အယ်ဒီတာ့အာဘော်
============
ဆန္ဒမဲပေးကြဖို့ မဲရုံဆီသို့သွားကြစို့
===================
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းလုံး၌ ယနေ့ တစ်ပြိုင်တည်းကျင်းပနေပြီဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွက် မင်္ဂလာရှိသော နေ့တစ်နေ့အဖြစ် တောင်းဆုခြွေလိုက်ရပါသည်။ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းဖော်ဆောင်ရာ၌ ပိုမိုကောင်းမွန်သော ကဏ္ဍသစ်ကို ပြည်သူလူထုနှလုံးသားမှ အသစ်တစ်ဖန်ထပ်မံ မွေးဖွားပေးသော နေ့ဖြစ်၍ အောင်မြင်ခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံသင့်ပါသည်။
မြန်မာနိုင်ငံတွင် ငါးနှစ်လျှင် တစ်ကြိမ်ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယခုအကြိမ်အပါအဝင် သုံးကြိမ်တိုင်တိုင် ကျင်းပ နိုင်ခဲ့ပြီး ယခု တတိယအကြိမ်ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ အပါအဝင် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ အတိုက်အခိုက်များကြားမှ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပခဲ့ရခြင်းဖြစ်သည်။ အသည်းကြားမှ မဲတစ်ပြား၊ အခက်အခဲကြားမှ မဲတစ်ပြားသည် ပိုမိုတန်ဖိုးကြီးမားပါသည်။ ထို့ကြောင့် သက်ဆိုင်ရာမဲရုံသို့ အရောက်သွား၍ နိုင်ငံသားတစ်ယောက်၏ တာဝန်ကို မှန်မှန်ကန်ကန် ကျေကျေပွန်ပွန် ဆန္ဒပြုပါဝင်ကြဖို့လိုမည် ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ နိုင်ငံသူ နိုင်ငံသား များမှအပ ကျန်ရှိသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများသည် ယနေ့နံနက် ၆ နာရီမှစတင်၍ ညနေ ၄ နာရီအထိတိုင် မိမိတို့ နေထိုင်ရာ ရပ်ကွက်/ကျေးရွာ မဲရုံများဆီသို့ ကိုယ်တိုင်သွားရောက်ကာ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအား ကိုယ်တိုင်ရွေးချယ်ပြီး ကိုယ်စီဆန္ဒမဲပေးကြဖို့ နှိုးဆော်အပ်ပါသည်။ မဲပေးခွင့်ရှိသူ ပြည်သူများအနေဖြင့် မိမိ၏မဲစာရင်း အမှတ်စဉ်ကို သိရှိထားလျှင် ပိုမိုကောင်းမွန်ပြီး မိမိမဲပေးရမည့်မဲရုံဆီသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ သွားရောက်ရမည်ဖြစ်သည်။
မဲရုံအသီးသီးတွင် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲ ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆန္ဒမဲပေးခြင်းအစီအစဉ်ကို ပြုလုပ်ကြ ရာ၌ စိတ်ရှည်သည်းခံပြီး လုပ်ထုံးလုပ်နည်း လမ်းကြောင်းမှန်၊ မမှန် ကြည့်ရှု စစ်ဆေး ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မရှင်းလင်းသည့်အချက်များကို မဲရုံတာဝန်ရှိသူများကို မေးမြန်းနိုင်ပြီး ဆန္ဒပြုရာတွင် မည်သူ့အကူအညီမျှ မပါဘဲ မိမိတစ်ဦးတည်းသာ လျှို့ဝှက်ဆန္ဒမဲပေးရမည်ဖြစ်သည်။ ညနေ ၄ နာရီ ထိုးသွားသော်လည်း မဲရုံပရဝဏ်ထဲရောက်ရှိနေပါက မဲပေးခွင့်ရနိုင်သည်ကို သိရှိထားရမည်ဖြစ်သည်။
ယနေ့ဆန္ဒမဲပေးရာ၌ အရေးကြီးသောအချက်များမှာ မဲရုံအတွင်း ဝင်ရောက်ခွင့်ရသူများသည် လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို မထိခိုက်စေရန်အတွက် မဲရုံနှင့်မဲရုံပရဝဏ်အတွင်း ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်း၊ အသံဖမ်းခြင်းတို့ မပြုလုပ်ကြရန်လိုသည်။ သတ်မှတ်ချက်မှအပ မဲဆွယ်စည်းရုံးရာရောက်သည့် ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပစ္စည်းများ အသုံးပြုမှုတို့ မပြုလုပ်ရန် လိုသည်။ မဲရုံ၌ တည်ငြိမ်အေးချမ်းမှုရှိစေရန်၊ ရွေးကောက်ပွဲ တရားမျှတမှု ရှိစေရန်နှင့် ဆန္ဒမဲပေးခွင့်ရှိသူများ မဲရုံအတွင်းသို့ စည်းကမ်းတကျ ဝင်ရောက် နိုင်ရေးအတွက် မဲရုံ၌ တာဝန်ထမ်းဆောင်ကြသည့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်များနှင့်မဲရုံမှူး၊ မဲရုံအဖွဲ့ဝင် တစ်ဦးဦးတို့က တာဝန်အရ ညွှန်ကြားခြင်းကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
ယခုကာလတွင် အချို့ဒေသများ၌ UEC စာလုံး သုံးလုံးမပါသည့် အမှန်ခြစ် တံဆိပ်တုံးအတုများ ပေါ်ထွက်ကြောင်းကြားသိရသဖြင့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ဆန္ဒပြုရန် အမှန်ခြစ်တံဆိပ်တုံး မှန်၊ မမှန် သေချာစွာ စစ်ဆေးပြီး ဆန္ဒပြုရမည်ဖြစ်သည်။ အကယ်၍ တံဆိပ်တုံးမမှန်ကန်ပါက မဲရုံ တာဝန်ရှိသူများကို ချက်ချင်းသတင်းပို့ လဲလှယ်ဆောင်ရွက်ရမည်ဖြစ်သည်။ ယနေ့ မဲပေးပွဲပြုလုပ်ပြီးနောက် ဆန္ဒမဲများရေတွက်ချိန်တွင် လူစုလူဝေး မဖြစ်စေရန်အတွက် ရွေးကောက်ပွဲရလဒ်ကို မိမိနေအိမ်မှသာ နားစွင့် စောင့်ကြည့်ခြင်းဖြင့် ပူးပေါင်းပါဝင်ကူညီကြဖို့ လိုအပ်ပါသည်။
ရွေးကောက်ပွဲသည် နိုင်ငံတော်နှင့်ပြည်သူအတွက် လွန်စွာအရေးကြီး သဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဖြစ်မနေပါဝင် ဆန္ဒမဲပေးစေလို ပါသည်။ သို့မှသာ နိုင်ငံသားတစ်ယောက်၏တာဝန် ကျေပွန်မည်ဖြစ်သည်။ နိုင်ငံသားတစ်ယောက်၏ အရေးပါသောအခွင့်အရေးတစ်ခု မဆုံးရှုံးစေရေး အတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ပြည်သူများ ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချမှုရှိစေရန် ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက်ပေးထားသည်။
သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးကို အခက်အခဲ များ၊ စိန်ခေါ်မှုများကြားမှ အလေးထားဦးစားပေး ဆောင်ရွက်ထားသည် ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာ၊ လုံခြုံဘေးကင်းစွာဖြင့် မိမိတို့ သက်ဆိုင်ရာ မဲရုံများသို့ အရောက်သွား၍ မဲပေးကြပါစို့ဟု အသိပေးနှိုးဆော် လိုက်ရပါကြောင်း။ ။