ဆင်ခြင်တုံတရားဖြင့် သတိထား အမှန်နှင့်အမှား ဝေဖန်ပိုင်းခြား

 

နှစ်စဉ် အောက်တိုဘာလ၏ စတုတ္ထပတ်သည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ် ဖြစ်သည်ဟု ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က သတ်မှတ်ထားသည်။ ၁၇ ရာစုတွင် ပေါ်ပေါက်လာ ခဲ့သော သတင်းစာများမှသည်  ရေဒီယို၊  ရုပ်မြင်သံကြား အစရှိ သော အများပြည်သူထံ  သတင်းအချက်အလက်ဖြန့်ချိပေးသည့် နည်းလမ်းများသည်လည်း      မီဒီယာများပင်ဖြစ်သည့်တိုင် အင်တာနက်ခေတ်သို့ရောက်မှ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု (Media and Information Literacy) က ကမ္ဘာနှင့် ချီ၍ ကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။


မီဒီယာနှင့်  သတင်းအချက်အလက်သိနားလည်မှုဆိုသည် မှာ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက် အစရှိသည့် မီဒီယာများမှ ထုတ်ပြန်ပေးလိုက်သည့် သတင်းအချက်အလက် အကြောင်းအရာများ၊ ဓာတ်ပုံ၊ ရုပ်ပုံ၊ ရုပ်ရှင်များ၊ သင်္ကေတများ အစရှိသည့် ဖော်ပြချက်များကို ချင့်ချိန်၊ အကဲဖြတ်၊ အနက်ကောက်၊ ပါဝင်ဆောင်ရွက်နိုင်သည့် စွမ်းရည်ဟုဆိုသည်။ မီဒီယာများသည် စီးပွားရေးထုတ်ကုန်များပင် ဖြစ်စေကာမူ အခြားထုတ်ကုန်များ နှင့် မတူဘဲ  စားသုံးသူလူထုအပေါ်တွင် တစ်စုံတစ်ရာ လွှမ်းမိုး နိုင်စွမ်းရှိကြသည်။ မီဒီယာများက လူထု၏ အပြုအမူများအပေါ် တွင် ဩဇာညောင်းကြသည်။   ဤအချက်ကို   သိရှိကြသည့် နိုင်ငံရေး၊ စီးပွားရေး အစရှိသော နယ်ပယ်အသီးသီးတို့မှ ပုဂ္ဂိုလ် များ၊  အဖွဲ့အစည်းများ  စသည်တို့က ၎င်းတို့၏ အကျိုးစီးပွား  အတွက်    မီဒီယာအတတ်ပညာနှင့်    မီဒီယာနည်းလမ်းများကို အသုံးချကာ ပြည်သူလူထုကို ၎င်းတို့လိုရာ လုပ်နိုင်စေရန် ဆောင် ရွက်လာကြသည်။ 


ထိုအခါ    မည်မျှလွတ်လပ်သည့်မီဒီယာ၊    မည်မျှကျင့်ဝတ် စောင့်ထိန်းသည့်မီဒီယာ စသည်ဖြင့် ကြွေးကြော်စေကာမူ ၎င်းတို့ ထံမှ ရရှိသည့် သတင်းအချက်အလက်များကို စဉ်းစားချင့်ချိန်ရန်၊ ခွဲခြမ်းစိတ်ဖြာရန်၊ ဝေဖန်သုံးသပ်ရန် လိုအပ်လာသည်။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့ခေတ်တွင်ပင် ကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်း၊ တာဝန်ယူမှု တာဝန်ခံမှုတို့ဖြင့် ထိန်းချုပ်ထားစေကာ မူ ဘက်လိုက်မှု၊  လိုရာဆွဲရေးသားဖော်ပြမှု၊ မမျှတမှု စသည်တို့ နှင့် မကင်းခဲ့ရာ လူတိုင်း စမတ်ဖုန်းကိုင်နိုင်ပြီး လူတိုင်း ဂျာနယ်လစ် ဖြစ်နိုင်သည့်   ဒစ်ဂျစ်တယ်ခေတ်တွင်    အွန်လိုင်းပေါ်မှသတင်း များ၊ အချက်အလက်များ၊ အသံများ၊ ရုပ်ပုံ၊  ဓာတ်ပုံ၊ ရုပ်ရှင်များ စသည်တို့ကို ပို၍ချင့်ချိန်ရန်၊  စိစစ်ရန်၊  ဝေဖန်သုံးသပ်ရန် လိုအပ် လာသည်။   သတင်းတု    သတင်းမှားများသည်   ဒစ်ဂျစ်တယ် နည်းပညာခေတ်တွင်       အလွန်လျင်မြန်သောနှုန်းထားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခြင်းက လူတစ်ဦးချင်းအတွက်၊ လူမျိုးစု များအတွက်၊ နိုင်ငံများအတွက် ကြီးမားသည့် အန္တရာယ်ပင်ဖြစ်ရာ ကမ္ဘာပေါ်ရှိ လူသားအားလုံး မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု မြင့်မားရန် လိုအပ်သည်။ 


မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူအများစုမှာ လူမှု ကွန်ရက်တစ်ခုခုကို     သုံးစွဲနေကြခြင်းဖြစ်ပြီး    သတင်းအချက် အလက်များကိုလည်း လူမှုကွန်ရက်မှပင် ရယူနေကြခြင်းဖြစ်သည်။ ဖေ့စ်ဘုတ်၊ အင်စတာဂရမ်၊ အိတ်က်စ် အစရှိသည့် လူမှုကွန်ရက် များကို သတင်းရင်းမြစ်များအဖြစ် မှီခိုမှုများပြားလာခြင်းကြောင့် သတင်းစာ၊ ရေဒီယို၊  ရုပ်မြင်သံကြားတို့မှ  သတင်းရယူမှု လျော့ နည်းသွားသည်။     လူမှုကွန်ရက်အသုံးပြုမှု   လျင်လျင်မြန်မြန် တိုးတက်များပြားလာသော်လည်း   မီဒီယာနှင့်  သတင်းအချက် အလက် သိနားလည်မှု  လွန်စွာ အားနည်းလျက်ရှိသေးကြောင်း လူမှုကွန်ရက်များ၌ပင် တွေ့ရှိနေရသည်။ လူပုဂ္ဂိုလ်ရေး သိက္ခာချ တိုက်ခိုက်မှုများ၊ ဘာသာလူမျိုးတစ်ခုနှင့်တစ်ခုအကြား အမုန်း ပွားစေမည့် အပြောအဆို အရေးအသားများ၊ နိုင်ငံရေးရည်ရွယ် ချက်ဖြင့် ဘာသာရေးနှင့်   ယဉ်ကျေးမှုအပေါ်   ပုတ်ခတ်မှုများ၊ သတင်းအတုအယောင်များ၊ သတင်းလိမ် သတင်းမှားများ စသည် တို့က လူမှုကွန်ရက်ကို ဖုံးလွှမ်းနေသည်။ သို့ဖြစ်ရာ အွန်လိုင်း ပေါ်တွင် တွေ့သမျှ၊ မြင်သမျှ၊ ကြားသမျှတို့အပေါ် ချင့်ချိန်ဝေဖန် စိစစ်နိုင်ရန် မီဒီယာနှင့်  သတင်းအချက်အလက်  သိနားလည်မှု မြင့်မားဖို့လိုသည်။ 


ဒစ်ဂျစ်တယ်နည်းပညာသည် ကမ္ဘာကြီးကို အရှိန်အဟုန်ဖြင့် ပြောင်းလဲစေခဲ့သလို အန္တရာယ်များကိုလည်း အများအပြား ဆောင်ယူလာခဲ့သည်။ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ အခြေအနေတွင် ဒစ်ဂျစ်တယ်ပလက်ဖောင်းမှတစ်ဆင့် အဖျက် အမှောင့်အန္တရာယ်များ   ဝင်ရောက်လျက်ရှိနေရာ   လူတိုင်းက ဆင်ခြင်တုံတရားဖြင့်  သတိထားကာ   အမှန်နှင့်အမှား   ဝေဖန် ပိုင်းခြားနိုင်ကြရပါမည့်အကြောင်း။        ။