
နေပြည်တော်၊ ၂-၈-၂၀၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်း မှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ် က ထူးခြားအသွင်သဏ္ဌာန်ရှိသည့် ဆင်ဖြူတော် (အထီး) ကလေး (၁)စီးအား ၂၃-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်း မင်္ဂလာအချိန် ၀၆:၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ အရပ် အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကျော အလျား ၂ ပေ၊ အမြီးအလျား ၁ ပေ ၆ လက်မနှင့် မွေးဖွားစ ကိုယ် အလေးချိန် ၁၈၀ ပေါင်ခန့် ရှိပါ သည်။
ရှေးသမိုင်း ပညာရှိများ၏ မိန့်ဆိုချက်များအရ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ များသည် မျက်လုံး ပုလဲရောင်၊ ငှက်ပျောကိုင်း သဏ္ဌာန်ကျောကုန်း၊ အဖြူကဲ့သို့ အမွေးရောင်၊ အမြီးမှာ တံခါးပိတ်လက်ဝါး ပုံသဏ္ဌာန်၊ အရေပြား ဩဇာကွက်၊ အသားအရေ ပန်းရောင်၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၅ ခုစီ ပါပြီး နားရွက်မှာ နားကြီးခြင်းတို့ ရှိရမည်ဖြစ် ကြောင်း အချက် ၈ ချက်ဖြင့် ဖော်ပြထားပါသည်။
အထက်ဖော်ပြပါ ရခိုင်ပြည်နယ်တွင် ထပ်မံ ပေါ်ထွန်းသည့် ဆင်ဖြူတော် (အထီး) ကလေး သည် ဆင်ဖြူတော် များ၏ ကြန်အင်လက္ခဏာ များအနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်း မှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေး အဖြူရောင်ဖြစ်ခြင်း၊ အမြီးတခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်း တို့ကြောင့် ဆင်ဖြူတော်ကလေးမှာ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ များနှင့် ကိုက်ညီမှုရှိကြောင်းနှင့် အချက် ၈ ချက် တွင် ၇ ချက် ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိ ရပါသည်။
ယခင် ပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၉ စီး တွင် ပထမဆုံးပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၁ စီး သာ ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီခဲ့ပြီး ကျန် ဆင်ဖြူတော် ၈ စီးမှာ အများဆုံး ၆ ချက်သာ ကိုက်ညီသည်ကို စိစစ်တွေ့ရှိရပါသည်။
ယခု ပေါ်ထွန်းလာသည့် ဆင်ဖြူတော်ကလေး မှာ အသက် (၁၀) ရက်သားတွင် အရပ်အမြင့် ၂ ပေ ၅ လက်မခွဲခန့်နှင့် ကိုယ်အလေးချိန် ၁၉၀ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန