ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသူများကို အခမဲ့ပို့ဆောင်ပေး

 

ကျိုက်ထို  နိုဝင်ဘာ  ၄


မွန်ပြည်နယ်    ကျိုက်ထိုခရိုင်   ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်   ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင်   ဘုရားလာရောက် ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူ ၃၀၀၀ ခန့်အား ဘုရားပေါ်သို့အခမဲ့ပို့ဆောင်ပေးပြီး စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ထံမှ သိရသည်။

 


ဆံတော်ရှင်   ကျိုက်ထီးရိုးစေတီတော်   ဘဏ္ဍာ‌ တော်ထိန်း   ဂေါပကအဖွဲ့၊   တောင်တက်မော်တော် ယာဉ်အသင်း၊ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းရှင်များ နှင့် ဈေးသူဈေးသားများ   စုပေါင်း၍  ဘုရားပွဲတော် ကာလဖြစ်သည့် သီတင်းကျွတ်လပြည့်‌နေ့မှ ကဆုန် လပြည့်နေ့အထိ    ဘုရားပွဲတော်ကာလတစ်လျှောက် တွင်   ဘုရားဖူးပြည်သူများဖြင့်   စည်ကားစေလိုသည့် 
ရည်ရွယ်ချက်ဖြင့် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက် တို့တွင် ဘုရားဖူးပြည်သူများအား  တောင်တက် ကား (အခမဲ့) အတက်အဆင်း ပို့ဆောင်ခြင်း၊ ကင်မွန်းစခန်းတောင်ခြေတွင် စတုဒိသာဧည့်ခံ ကျွေးမွေးခြင်း၊  တောင်တော်ရင်ပြင်တွင်  စတု ဒိသာများကျွေးမွေးခြင်း၊  ရိုးရိုးလေးဟိုတယ် နှင့် တည်းခိုဆောင်များတွင် (အခမဲ့)တည်းခို ခွင့်ပြုခြင်း၊  တောင်တော်ရင်ပြင်ရှိ   တည်းခို ဆောင်များ၌ အခမဲ့တည်းခိုခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 


ထို့ပြင်  ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို   လာရောက်ကြသည့် ဘုရားဖူးပြည်သူများ   လုံခြုံအေးချမ်း‌စွာဖြင့် လာရောက်ဖူးမြော်နိုင်ရေးအတွက် ဆံတော်ရှင် ကျိုက်ထီးရိုးဂေါပကအဖွဲ့နှင့်  တာဝန်ရှိသူများ ပူးပေါင်း၍     ကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။        

 ပြည့်ဖြိုး(ကျိုက်ထို)