
နေပြည်တော် ဇူလိုင် ၂၉
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် တာဝန်ရှိသူ များနှင့်အတူ ဇူလိုင် ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် နှင့် သနပ်ပင်မြို့နယ်တို့ရှိ Gasifier စက်ရုံများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရှိ စပါးခွံ Gasifier သုံး ရဲထွန်း ဆန်စက်သို့ ရောက်ရှိပြီး Gasifier စက်ရုံများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တိုင်းဒေသကြီး အတွင်း အသုံးပြုလျက်ရှိသည့် Gasifier စက်ရုံများနှင့် စက်ရုံ လည်ပတ်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် စက်ရုံအတွင်း လှည့်လည် ကြည့်ရှုပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များကို အကျိုးရှိ စွာသုံးစွဲရန် လိုအပ်ကြောင်း၊ ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံများကို အလဟဿမဖြစ် စေဘဲ Gasifier များဖြင့် လျှပ်စစ် ဓာတ်အား ထုတ်ယူသုံးစွဲရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် ကောင်းမွန်သော နိုင်ငံ၏ ရေမြေသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် ကျန်းမာရေး ဆိုးကျိုးများ မရှိစေရန် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင် ရွက်သွားရန်လိုကြောင်း မှာကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် တော်ဝင်ဟင်္သာ ဆန်စက်သို့ ရောက်ရှိပြီး စပါးခွံ လောင်စာသုံး Gasifier စက်ရုံနှင့် စပါးခွံလောင်စာတောင့် ပြုလုပ်နေ မှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်