
မိုးပြည့်
ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှုအခြေအနေကို ခန့်မှန်းရသည်မှာ မလွယ်ကူတော့ပေ။ မျှော်သည့်အခါ မရွာ၊ မလိုမှ ရွာသွန်းတတ်သည့် မိုးဖြစ်လာသည့်အတွက် တောင်သူများသည် ဆည်တာတမံများမှ ပေးဝေသည့် စိုက်ပျိုးရေကို အားထားကြရသည်။ ထိုသို့ စိုက်ပျိုးရေပေးဝေလျက်ရှိသည့် ဆည်တာတမံများသည် တောင်သူများကို အကျိုးပြုလျက်ရှိသည် မှန်သော်လည်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဆည်တာတမံများ ထိခိုက်ပျက်စီးကာ ပြည်သူများ ဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် အထူးအလေးပေး စီမံဆောင်ရွက်နေသည်။
ကမ္ဘာနှင့်အဝန်းဖြစ်ပေါ်နေသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များအရ အချိန်တိုအတွင်း မိုးရွာ သွန်းမှုများပြားခြင်းကြောင့် ရေကြီးနစ်မြုပ်မှု သဘာဝဘေးအန္တရာယ်များ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့လာရသည်။ သို့အတွက် တည်ဆောက် ထိန်းသိမ်းထားသော ရေလှောင်တမံများ၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ နေ့စဉ်ပုံမှန် စစ်ဆေးခြင်း ဆောင်ရွက်ကာ မှတ်တမ်းရေးသွင်း ခြင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
ကြံ့ခိုင်မှုစစ်ဆေး
ရေလှောင်တမံများကြံ့ခိုင်မှုကို နေ့စဉ်ပုံမှန် စစ်ဆေးခြင်းများအပြင် မိုးရာသီမတိုင်မီ ကျွမ်းကျင် ပညာရှင် တမံစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေး၍ ဆောင်ရွက်သင့်သည့် လုပ်ငန်း များ၊ ကွင်းဆင်းစစ်ဆေးမှု အစီရင်ခံစာပြုစုတင်ပြ ခြင်း၊ မိုးရာသီမတိုင်မီ ပြုပြင်ထိန်းသိမ်းခြင်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် အလေးထား ဆောင်ရွက်လျက် ရှိသည်။ အကယ်၍ မိုးရာသီကာလတွင် ရေပိုလွှဲမှ ရေကျော်သည့် အခြေအနေမျိုး တည်ရှိလာပါက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ ဝန်ထမ်းများသည် ရေကျော်ကျသည့် အချိန်မှစ၍ ၂၄ နာရီ နေ့/ ည နာရီစဉ် ကင်းလှည့်စောင့်ကြည့်ခြင်း များ ဆောင်ရွက်လျက်ရှိသည်။
အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက်
ရေလှောင်တမံများတွင် သဘာဝဘေး အန္တရာယ်တစ်ရပ်ရပ်ကြောင့် ကျိုးပေါက်မှုမဖြစ်ပေါ် စေရေးနှင့် အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ် လာပါက တမံအောက်ဘက်ရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှု လျော့ပါးသက်သာစေရေးအတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ ကြိုတင်စီမံခန့်ခွဲ ဆောင်ရွက် နိုင်ရန် ရေလှောင်တမံတစ်ခုချင်းအလိုက် အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်ကို နှစ်စဉ် ရေးဆွဲထားရှိပြီး သဘာဝဘေးအန္တရာယ် အရေးပေါ် အခြေအနေ အဆင့်(၃)ဆင့် သတ်မှတ်ထားသည်။ အရေးပေါ် အခြေအနေအဆင့်အလိုက် အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်အလံများကို ရေလှောင်တမံ၊ တာများရှိ ရေကင်းစခန်းများနှင့် ကျေးရွာအုပ်ချုပ် ရေးမှူးရုံးများတွင် စိုက်ထူပြီး အလံအရောင်များ၏ အဓိပ္ပာယ်သတ်မှတ်ချက်များကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပြည်သူများအား အသိပေး နှိုးဆော်ထားပြီး ဖြစ်သည်။
ဘေးကင်းလုံခြုံမှုတည်နေရာပြမြေပုံ
မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တမံအောက်ဘက်ဒေသရှိ ပြည်သူများအသက်အိုးအိမ်စည်းစိမ် ထိခိုက်မှု လျော့ပါးသက်သာစေရန် ဘေးကင်းလုံခြုံမှု တည်နေရာပြ မြေပုံရေးဆွဲ၍ ဘေးကင်းရာသို့ စနစ် တကျ ရွှေ့ပြောင်းနိုင်ရန်၊ ဘေးအန္တရာယ်မှကင်းလွတ် စေရန် စီမံဆောင်ရွက်လျက်ရှိသည်။ သို့အတွက် ပေါင်းလောင်းရေလှောင်တမံ၊ ဆွာချောင်းရေလှောင် တမံ၊ ကတိုက်ရေလှောင်တမံ၊ ကြီးအုံကြီးဝရေလှောင် တမံ၊ မန်းချောင်းရေလှောင်တမံ၊ကညင်ရေလှောင် တမံ၊မမြရေလှောင်တမံ၊ သုံးဆယ်ရေလှောင်တမံ နှင့် မုက္ခာရေလှောင်တမံများတွင် ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ ရေးဆွဲထားရှိပြီး ဖြစ်သည်။
တမံကြံ့ခိုင်ရေးဆိုင်ရာလုပ်ငန်းများ
ရေလှောင်တမံများ၏ ကြံ့ခိုင်မှုစစ်ဆေးရာတွင် လည်း တည်ဆောက်ထားရှိပြီးဖြစ်သည့် ရေလှောင် တမံများတွင် ငလျင်ဒဏ်ခံနိုင်ရည်ရှိမှုကို ယနေ့ ခေတ်အခြေအနေနှင့်ကိုက်ညီသည့် အချက်အလက် များကို အသုံးပြုကာ ခေတ်မီနည်းပညာဖြင့် တွက်ချက်စစ်ဆေးပြီး လိုအပ်လျှင် ကြံ့ခိုင်မှုကောင်း စေရန် အားဖြည့်တည်ဆောက်ခြင်းများ ဆောင်ရွက် လျက်ရှိရာ ရဲနွယ်ရေလှောင်တမံနှင့် မုန်းရေလှောင် တမံတို့တွင် တမံကြံ့ခိုင်ရေးဆိုင်ရာလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနသည် ရေလှောင်တမံ ၂၄၅ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင် ၂၁၀ လုပ်ငန်းစုစုပေါင်း ၈၇၀ တည်ဆောက် ထိန်းသိမ်းထားရှိသည်။ အဆိုပါ ဆည်တာတမံများမှ စိုက်ပျိုးတောင်သူများအတွက် နှစ်စဉ် မိုးစပါးအောင် ရေပေးဝေခြင်း၊ နွေစပါး၊ နွေသီးနှံ စိုက်ပျိုးရေပေးဝေ ခြင်း အချို့သော ဆည်/ ကန်များမှ သောက်သုံးရေ ပေးဝေခြင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ် ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
သို့သော် ထူးကဲရာသီဥတု ပြောင်းလဲမှုဖြစ်စဉ် ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးဆုံးရှုံးမှု ကြုံရသကဲ့ သို့ အခြားတစ်ဖက်တွင် ရာသီအလိုက် မိုးရွာသွန်းမှု နည်းပါးခြင်း၊ ရေဝေရေလဲဧရိယာတွင် မိုးရွာသွန်းမှု ပုံစံမမှန်ခြင်းကြောင့် ဆည်/ ကန်များအတွင်း ရေဝင် နည်းပါးကာစိုက်ပျိုးရေ၊ သောက်သုံးရေ ရှားပါးသည့် သဘာဝဘေးအန္တရာယ်အကျိုးဆက်များကြောင့် စိုက်ပျိုးတောင်သူများအား ထိခိုက်နိုင်သည့်အတွက် ဖြေရှင်းကျော်လွန်သွားနိုင်မည့် လုပ်ငန်းရပ်များကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ လက်ရှိတွင် စိုက်ပျိုးရေ၊ သောက်သုံးရေ ရှားပါးမှု လျော့နည်းစေရန်အတွက် မိုးရေခံနည်းပညာကို အသုံးပြု၍ ရေသိုလှောင်ခြင်း၊ ချောင်းပိတ်၊ မြောင်းပိတ်၊ ယာယီတမံငယ်များပိတ်၍ ရေသိုလှောင် ခြင်း စသည့်လတ်တလောအကျိုးပြုသည့် လုပ်ငန်း များ၊ မြေအောက်ရေဖြည့်တင်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သည်။
