
နေပြည်တော် ဩဂုတ် ၂၉
အကြမ်းဖက်သူများအနေဖြင့် အများပြည်သူထိခိုက် စေရန်အတွက် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများကို လုပ်ဆောင်လျက်ရှိရာ ဩဂုတ် ၂၈ ရက် နံနက် ၇ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် သာယာဝတီကျေးရွာရှိ အစိုးရနည်းပညာတက္ကသိုလ် “မြမဉ္ဇူ” အမျိုးသမီး အဆောင်ကို လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး ပေါက်ကွဲမှုကြောင့် “မြမဉ္ဇူ” အဆောင် ၏ ပြတင်း တံခါးမှန်ငါးချပ်နှင့် အုတ်နံရံ တစ်ပေ ပတ်လည်ခန့် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့် တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄) ရပ်ကွက် ၆၂ လမ်းနှင့် ၁၁၂ လမ်းထောင့် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် စစ်ဆေးလျက်ရှိသည့် နယ်ကျော်စစ်ဆေး ရေး ဂိတ်အနီးတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲ ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီး လမ်းပေါ်၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ နောက် ဝဲ/ယာ လေကာမှန်တို့ ကွဲအက်ပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။
ယခုကဲ့သို့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ အား ထိခိုက်စေရန် အကြမ်းဖက်လုပ်ဆောင်ခဲ့သူ များနှင့် ဆက်စပ်နေသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။
ရဲပြန်ကြား