ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ပြုလုပ်ရန် အသိပေးကြေညာခြင်း

 

ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ)အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး (၁၃-၃-၂၀၂၄)ရက်နေ့တွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းအား     အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်    သတ်မှတ်သည့် အမိန့်ကြော်ငြာစာအမှတ်(၃၁/၂၀၂၄)ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာအရ မည်သူမဆို ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားပြီးမှ လုပ်ကိုင်ရမည်ဖြစ်ပါသည်။ မှတ်ပုံတင်လက်မှတ်ကို ဤအမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး (၁)လပြည့်မြောက်သည့်နေ့မှစ၍   လျှောက်ထားရန်နှင့်    မှတ်ပုံတင်လက်မှတ်အား (၁)နှစ်သက်တမ်း ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။
မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည့် လုပ်ငန်းအမျိုးအစားများမှာ -
(က)    ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ရုံတည်ထောင်ခြင်း၊
( ခ )    ရုပ်ရှင်ဆိုင်ရာ အက်ပလီကေးရှင်းများ လွှင့်တင်ခြင်း၊
( ဂ )    ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း တို့ဖြစ်ပါသည်။
အဆိုပါ လုပ်ငန်းတစ်မျိုးမျိုး လုပ်ကိုင်လိုသူသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှတစ်ဆင့်  ဤဦးစီးဌာန၊  ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်အမှတ်(၃၂/၂၀၂၄) အခန်း(၂)အရ သတ်မှတ်ပုံစံနှင့်အတူ လျှောက်ထားရမည် ဖြစ်ပါသည်။
မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူသည် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ကားကို ရုပ်ရှင်ကားစိစစ်ရေးအဖွဲ့ထံ တင်ပြစိစစ်မှုမပြုဘဲ ထုတ်လွှင့်ပြသခြင်း၊ သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ခြင်းတို့ ဆောင်ရွက်ပါက    အရေးကြီးကုန်စည်နှင့်   ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ    အရေးယူခြင်းခံရပါမည်။ အသေးစိတ်အချက်အလက်များအား   သိရှိလိုပါက ဖုန်း ၀၁-၇၅၃၆၃၆၁     ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန