ဆရာကြီး မင်းယုဝေ

စာပေဗိမာန်

(၁၉၂၈-၂၀၂၁)

မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားသည့် အယ်ဒီတာ၊ စာရေးဆရာ၊ ကဗျာဆရာကြီး တစ်ဦးဖြစ်သည့် စွယ်စုံစာပေပညာရှင် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီးဦးဝင်းမောင် (မင်းယုဝေ) သည်  ၂၀၂၁ ခုနှစ်  ဇူလိုင်လ ၂၉ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။   ကွယ်လွန်ချိန်တွင် ဆရာကြီးသည် အသက် ၉၃ နှစ်အရွယ် ရှိပြီဖြစ်ပါသည်။ 
ဆရာကြီး ကွယ်လွန်ခြင်းသည်   မြန်မာစာပေ လောကနှင့်  စာပေချစ်သူများအတွက် အစားထိုးမရ သော  ပညာရှင်ကြီးတစ်ဦး ဆုံးရှုံးရခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ခေတ်စမ်းစာပေ၏ ဒုတိယမျိုးဆက် ဟု   ဆိုနိုင်သည့်အပြင်   ကဗျာဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်တို့၏  တပည့်ရင်း ဖြစ်သည်။ ကဗျာဆရာ၊      စာရေးဆရာများဖြစ်ကြသော ဂုဏ်ဝင်း၊ နောင်၊ ဗန်းမော်ညိုနွဲ့၊  ထွဏ်းနေနွယ်၊ တက္ကသိုလ်မင်းမော်တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ 
ဆရာကြီးမင်းယုဝေကို       ၁၉၂၈   ခုနှစ် စက်တင်ဘာလ  ၂၆   ရက်တွင်       ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့၌  အဖ ကုန်သည် ဦးထွန်းဆိုင်၊ အမိ  ဒေါ်သင်တို့ကဖွားမြင်သည်။      မွေးချင်း ရှစ်ယောက်ရှိသည့်အနက်    အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ ဦးဝင်းမောင်ဖြစ်သည်။ အထက်တန်း ကျောင်းသားဘဝတွင် “ဝင်းမောင်ဆိုင်” ဟု  အမည် တွင်ခဲ့သည်။
ပညာရေး
အသက် ခုနစ်နှစ်အရွယ်တွင် မိဘများနှင့်အတူ ကန်ကြီးထောင့်မှ  ပုသိမ်မြို့သို့ ပြောင်းရွှေ့နေထိုင် သည်။ ၁၉၄၆ ခုနှစ်တွင်   ပုသိမ်မြို့   အမျိုးသား အထက်တန်းကျောင်းမှ အထက်တန်းအောင်မြင် ခဲ့ပြီး ၁၉၅၁ ခုနှစ်တွင်  ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၅၅-၅၆ ခုနှစ်တွင် ဗြိတိသျှကောင်စီ ပညာသင်ဆုရရှိပြီး  လန်ဒန်တက္ကသိုလ် အရှေ့တိုင်း ဘာသာရပ်များလေ့လာရေးကျောင်းတွင်  အဘိဓာန် နှင့်  ဘာသာပြန်ပညာတို့ကို သွားရောက်ဆည်းပူး ခဲ့သည်။ 
