ဆရာကို ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားပြီးတော့ တပည့်တွေရဲ့ဘဝ မြင့်မားအောင် ကြီးကျယ်အောင်၊ အမှန်တရားတွေကို မြတ်နိုးတတ်အောင်၊ အကြောင်းအကျိုးတွေ အကောင်းအဆိုးတွေကို သိအောင် လမ်းညွှန်ပေးနိုင်တဲ့အစွမ်းတွေ၊ ဂုဏ်တွေ၊ ဂုဏ်သတင်းတွေ ရှိရတယ်

 

တွေ့ဆုံမေးမြန်းသူ- ဒေါ်စန္ဒာကြည် (လက်ထောက်ညွှန်ကြားရေးမှူး)

 

မေး    -    မင်္ဂလာပါဆရာမကြီးရှင့် ဆရာမကြီးရဲ့ အမည်နဲ့ပညာရေးဌာနမှာ စတင်တာဝန်ထမ်းဆောင်တဲ့   ခုနှစ်လေး     သိပါရစေရှင့်။ 
ဖြေ    -    မင်္ဂလာပါသမီးရေ ဆရာမကြီး  နာမည် ကတော့    ဒေါ်ချစ်ချစ်   ဖြစ်ပါတယ်။
ပညာရေးဌာနမှာ ၁၉၇၉ ခုနှစ်  အောက်တိုဘာ  ၁၅ရက်ကနေပြီးတော့  ၂၀၁၇ ခုနှစ်   နိုဝင်ဘာ ၃၀ ရက်အထိ    ၃၈ နှစ်နဲ့ တစ်လတာဝန် ထမ်းဆောင် ခဲ့ပါတယ်။   

 


မေး    -    ဆရာမကြီး    ပညာရေးဌာနမှာ   စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့   အချိန်ကစလို့ဘယ်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတာ  သိပါရစေရှင့် ။    
ဖြေ    -    ပညာရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာတွေကတော့ အမက(ရှောက်ကုန်း)၊အမက(ပုန်းညှက်)၊   အလက(ပုစွန်ဖြေ)၊ အထက(မောင်တော)၊     အထက (၁)  စစ်တွေ၊   အထက  (ငကျော်တောင်)၊ အထက(၂)မှာပဲ အလယ်တန်းပြအနေနဲ့ပင်စင်ယူခဲ့ပါတယ်။ 

 


မေး    -    ဆရာမကြီးတို့ ဆရာဘဝနဲ့လူငယ်တွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ  ဆရာတွေရဲ့အရေးပါမှုကိုလည်း    ရှင်းပြပေးစေလိုပါတယ်။
ဖြေ    -     လူငယ်တွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ ဆရာတွေဟာ    အလွန်အရေးပါတာပေါ့သမီးရယ်။  ဆရာမတို့မြန်မာမှုနယ်ပယ်မှာ ဆရာကိုဘုရားနဲ့တစ်ဂိုဏ်းတည်းထားပြီးတော့   တပည့်တွေရဲ့ဘဝ မြင့်မားအောင်    ကြီးကျယ်အောင်၊       အမှန်
တရားတွေကို    မြတ်နိုးတတ်အောင်၊      အကြောင်းအကျိုးတွေ၊  အကောင်းအဆိုးတွေကို      သိအောင်
လမ်းညွှန်ပေးနိုင်တဲ့    အစွမ်းတွေ၊ ဂုဏ်တွေ၊ ဂုဏ် သတင်းတွေ ရှိရတယ်လေ။    ဒါကြောင့် ရှင်မဟာ
သီလဝံသဆရာတော်က         ဘယ်လိုရေးခဲ့လဲဆိုတော့ “တိလောကဟု မရနိုင်းတုဘက်မပြုသည့်  မာတာ ပိတဆရာ စသားအရှင်များ”လို့  ဖွဲ့ဆိုခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့       အနာဂတ်ဟာဆရာတွေရဲ့   လက်ထဲမှာရှိတယ်     မဟုတ်ပါလား။    ဆရာမတို့ ကတော့  ဒီလိုပဲ   ခံယူပါတယ်။ ဒါကြောင့် ဆရာမတို့  မြန်မာမှုနယ်ပယ်မှာပေါ့နော်      ဆရာ ကျေးဇူး၊   တပည့်ကျေးဇူး၊     သားသမီးဝတ်၊    ဆရာ့ဝတ်၊     မြတ်စွာဘုရားရဲ့ ကျေးဇူးတရားတွေရဲ့ ဂုဏ်တော် တွေ၊  သံဃာတွေရဲ့    ဂုဏ်တော်တွေဆိုတာဟာ သူ့နေရာနဲ့သူ   အံဝင်ခွင်ကျ ရှိတယ်လို့ ဆရာမတို့က ယုံကြည်ပါတယ်။ ဒါကြောင့် ဒီဆရာ ဆိုတာဟာ အနန္တဂိုဏ်းဝင်  ကျေးဇူးရှင်မဟုတ်ဘူး Helper တွေမျှသာ   ဖြစ်တယ်လို့      စကားတွေကိုတော့   ဆရာမတို့က    လက်မခံဘူး။     ဘာကြောင့်လဲ ဆိုတော့ မူလရှိခဲ့တဲ့အဝိုင်းထဲမှာ အံဝင်ခွင်ကျ ရှိနေ တဲ့  မြန်မာမှုနယ်ပယ်ကို  အဝိုင်းထဲကို  လေးထောင့် ထည့်သလို   ဖြစ်သွားတယ်လို့ ခံယူပါတယ်။

