရဲတပ်ဖွဲ့    သို့မဟုတ်    အစိုးရနှင့် ဆက်နွှယ်သည့် အဆောက်အအုံ ၂၀၀ ခန့်အပါအဝင် အဆောက်အအုံ  ၅၀၀   နီးပါး    ပျက်စီးခဲ့သည်ဟု ဆိုသည်။ နန့်တဲတွင် ဆန္ဒပြသူများသည် ဈေးဆိုင် ပြတင်းပေါက်များ၊ ကားများနှင့် အဆောက်အအုံ များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်သည် လက်ရှိဖြစ်ပွား နေသော ပဋိပက္ခများနှင့်ပတ်သက်ပြီး အစည်းအဝေး တက်ရောက်ရန်အတွက် ဘရပ်ဆဲလ်တွင် ပြုလုပ် သည့်      ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးမှ ဆောလျင်စွာ ထွက်ခွာခဲ့ကြောင်း သိရသည်။ 


သေနတ်ပစ်သတ်ခံရသည့် ဆယ်ကျော်သက်မှာ အယ်လ်ဂျီးရီးယားနိုင်ငံမှ  ဖြစ်သည်ဟု  ယူဆထား သည်။                         

အင်န်အိတ်ချ်ကေ