ထို့ပြင် ရေစီးရေလာသေချာ ကောင်းမွန်သည့် နေရာများတွင် ရေလွှဲဆည်၊ ကန်နှင့် တမံငယ်များ ဆောင်ရွက်ခြင်း၊ မြစ်ရေတင် စခန်းသစ်များ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ နှစ်ရှည်လုပ်ငန်းများအနေဖြင့် ရေလှောင်တမံများ ရေနည်းပါက ရေကူဖြည့်တင်းပေးနိုင်သည့် ရေကူ ရေသွယ်မြောင်းများ ဆောက်လုပ်ခြင်း၊ ရေကူ ရေလှောင်တမံများ တည်ဆောက်ခြင်းများကို ဖော်ဆောင်လျက်ရှိသည်။
မြေအောက်တမံ တည်ဆောက်ခြင်းများ
မိုးရွာသွန်းမှုနည်းပါးပြီး မိုးရွာသွန်းကာလတို သည့် ရေခက်ခဲသော မိုးခေါင်ရေရှားဒေသများတွင် သောက်သုံးရေရရှိရေးအတွက် သဲချောင်းများတွင် မြေအောက်တမံ တည်ဆောက်ခြင်းများကိုလည်း ကာလတိုအတွင်း ဆောင်ရွက်လျက်ရှိရာ မကွေး တိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ကျောက်ထပ်မြေအောက်တမံနှင့် သဲတော မြေအောက် တမံ၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဝါခင်းကြီးချောင်းမြေအောက်တမံတို့ကို ဆောင်ရွက် ခဲ့ပြီး ဖြစ်သည်။
အလားတူ သောက်သုံးရေလိုအပ်ချက်အတွက် မန္တလေးတိုင်းဒေသကြီးတွင် တောင်ဇင်းချောင်း၊ ဘောလုံးကျွန်းချောင်းနှင့် စိတ္ထိန်းချောင်းများတွင် မြေအောက်တမံများ တည်ဆောက်၍ လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် အောင်နန်းမြေအောက် တမံ၊ ကျတ်ပြည့်မြေအောက်တမံ၊ ဖောင်ကျောင်း မြေအောက်တမံ၊ ရိုးရမြေအောက်တမံ၊ ဥသျှစ်ကုန်း မြေအောက်တမံနှင့် ရေထွက် မြေအောက်တမံများကို တည်ဆောက်အကောင်အထည်ဖော်ပြီး ပြည်သူ့ အကျိုးပြု ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့သည်။
ရေအသုံးချသူအဖွဲ့များ ဖွဲ့စည်း
မိုးခေါင်မှု သဘာဝဘေးကြောင့် ရေရှားပါးမှုများ ဖြစ်ပေါ်လာပါက ရေကိုအကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေအသုံးချသူများအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိရာ တစ်နိုင်ငံလုံးတွင် အဖွဲ့ဝင် တောင်သူ ၂၂၄၇၈၀ ပါဝင်သည့် ရေအသုံးချသူများအဖွဲ့ ၈၆၂၃ ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။
ရေဘေးကာကွယ်ရေး
မြို့ပြကျေးရွာအိုးအိမ်များ၊ စိုက်ပျိုးမြေများ နှစ်စဉ် မိုးရာသီ ရေဘေးအန္တရာယ်မှကာကွယ်ရန် ရေဘေးကာကွယ်ရေးနှင့် ရေငန်တား တာ ၂၃၀၊ (အလျား ၂၅၁၉ မိုင်) ကို ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ထိန်းသိမ်း ထားရှိပြီး ရေဘေးကာကွယ်ရေး ဧရိယာဧက ၂၇ ဒသမ ၂၇ သိန်းကို နှစ်စဉ် ရေကြီးနစ်မြုပ်မှုအန္တရာယ်မှ ကာကွယ်ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့နေရသော