 


မေး    -    ဆရာနဲ့တပည့်ကြားမှာရှိသင့် တဲ့ ဆက်ဆံ ရေးအခြေအနေနဲ့     အခုလက်ရှိ   ဆရာနဲ့တပည့်   ဆက်ဆံရေးအခြေအနေကို      ဆရာမကြီးအမြင်လေး ပြောပြပေးစေချင်ပါတယ်ရှင့် ။
ဖြေ    -    ဆရာမအနေနဲ့ကတော့လေ    ခေတ်နှစ် ခေတ်ကိုပဲ ပြန်ပြီးတော့     နည်းနည်းလေနှိုင်းယှဉ်ပြချင်တယ်ပေါ့နော်။    ဆရာမတို့     ပညာသင်ခဲ့စဉ်     ဆရာမတို့ရဲ့ဆရာတွေက      နာသုံးနာဖြစ်တဲ့   စေတနာ၊   ဝါသနာ၊ အနစ်နာအပြင် မေတ္တာ၊
ကရုဏာ၊ အကြင်နာ  စတဲ့နာ   အများကြီးနဲ့ သင်ခဲ့ တယ်။   ဆရာမတို့စာသင်ခဲ့တဲ့    အချိန်မှာ ကျုရှင်ဆိုတာလည်း မရှိပါဘူ။  အဲဒီခေတ်က    ဆရာတွေကလေ   ဆရာကောင်းပီသစွာနဲ့     ဆရာမတို့ကိုသင်ပေးခဲ့တယ်။ ဆရာမတို့         ဆရာဖြစ်လာတဲ့
အပိုင်းကို       ပြန်ပြောရရင်တော့       ဆရာမတို့က   နှစ်ဖက်ခွသလို ဖြစ်သွားတယ်။ တစ်ဖက်က ကျုရှင်ဆိုတဲ့   အပိုင်းကိုလည်းမှီတယ်။ ဟိုဖက်က  ကျုရှင်မရှိဆိုတဲ့အပိုင်းကိုလည်းမှီတယ်။      ကျုရှင်မရှိတဲ့အပိုင်းမှာ  ဆရာမတို့ဟာ ဆရာမတို့ရဲ့ဆရာတွေလိုပဲ    ဂုဏ်ရည်အနေနဲ့ မြင့်မားတဲ့ အနေအထားမှာ    ရှိခဲ့တယ်လို့တော့  ဆရာမက ထင်တာပဲလေ။ နောက်
ကျူရှင်တွေပေါ်လာတော့  ကျူရှင်ဆိုတာပြတဲ့အခါမှာ ကျောင်းသားတွေရဲ့ ဆက်ဆံရေကော မိဘတွေရဲ့ ဆက်ဆံရေးကောဟာ ဆရာ    ဆရာမတွေအပေါ်မှာ တော်တော်ကို  အလေးအနက်မထားဘဲနဲ့အခုခေတ်  ခေတ်ပေါ်စကား Helper ဆိုတဲ့  အနေနဲ့ပဲ 
သုံးသပ် မြင်လာတာကတော့ ဝမ်းနည်းဖွယ်ရာပဲလို့      မြင်ပါတယ်။   ဒါပေမယ်လို့ ဆရာမတို့ကတော့ကျင့်ဝတ်နှင့်အညီ အတတ်နိုင်ဆုံးကြိုးစားပြီးတော့  တာဝန် ထမ်းဆောင်ခဲ့ကြပါတယ်။

 


မေး -    ဆရာမကြီးအနေနဲ့    စပြီးတော့ပညာရေး        ဌာနမှာ တာဝန်ထမ်းဆောင်တဲ့  အချိန်ကနေပြီးတော့  အငြိမ်းစားယူတဲ့ အချိန်ထိ တပည့်တွေနဲ့  ပတ်သက်တဲ့  အမှတ်တရလေးတွေ     ရှိရင်လည်း ပြောပြပေးပါရှင့် ။
ဖြေ    -    အမှတ်တရကတော့အများကြီးပဲရှိတယ်။ သမီးရယ်        အမှတ်တရတစ်ခုကိုတော့ပြောချင်တယ်။ အဲဒီတစ်ခုက  ဆရာမက ရှစ်တန်းကိုမြန်မာစာသင်တယ်။  နွားတရား စီရင်ခန်းဆိုပြီးတော့ဆရာမက သင်လိုက်တယ်။ အဲဒီတော့ ကလေးတွေ
ကို အပြင် ရှေ့ကို  ထွက်ပြီးတော့ပေါ့နော်။  ဆော့ပင်လေးနဲ့   ကဲ သားတို့/သမီးတို့   နွားတရားစီရင်ခန်းကို  ရေးပါဆိုတော့   တစ်ယောက် ချင်းထွက်ပြီးတော့ရေးခိုင်းတယ်။ အဲဒီတော့    ကလေးတစ်ယောက်က  အပြင်ရှေ့ကို   ထွက်ပြီးတော့      ဘာရေးလဲဆိုတော့ချစ်တယ်လို့ ရေးတဲ့အချိန်မှာ    ဆရာမက  ဒေါသတော့  တော်တော်ထွက်သွားတယ်ပေါ့နော်။ ဆရာမက  အဲဒီလိုမဟုတ်ဘူးလေ။      နွားတရားစီရင်ခန်းကို   ရေးဆိုတော့ ကျွန်တော်ဒါပဲတတ်တယ်တဲ့ ။  အဲဒီလိုဆိုတော့ဒါကတော့     ခက်တော့ခက်ပြီပေါ့။       ဒါကိုရှင်းရတော့မယ်ဆိုပြီးတော့  ဆရာမကြီးသူကတော့ဒါပဲတတ်တယ်လို့ ပြောတယ်။    ကျွန်မကို   သူ
အားမနာလုပ်တာလားတော့ မသိ။ ဆရာမကြီး    ခဏလောက် စစ်ဆေးကြည့်ပါဦးဆိုတော့  ဆရာမကြီးကလည်း ကောင်းပြီ ဒီအမှုကို စစ်ဆေးမယ်ဆိုပြီးတော့ အဲဒီအမှုထက် များပြားတဲ့အမှုတွေ ပေါ်လာပြီးတော့မစစ်ဆေးလိုက်ဘဲနဲ့ ရှိခဲ့တယ်။      ဆရာမရင်ထဲမှာတော့    တအုံနွေးနွေးနဲ့   ဖြစ်ခဲ့တယ်။ ဒီကိစ္စဟာဘယ်လိုမှရင်ထဲမှာ     မတင်မကျနဲ့ပေါ့။   အားမနာလုပ်တာလား။    တကယ်လားဆိုတာကို       မသိဖြစ်နေတဲ့     အချိန်မှာပဲ    စာမေးပွဲ   စစ်သွားတယ်။     
အတန်းတင်စာမေးပွဲတော့ မဟုတ်သေးဘူးပေါ့နော်။
CHAPTER END ပေါ့နော်။ အတန်းတင်    စာမေးပွဲစစ်တဲ့အခါ အဲဒီကျောင်းသားက မေးခွန်းအဖြေလွှာ
အားလုံးမှာ   ချစ်တယ် ချစ်တယ်   ဖြေထားတယ်။  
ဘာသာရပ်အားလုံး ဒီတိုင်းပဲ        ဖြေထားတယ်။
ကျန်တာကို   တစ်ခုမှလည်းမရေး။  ဆရာဆရာမတွေ အားလုံးစုလိုက်တဲ့အခါ ကျောင်းသားဟာ ဒီလိုတွေရေးထားပါလား။   တကယ်ပဲ မတတ်ပါလားဆိုတာသူ့ရဲ့စာအုပ်တွေ လှန်လှောကြည့်တဲ့အခါ သိရတယ်။  
သူ့စာအုပ်ထဲမှာ      ဘာမှလည်း ရေးထားတာ  မရှိ။
အဲဒီမှာ မြန်မာ့ပညာရေးရဲ့ အားလုံးကို အောင်စေတဲ့စနစ်   CHAPTER END ဟာ    ဘယ်လောက်အထိ 
ကလေးတွေအပေါ်မှာ    ဆိုးကျိုးသက်ရောက်သွားတယ်ဆိုတာကို အမှတ်တရအနေနဲ့ ဖြစ်ခဲ့ပါတယ်။
ဒါကတော့ ဆရာမကိုယ်တွေ့ပါပဲ။ 

