
နေပြည်တော် ဇန်နဝါရီ ၁၄
စာပေဗိမာန်သည် မြို့ပြကျေးလက်နေ ပြည်သူလူထုအတွက် ရည်ရွယ်၍ ပြည်သူ့လက်စွဲစာစဉ် စာအုပ်ငယ်များကို ၁၉၅၈ ခုနှစ်မှ စတင်၍ ထုတ်ဝေခဲ့သည်။ ထုတ်ဝေခါစတွင် ၂၅ ပြားတန်၊ ပြား ၅ဝ တန်နှင့် တစ်ကျပ်တန်တို့ကို ထုတ်ဝေခဲ့သည်။ ထိုမှခေတ်နှင့် လျော်ညီသည့် နှုန်းဖြင့် စာအုပ် စာစောင်များကို ပြည်သူလူထုဗဟုသုတ တိုးပွားစေခြင်း ငှာ ဆက်လက်ထုတ်ဝေခဲ့သည်။
ယခုအခါ ယခင် ပြည်သူ့လက်စွဲစာစဉ်များအတွင်းမှ စာကောင်း ပေမွန်များ၊ အဖိုးထိုက်၍ ရှားပါးသော စာအုပ်များကို ပြန်လည်ထုတ်ဝေ ရန် စီစဉ်လျက်ရှိရာ ဆရာဦးချမ်းမြ (အငြိမ်းစား မြန်မာစာပါမောက္ခ) ရေးသားသည့် “အချုပ်တန်းဆရာဖေ” စာအုပ်ကို ဦးစွာ ပြန်လည်ထုတ်ဝေ လိုက်ပါသည်။
“အချုပ်တန်းဆရာဖေ” စာအုပ်ကို စာပေဗိမာန်က ၁၉၇၇ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၈ ခုနှစ်တွင် စိတ်ကူးချိုချိုစာပေက ဒုတိယအကြိမ် ထုတ်ဝေခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် စာပေဗိမာန်က တတိယအကြိမ် ပြန်လည် ထုတ်ဝေခြင်း ဖြစ်ပါသည်။
အချုပ်တန်းဆရာဖေသည် ရတနာပုံခေတ်တွင် နယ်ချဲ့အင်္ဂလိပ်တို့ကို ကလောင်လက်နက်ဖြင့် တော်လှန်ခဲ့သော မျိုးချစ်စာဆိုတော် တစ်ဦးဖြစ် သည်။ ဤစာအုပ်တွင် အချုပ်တန်း ဆရာဖေ၏ အတ္ထုပ္ပတ္တိအကျဉ်း၊ တော်လှန်ရေးစာများ ရေးဖွဲ့ပုံနှင့် အတူ သူဖြတ်သန်းခဲ့ရာ ရတနာပုံ ခေတ်၏ နန်းတွင်းလောက၊ နိုင်ငံရေးအခြေအနေနှင့် မြန်မာ့ သမိုင်းဖြစ်ရပ်အချို့ကို တစေ့ တစောင်း လေ့လာခွင့်ရမည့် တန်ဖိုးရှိလှသည့် စာအုပ်ဖြစ် ပါသည်။
စာအုပ်တွင် စာမျက်နှာ ၁ဝ၁ မျက်နှာ ပါဝင်ပြီး တန်ဖိုး ကျပ် ၂၀၀၀ ဖြင့် ရန်ကုန်မြို့ အမှတ် (၅၂၉- ၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး မြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့တွင် ဝယ်ယူရရှိ နိုင်ကြောင်း သိရသည်။ သတင်းစဉ်