ဆရာကြီးသည် ဘွဲ့ရရှိပြီးနောက်  ပြန်ကြားရေး ဌာန  ညွှန်ကြားရေးဝန်ရုံးတွင် အထက်တန်းဘာသာ ပြန် အရာရှိ၊ ၁၉၅၂ ခုနှစ်မှ  ၁၉၅၉ ခုနှစ်အတွင်း အင်းစိန်ခရိုင်  ပညာအုပ်၊   စာပြု၊   စာပေဗိမာန်၊ လက်ထောက်စာတည်း၊       ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန စသည်တို့ တွင်   တာဝန်ထမ်းဆောင်သည်။   ၁၉၅၉ ခုနှစ်တွင် လက်ထောက်စာတည်းအလုပ်မှ     နုတ်ထွက်ပြီး မာလာမြိုင်ပုံနှိပ်တိုက်ကို  တည်ထောင်သူတာဝန်ခံ အယ်ဒီတာအဖြစ် ငွေတာရီမဂ္ဂဇင်း၊ ငွေတာရီစာအုပ် များကို တည်းဖြတ်ထုတ်ဝေခဲ့သည်။
၁၉၆၈ ခုနှစ်တွင်        မြဝတီပုံနှိပ်တိုက်၏ အယ်ဒီတာချုပ်ဖြစ်လာကာ      မြဝတီမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း၊    လူငယ်ဂျာနယ်၊   တေဇရုပ်စုံ၊ တို့ကျောင်းသား စာအုပ်များအပြင် မြဝတီစာစဉ်မှ လုံးချင်းစာအုပ်များကို   တည်းဖြတ်ထုတ်ဝေခဲ့သည်။ ထိုအချိန်က   မြဝတီစာပေတိုက်မှ  ထုတ်ဝေသော စာအုပ်စာစောင်များမှာ  စောင်ရေသောင်းချီ ပုံနှိပ်ခဲ့ ရသည်။
၁၉၇၉ ခုနှစ်တွင် မြဝတီပုံနှိပ်တိုက် အယ်ဒီတာ ချုပ်အဖြစ်မှ အငြိမ်းစားယူကာ  အချိန်ပြည့်စာရေး ဆရာအဖြစ်      စာပေများရေးသား   ပြုစုခဲ့သည်။ ၁၉၈၀- ၈၄ ခုနှစ်အထိ    အံ့ဖွယ်သုတစာစောင်၊ မြစ်မခ စာပဒေသာ၊   မြစ်မခ အင်္ဂလိပ်စာဥယျာဉ် တို့တွင်  အယ်ဒီတာချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့ သည်။     မြတ်မင်္ဂလာ    ဘာသာရေးစာစောင်နှင့် မင်္ဂလာမောင်မယ်စာစောင်တို့ကို     ကွယ်လွန်ချိန် အထိ ရေးသားတည်းဖြတ်ထုတ်ဝေခဲ့သည်။
စာပေလောကသို့ ဝင်ရောက်ပုံ 
ဆရာကြီးသည်   စာဖတ်ခြင်း၊   စာရေးခြင်းကို ငယ်စဉ်ကစ၍   ဝါသနာပါခဲ့သည်။   အသက် ၁၄ နှစ်သား အရွယ်မှစ၍ ကျောင်းသားရေးရာ  စာစောင် များတွင် စာပေများ စတင်ရေးသားခဲ့သည်။ ၁၉၄၄ ခုနှစ်  အသက် ၁၆ နှစ်အရွယ် အဋ္ဌမတန်းတွင် ပုသိမ် ခရိုင် အာရှလူငယ်ညီလာခံက ကျင်းပသည့်  လူငယ် စာပေပြိုင်ပွဲတွင်     “ပြုပြင်သွန်သင်ကြလော့” ဆောင်းပါးဖြင့် ပထမဆု ရရှိခဲ့သည်။ ဆရာကြီးသည် ခုနစ်တန်းအရွယ်ကတည်းကပင်     ကဗျာများ စတင်ရေးသားခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ရှုမဝမဂ္ဂဇင်း၌ “မိခင် အသို့နေမည်နည်း” ကဗျာကို    စတင်ဖော်ပြ ခြင်း ခံရသည်။  တာရာမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၅ တွင် ပုံနှိပ်ဖော်ပြသော “နှုတ်ခမ်းနီ”  ဝတ္ထုတိုသည် ဆရာကြီးမင်းယုဝေ၏     ပထမဆုံးဝတ္ထုတိုဖြစ် သည်။  
