
ရန်ကုန် ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံ၏ ကိုယ်စားပြု ဒိုမိန်းဖြစ်သည့် .mm Domain Name အတွက် မှတ်ပုံတင်ကုမ္ပဏီအဖြစ်ဆောင်ရွက်လိုသည့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်ကြေညာထား သည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ အီလက်ထရောနစ်လိပ်စာများဖြစ်သည့် Public IP Address ၊ Autonomous System (AS) Number နှင့် Domain Name တို့နှင့်စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ ကိုယ်စားပြုဒိုမိန်းဖြစ်သည့် .mm Domain Name မှတ်ပုံတင်ဌာန(Registry)အဖြစ် ၂၀၁၉ အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Yatanarpon Teleport Public ကုမ္ပဏီလီမိတက်နှင့် Myanmar Technology Gateway ကုမ္ပဏီလီမိတက်တို့က ဒိုမိန်းသုံးစွဲသူ မှတ်ပုံ တင်သည့်ကုမ္ပဏီ(Registrar)အဖြစ် ဆောင်ရွက်လျက်ကြောင်း၊ ယခု အခါ .mm ဒိုမိန်းများကို ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်မှုအားကောင်း လာစေရေးနှင့် ပြည်ပဒိုမိန်းအစား ပြည်တွင်းဒိုမိန်းကို အသုံးပြုမှုပိုမို အားကောင်းလာစေရေးအတွက် လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသည့် အထက်ပါကုမ္ပဏီသုံးခုအပြင် ဝန်ဆောင်မှုပေးသူများ ထပ်မံခေါ်ယူရန် လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ဒိုမိန်းသုံးစွဲသူမှတ်ပုံတင်သည့် ကုမ္ပဏီများအဖြစ် ဆောင်ရွက်လိုသော မိုဘိုင်းအော်ပရေတာများ၊ ကွန်ရက်အထောက် အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(အထူး)နှင့် ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိထားသည့် ကုမ္ပဏီ/ အဖွဲ့အစည်းများအနေဖြင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများသည် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့် www.ptd.gov.mm တွင် “Application Form for Registrar Accreditation of .mm ccTLD” ကို ဒေါင်းလုပ်ရယူပြီး အဆိုပါဖောင်တွင် ပါဝင်သည့် လိုအပ်သောအချက် များကို ပြည့်စုံစွာဖြည့်စွက်ဖော်ပြ၍ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လိပ်မူကာ အီးမေးလ် spectrumresource.ptd@gmail.com နှင့် ipresource.ptd@ms-motc.gov.mm တို့မှဖြစ်စေ၊ စာတိုက်မှဖြစ်စေ မတ် ၂၅ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။ ကိုစိုး