 


မေး    -    အောက်တိုဘာလ ၅ ရက်နေ့မှာကျရောက် မယ့် ကမ္ဘာ့ဆရာများနေ့အတွက်  အမှတ်တရစကားလေး  ပြောပေးပါရှင့်။
ဖြေ-        ကမ္ဘာဆရာများနေ့ကတော့ တစ်ကမ္ဘာလုံး မှာ ၂၀၀၂ ခုနှစ်မှာ  စတင်ကျင်းပတယ်လို့ပြောပါတယ်။      မြန်မာနိုင်ငံမှာကတော့ ဘုန်းတော်ကြီးသင်  ပညာရေးကစပြီးတော့ ရှိခဲ့တယ်လို့ ထင်ပါတယ်။   အဲဒါကတော့    မြန်မာ့ဆရာများနေ့ပေါ့။
အစဉ်အဆက် တပည့်တွေက   လက်ဆင့်ကမ်းပြီးတော့ ဆရာများနေ့ကို ကျင်းပတာဟာ အင်မတန်မှ မင်္ဂလာရှိပြီးတော့  ဂုဏ်ယူစရာလည်း  ကောင်းတယ်လို့ ယူဆပါတယ်။ သံတွဲမြို့အနေနဲ့ပြောရမယ်ဆိုရင် ဒီနှစ်၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် ဆရာများနေ့
ဟာ (၉)ကြိမ်မြောက် ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းကမ္ဘာ့ဆရာများနေ့မှာ       အသက်    ၇၀ အထက်ဆရာကြီး   ဆရာမကြီးတွေအားလုံးကို   ပင့်ဖိတ်ပြီးတော့ သူတို့အချင်းချင်းလည်း တွေ့ကြပါစေ၊ ဆုံကြပါစေ၊   ပြောစရာ စကားတွေလည်း ပြောကြပါစေဆိုတဲ့ စိတ်အာဟာရဖြစ်အောင်လို့လည်း  တစ်မျိုး။ 

 


နောက်ပြီးတော့   အခုချိန်မှာ         ခက်ခဲပင်ပန်းနေတဲ့  ပင်စင်စားတွေရဲ့   ဘဝတွေကို တစ်ထောင့်တစ်နေရာကနေပြီးတော့ ဆရာမတို့ တပည့်တွေက   ကူညီပံ့ပိုး တဲ့အနေနဲ့ ကမ္ဘာ့ဆရာများနေ့ကို     ကျင်းပခဲ့တာလည်းဖြစ်တယ်။ ကလေးတွေအတွက် ကမ္ဘာ့ဆရာများနေ့နဲ့     ပတ်သက်တဲ့  စာစီစာကုံးပြိုင်ပွဲတွေ၊ ကျပန်းစကားပြော ပြိုင်ပွဲတွေ၊    အရင်နှစ်တွေက    ကျင်းပဖြစ်ခဲ့ပါတယ်။ အခုနှစ်မှာတော့ အခြေ အနေအရပ်ရပ်ကြောင့် အချို့ပြိုင်ပွဲတွေကို     ကော်မတီအနေနဲ့     ဖြုတ်ထားခဲ့တာ   ရှိတယ်။  အဲဒီတော့ ရှေ့ဆက်ပြီးတော့လည်း        ဒီကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ပွဲတွေကို ဆက်ပြီးတော့ ကျင်းပသွားမယ်ဆိုပြီး ဆုံးဖြတ်ချက်တွေရှိပါတယ်။ တစ်ချိန်ချိန်မှာ ကိုယ်လည်း အသက်   ၇၀  ပြည့်ပြီးတော့   အပူဇော်ခံဆရာကြီး ဆရာမကြီးနေရာကိုလည်း ဝင်ရမှာပါ။  အဲဒါဆိုတော့  ကိုယ့်နောက်က ကလေးတွေကိုလည်း ဒီကမ္ဘာ့ဆရာများနေ့ကို  ဆက်လက်ပြီးတော့ 
ကျင်းပနိုင်ပါစေ။ ဆရာတွေ   ဆရာမတွေအပေါ်မှာထားတဲ့   မေတ္တာတရားတွေ၊ အကြင်နာတရားတွေ၊ကရုဏာတရားတွေ၊ ကျေးဇူးတရားတွေကိုလည်းဘယ်တော့မှ  မမေ့ပါစေနဲ့လို့  ဆုတောင်းပြီးတော့ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ကို        ဂုဏ်ပြုစကားလေး ပြောချင်ပါတယ်။   ။