ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

 

နေပြည်တော်    နိုဝင်ဘာ   ၂


ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊   စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ   ဝန်ထမ်းများနှင့်   ဒေသခံပြည်သူများ   စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍  တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌    နယ်မြေခံတပ်မတော်သားများက   တန်ဖိုးသင့် ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက် ရှိသည်။

 


ထိုသို့ ရောင်းချပေးလျက်ရှိရာ နိုဝင်ဘာ ၁ ရက်နှင့် ယနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်လေးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ဘုတ်ပြင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ အမ်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်၊ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ်၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်သုံးမြို့နယ်၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   မြို့နယ် သုံးမြို့နယ်နှင့်  ပဲခူးတိုင်း ဒေသကြီး   တောင်ငူမြို့တို့၌     သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံတပ်မတော်သားများနှင့်    တာဝန်ရှိသူများက  တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုး မွေးမြူ ရေး လုပ်ငန်းများမှထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊    နို့ထွက်ပစ္စည်းများ၊   ဟင်းသီးဟင်းရွက်များ၊   ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲ ခြောက်၊ ဘီစကစ်နှင့် စည်သွတ်ဘူးများစသည့် စားသောက်ကုန်ပစ္စည်း များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။

 သတင်းစဉ်