
နေပြည်တော် အောက်တိုဘာ ၁၁
ဆည်ရေသောက် ဧရိယာအတွင်းရှိ စိုက်ကွင်းများ တွင် ဒေသရေမြေ ရာသီဥတုနှင့် လိုက်လျောညီထွေပြီး တောင်သူအတွက် ဝင်ငွေရ တွက်ခြေကိုက်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် သီးနှံပုံစံများ ချမှတ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်က ရေသိုးရေလှောင်တမံ၏ ဝင်ရေသိုလှောင် ထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။
စိုက်ပျိုးရေပေးနိုင်ရေး
ဆက်လက်၍ ဒုတိယဝန်ကြီးအား ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိ သူများက နှစ်အလိုက် ဆည်ရေဝင်ရောက်မှု၊ ရေသို လှောင်နိုင်မှုနှင့် စိုက်ပျိုးရေ ပေးဝေနေမှု၊ ပင်မတမံ ရေထုတ်ပြွန်နှင့် ရေပို့လွှဲ အဆောက်အအုံများ၏ ကြံ့ခိုင်မှုဆိုင်ရာ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုကို လည်းကောင်း၊ ဘူမိ ရူပ စူးစမ်းလေ့လာတိုင်းတာခြင်း နှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က မိုးရာသီကာလ ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်း နှင့် ရေဝင်ရေထွက်နှင့် တမံလုံခြုံရေးဆိုင်ရာ မှတ်တမ်းများ စနစ်တကျထားရှိ ဆောင်ရွက်ရေး၊ မိုးစပါးအောင်ရေနှင့် နွေသီးနှံအတွက် လျာထား ချက်ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်ရေး လိုအပ် ချက်များကို ဆွေးနွေးမှာကြားသည်။
လယ်မြေနှင့် အခြားသီးနှံအတွက် ရေပေးဝေ
ရေသိုးရေလှောင်တမံသည် တမံအလျား ပေ ၇၅၀၊ တမံအမြင့် ပေ ၆၀ ရှိပြီး မြေသားတမံ အမျိုး အစားဖြစ်သည့် ရေသိုးရေလှောင်တမံ၌ လက်ရှိအချိန် တွင် ကန်ရေပြည့် သိုလှောင်ထားနိုင်လျက်ရှိပြီး ရေထုတ်ပြွန်နှင့် ရေပို့လွှဲမှာ သံကွန်ကရစ် အမျိုးအစား ဖြစ်ကာ လယ်မြေဧရိယာ ဧက ၂၀၀၀ နှင့် အခြားသီးနှံ စိုက် ဧရိယာ ဧက ၃၀၀၀ တို့ကို စိုက်ပျိုးရေပေးဝေ လျက်ရှိသည့်အပြင် ဒေသနေပြည်သူများ၏ တစ်နှစ် တာ သောက်သုံးရေ လိုအပ်ချက်နှင့် ဘောဓိကုန်း (အုတ်တွင်း) သကြားစက်ရုံ လည်ပတ်ရာတွင် လိုအပ်သော စက်ရုံသုံးရေ၊ လုပ်သားသုံးရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်