၁၉၄၉ ခုနှစ်  ဒုတိယနှစ် ဥပစာအတန်း၌ရှိစဉ် ထုတ်ဝေခဲ့သည့် “ဘဝမာယာကဗျာများ” စာအုပ် သည်ပထမဆုံးလုံးချင်းစာအုပ် ဖြစ်သည်။  ဆရာကြီး သည် ၁၉၅၂ ခုနှစ်တွင်  ကဗျာဆရာမကြီး ငွေတာရီ နှင့် လက်ထပ်ခဲ့ပြီး ဇနီးမောင်နှံ တွဲဖက်၍လည်း စာအုပ်များ ထုတ်ဝေခဲ့သည်။
ဆရာကြီးမင်းယုဝေသည်  စာနယ်ဇင်းများတွင် စာမူများ၊  ကဗျာများ   အဆက်မပြတ်ရေးသားခဲ့ပြီး လုံးချင်းစာအုပ် ၄၂ အုပ် ရေးသားထုတ်ဝေခဲ့သည်။ ယင်းတို့တွင်   ကဗျာစာအုပ်များ၊   စာပေဆိုင်ရာ စာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊   အတ္ထုပ္ပတ္တိ ဆိုင်ရာစာအုပ်များ၊     ခရီးသွားမှတ်တမ်းဆိုင်ရာစာအုပ်များ  စသည်တို့ ပါဝင်သည်။  ယင်းတို့အနက် ငွေတာရီနှင့်တွဲဖက်ပြန်ဆိုသော “အီစွတ်ပုံပြင်များ” စာအုပ်သည် ၁၉၅၄ ခုနှစ်အတွက်  စာပေဗိမာန် ဘာသာပြန်စာပေဆု ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ထုတ်ဝေသော   “ရေခပ်ချိန် ကဗျာများ” စာအုပ် သည် ၁၉၇၂ ခုနှစ်အတွက် အမျိုးသားစာပေ (ကဗျာ) ဆု ရရှိခဲ့သည်။ ဆရာတိုက်စိုးနှင့် တွဲဖက်ရေးသော “မြန်မာစာမိတ်ဖွဲ့” (၁၉၆၅-၆၆) စာအုပ်သည် စာပေ ဝါသနာရှင်များ အထူးအားပေးခြင်းခံရပြီး  အကြိမ် များစွာ    ပြန်လည်ထုတ်ဝေခဲ့ရသည်။   ထိုစာအုပ် သည်      တက္ကသိုလ်မြန်မာစာအဓိကအတန်းနှင့် ပညာရေးတက္ကသိုလ်    မြန်မာစာအတန်းတို့တွင် ပြဋ္ဌာန်းခြင်း ခံခဲ့ရသည်။
ထင်ရှားသောစာအုပ်
ဆရာကြီးမင်းယုဝေ၏   ထင်ရှားသောစာအုပ် များမှာ ကဗျာပရိယာယ် (မင်းသုဝဏ်နှင့် မင်းယုဝေ) (၁၉၆၃)၊ မြန်မာစာမိတ်ဖွဲ့ (တိုက်စိုးနှင့် တွဲဖက် - ၁၉၆၅)၊     စာဆိုနှင့်  သုတေသီ   (တိုက်စိုးနှင့် မင်းယုဝေ-၁၉၆၇)၊    ပထမမြန်မာများ   (၁၉၆၈)၊ စာလောက   လူ့လောက (၁၉၇၀)၊     အိုမာခယမ် (ဘာသာပြန်-၁၉၇၂)၊ ပွင့်စ  စပယ် ကလေးကဗျာများ (၁၉၇၃)၊ ရဲသုံးဘော်နှင့် အခြားပုံပြင်များ (ဂရင်း ပုံပြင်ဘာသာပြန် - ၁၉၇၄)၊ သူတို့အစ သူတို့ပထမ (၁၉၈၂)၊ မြန်မာပြည်သား (၁၉၈၃)၊ မြတ်မင်္ဂလာ ဗုဒ္ဓဝင်ရုပ်စုံ (၁၉၈၉)၊ သူတို့ရွာ သူတို့တံတား ဝတ္ထု ကဗျာ (၁၉၈၉)၊  ၃၈ ဖြာ  မင်္ဂလာပုံပြင်များ (၁၉၉၂)၊ တို့ပြည်တို့ရွာ ကဗျာများ (၁၉၉၄)၊ စကားကြီး ၁၀ မျိုး ရုပ်ပြ  (၁၉၉၅)၊  ဇာတ်ကြီး ဆယ်ဘွဲ့ အနှစ်ချုပ် (၁၉၉၅)၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်   မြန်မာပုဂ္ဂိုလ် ကျော် ၂၀ (၂၀၁၃)၊ အနော်ရထာနှင့်  တို့ဘိုးဘွားများ (ဒု-ကြိမ်) (၂၀၁၇) တို့ ဖြစ်ကြသည်။     ဆရာကြီး မင်းယုဝေ၏ စာများ ကို အင်္ဂလိပ်၊ ဂျာမန်၊ တရုတ်၊ ဂျပန် စသည့်  ဘာသာများဖြင့် ပြန်ဆိုပြီး နိုင်ငံခြား တွင် ထုတ်ဝေခဲ့ကြသည်။
ရရှိခဲ့သည့်ဆုများ
ဆရာကြီးမင်းယုဝေသည်   ၂၀၀၅ ခုနှစ်တွင် နတ်ရေကန်ရွှေစောင်းစာပေဆု၊  ၂၀၀၆ ခုနှစ်တွင် တစ်သက်တာဓမ္မစာပေဆု၊ ၂၀၀၉ ခုနှစ်တွင် သုတ စွယ်စုံ တစ်သက်တာစာပေဆု၊ ၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ ၂၀၁၅ ခုနှစ်တွင် ဆရာဝန်တင်ရွှေ တစ်သက်တာစာပေဆုတို့ ချီးမြှင့် ခံခဲ့ရသည်။ 
ဆရာကြီးသည် ပညာရေးဝန်ကြီးဌာန မြန်မာစာ အဖွဲ့ဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေ ဆု ရွေးချယ်ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် မင်္ဂလာဗျူဟာအသင်းချုပ်နှင့် မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့တို့တွင် နာယကအဖြစ် လည်းကောင်း၊ အနာဂါမ်ဆရာ   သက်ကြီးဝိပဿနာအဖွဲ့ချုပ်တွင် နာယကအဖြစ် လည်းကောင်း သာသနာအကျိုးကို ဆောင်ရွက်ခဲ့သည်။
ဆရာကြီးသည်     အသက်  ၉၃ နှစ်အရွယ် အိုမင်းမစွမ်းချိန်    ရောက်ရှိနေပြီဖြစ်သော်လည်း စာပေ စိတ်ဓာတ်ကြီးမားစွာဖြင့် ပညာအား၊ ဉာဏ် အား၊ စိတ်ခွန်အား ကောင်းမွန်စွာဖြင့် မြတ်မင်္ဂလာ ဘာသာရေးစာစောင်နှင့်       မင်္ဂလာမောင်မယ် စာစောင်တို့တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက် လျက်   နေအိမ်မှာပင်   စာစောင်တို့ကို  ကြီးကြပ် တည်းဖြတ်ပေးခဲ့သည်။
ဆရာကြီးမင်းယုဝေတွင်    သမီးဒေါက်တာ ခင်ရီဝင်း    (မြန်မာစာပါမောက္ခ - ငြိမ်း) ၊    သား ဦးသက်ဝင်းတို့ ထွန်းကားပြီး အမှတ် ၃၄၃၊ အခန်း နံပါတ် ၃၊ ဒုတိယထပ်၊ ဓမ္မာရုံ ၁ လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့ကြောင်း သိရှိရပါသည်။

ကိုးကားသည့် စာအုပ်စာရင်း
    ၁။    ၁၃၈၁ ခုနှစ်  ကန်တော့ခံသက်ကြီးစာပေ ပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်း
    ၂။    မြန်မာစာပေပညာရှင် သက်တော်ရှည် စာရေး ဆရာကြီး မင်းယုဝေ၊     မောင်ခေတ်ထွန်း၊ စံတော်ချိန်နေ့စဉ်၊ ၁၆-၇-၂၀၂၁။