ရေကြီးနစ်မြုပ်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် နှင့် ရေကြီးနစ်မြုပ်မှု သက်သာစေရေးအတွက် ဝန်ကြီးဌာန၏ ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသ ကြီး/ ပြည်နယ်ရန်ပုံငွေဖြင့် ချောင်းကော၊ မြောင်း ကော၊ သဘာဝရေနုတ်မြောင်းများ ပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ၊ မြစ်ကမ်းပါး၊ ချောင်း ကမ်းပါးရှိ တာတမံများ အသစ်တည်ဆောက်ခြင်း၊ တာတမံ တောင့်တင်းခိုင်မာအောင်ပြုပြင်ခြင်းနှင့် ပင်လယ်ဒီရေ မဝင်ရောက်နိုင်ရန် ရေငန်တား တာ များ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် နှစ်စဉ် အကောင်အထည်ဖော်လျက်ရှိသည်။
ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်မှု အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ရေကြီး နစ်မြုပ်မှု ကာကွယ်ရေးလုပ်ငန်းပေါင်း ၄၀၈ ခု ဆောင်ရွက်နိုင်ခဲ့ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပေါင်း ၇၃၁ ခုကို ဆောင်ရွက်လျက် ရှိသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီး ဌာနသည် ရေဘေးကာကွယ်ရေး တာများတွင် နှစ်စဉ်မိုးရာသီမတိုင်မီ တာတမံကွင်းဆင်းစစ်ဆေး ရေးအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးမှု အစီရင်ခံစာများ ပြုစုတင်ပြ ခြင်း၊ လိုအပ်သည့်နေရာများတွင် တာကြံ့ခိုင်မှုရှိ စေရန် အချိန်မီပြုပြင်ခြင်းများ နှစ်စဉ်ဆောင်ရွက် လျက်ရှိသည်။
မြစ်ရေကြီးမှုဖြစ်လာပါက ၂၄ နာရီ နေ့ကင်း၊ ညကင်းဖြင့် ကင်းလှည့်စောင့်ကြည့်ခြင်း၊ ကျိုးပေါက်မှု ဖြစ်ပေါ်နိုင်ပါက ကြိုတင်ကာကွယ်မှု လုပ်ငန်းများ ချက်ချင်းအရေးပေါ်ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာကွယ်ရေးပစ္စည်းများ ကြိုတင် စုဆောင်းခြင်းတို့ကို မဖြစ်မနေဆောင်ရွက်လျက် ရှိသည်။ မိုးရာသီကာလ ရေဘေးကာကွယ်ရေး တာများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ သရုပ်ပြပွဲများပြုလုပ်ပြီး ဒေသနေပြည်သူများ ပူးပေါင်းပါဝင်ရန် အသိပညာပေး လှုံ့ဆော်လျက် ရှိသည်။
ကြိုတင်ကာကွယ်ရေး အစီအမံများ
သို့ဖြစ်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေး ဦးစီးဌာနသည် ရာသီဥတုပြောင်းလဲမှုအရ ပေါ်ပေါက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကြောင့် ဆည်တာတမံထိခိုက်ကာ ပြည်သူများ ဘေးအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အစီအမံများကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်မှလည်း စိုက်ပျိုး တောင်သူများအတွက် လိုအပ်သည့် မိုးစပါး အောင်ရေ ပေးဝေခြင်း၊ နွေစပါး၊ နွေသီးနှံ စိုက်ပျိုးရေ ပေးဝေခြင်း အချို့သော ဆည်/ ကန်များမှ သောက်သုံးရေ ပေးဝေခြင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးခြင်းတို့ဖြင့် ပြည်သူ့အကျိုးကို ကြိုးပမ်းဖော်ဆောင်နေမည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။ ။
- Log in to post comments