
မျိုးငြိမ်းငယ်
လူသားနှင့် ပဋိပက္ခသည် ဒွန်တွဲနေတတ်ပါသည်။
ပဋိပက္ခသည် ဘဝ၏ အစိတ်အပိုင်းတစ်ခုဟုလည်း ဆိုပါသည်။ အမိတစ်ဝမ်းတည်းမှ မွေးဖွားခဲ့ကြသည့် မိသားစုအတွင်းပင်၌ပင် ပဋိပက္ခများနှင့် မကင်းနိုင် ပါ။ မတူကွဲပြားသည့်သူများနှင့် စုစည်းနေထိုင်ကြ လျှင် ပဋိပက္ခများ ပို၍ရှိမည်ဖြစ်သည်။ ပဋိပက္ခရှိ သည် ဆိုသော်လည်း အနည်းအများ၊ အတိမ်အနက် တော့ တူချင်မှတူပါမည်။ မည်သို့ မတူညီသည်ဖြစ်စေ အများနှင့် စုစည်းနေထိုင်လုပ်ကိုင်လျှင် ယင်း ပတ်ဝန်းကျင်၌ ပဋိပက္ခများ ရှိနေပေလိမ့်မည်။ ထိုသို့ ပဋိပက္ခများရှိသည်မှာ ပြဿနာမဟုတ်။ သဘာဝဖြစ်သည်။
အဓိက ပြဿနာမှာ ထိုပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းနိုင်မှုနှင့် နောက်ဆက်တွဲ ဆိုးကျိုး များသာ ဖြစ်သည်။ ငြိမ်းချမ်း၍ တိုးတက်သည့် လူ့အဖွဲ့အစည်းများတွင် ပဋိပက္ခဖြစ်တတ်သည့် လူ့သဘောသဘာဝသိရှိနားလည်၍ ဖြစ်တည်နေ သည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ မည်ကဲ့သို့ စီမံခန့်ခွဲမည်ဆိုသည်က ထိုလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနှင့်စရိုက်လက္ခဏာတစ်ရပ် ဖြစ်ပါ သည်။
မြန်မာ့နိုင်ငံရေး ပဋိပက္ခ
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်တည်နေသည့် ပဋိပက္ခများ၏ မြစ်ဖျားခံရာသည် ယခုမှမဟုတ်ပါ။ မြန်မာနိုင်ငံလွတ်လပ်ရေး မရမီကပင် စတင်အမြစ် တွယ်ခဲ့ပါသည်။ နိုင်ငံရေးပဋိပက္ခမှတစ်ဆင့် ကျယ်ပြန့်လာသည့် လက်နက်ကိုင်တိုက်ခိုက်မှုများ နှင့် ထိပ်တိုက်ရင်ဆိုင်မှုများသည် ငြိမ်းချမ်းရေးနှင့် တဖြည်းဖြည်း အလှမ်းဝေးစေခဲ့သည့်အပြင် ဖြစ်လာ သည့် ၎င်း၏ဆိုးကျိုးများကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြီးမားဆုံးအဟန့်အတားဖြစ်စေလျက်ရှိပါသည်။
ထို့အပြင် နိုင်ငံရေးပဋိပက္ခများ ဖြေရှင်းရာတွင် လက်နက်ကိုင်လမ်းစဉ်ကို တစ်ခုတည်းသော နည်းလမ်းသဖွယ် ကိုင်စွဲကျင့်သုံးနေကြခြင်းသည် လည်း ပဋိပက္ခများကို ပြေလည်စေမှုထက် ရှိရင်းစွဲ ပဋိပက္ခများကိုပင် ပိုမိုကျယ်ပြန့်စေလျက် ရှိပါသည်။
မြန်မာနိုင်ငံအတွင်းမှ လက်နက်ကိုင်ပဋိပက္ခများ သည် တိုင်းရင်းသားများအကြား ဖြစ်ပွားသည့် နိုင်ငံရေးပြဿနာများသာ ဖြစ်ပါသည်။ သို့သော် ထိုပဋိပက္ခများ၏ နောက်ကွယ်တွင် မီးလောင်ရာ လေပင့်စေသည့် အခြားအခြေခံအကြောင်းများနှင့် ဆက်နွှယ်လျက် ရှိပါသည်။ သို့ဖြင့် ပြည်တွင်း နိုင်ငံရေးအကျပ်အတည်းနှင့် လက်နက်ကိုင် ပဋိပက္ခများမှာ နှစ်ကာလပိုမိုကြာရှည်လာပြီး ယင်း၏ အကျိုးဆက်များမှာ မျိုးဆက် အဆင့်အဆင့် သို့ ဆိုးမွေအဖြစ် လက်ဆင့်ကမ်းပေးနေသကဲ့သို့ ဖြစ်ပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာ ကြာမြင့်နေ သည့် ပဋိပက္ခဆိုးမွေများကို အဆုံးသတ်၍ ဖက်ဒရယ်နှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြေညာချက်အမှတ် (၁/၂၀၁၁) ဖြင့် ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက် နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကမ်းလှမ်း ဖိတ်ခေါ်ခဲ့သည်။ ယင်းသည် အသွင်သစ်၊ အမြင်သစ် NCA ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နိဒါန်းဖြစ်ပါသည်။ ထို့နောက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အကြား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးမှုပေါင်းများစွာ ပြုလုပ်ခဲ့ကြပါသည်။ အကျိုးဆက်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နိုင်ငံတကာ အသိ သက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး နိုင်ခဲ့ကြပါသည်။ NCA စာချုပ်တွင် မပါဝင်နိုင်သေး သည့် အဖွဲ့များလည်း ကျန်ရှိနေပါသေးသည်။
ယင်း NCA စာချုပ်သည် ဖက်ဒရယ်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အခြေခံ အကျဆုံးဖြစ်သည့်အတွက် ယင်းစာချုပ်တွင် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အခြေခံမူနှင့် နိုင်ငံရေးဆိုင်ရာလုပ်ငန်းစဉ်များ ထည့်သွင်းချုပ်ဆို အတည်ပြု လက်မှတ်ရေးထိုးထားသည်ကို တွေ့ရပါသည်။
NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အားလုံး ပါဝင်မှု၊ ငြိမ်းချမ်းစွာဖြေရှင်းမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဒီမိုကရေစီယဉ်ကျေးမှု တို့ကို အခြေခံ၍ ရေရှည်ငြိမ်းချမ်းရေး၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက် ရေးဆီသို့ ဦးတည်ရည်ရွယ်ထားသည်ကို တွေ့ရပါ သည်။ NCA စာချုပ်၏အခြေခံမူတွင် “မြန်မာနိုင်ငံ တွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေးပြဿနာကိုစစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း မည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင် ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာ ဆောင်ရွက်ရန်”ဆိုသည့် အခြေခံမူ ထည့်သွင်းထား ပါသည်။ ယင်းအခြေခံမူသည် နိုင်ငံတော်က အသွင် ကူးပြောင်းနေသည့် နိုင်ငံရေး ယဉ်ကျေးမှုနှင့် အညီ ဒီမိုကရေစီနည်းလမ်းများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ချဉ်းကပ်ဆောင်ရွက်ခဲ့ခြင်းဟု ဆိုနိုင်ပါသည်။
သဘောထားအမျိုးမျိုး
NCA လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မတူညီ သော အမြင်များနှင့် သဘောထားများလည်း ရှိခဲ့ ကြပါသည်။ မတူညီသောအမြင်နှင့် သဘောထား တို့ကို အပြန်အလှန် လေးစားကြရသည်မှာ ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါသည်။ သို့သော် တစ်ဖက်သတ်ဆန်သော အမြင်ကွဲပြားမှုနှင့် သဘောထားများသည် ပဋိပက္ခဆိုင်ရာ သဘောထား ကွဲလွဲမှုများ ပိုမိုကွာဟစေခဲ့ပါသည်။ ထို့အပြင် မတူညီသော ရပ်တည်ချက်နှင့် ရှုထောင့်၊ အကျိုး စီးပွားရည်မှန်းချက်၊ နောက်ကွယ်မှ နှောင်ကြိုးနှင့် ဒီမိုကရေစီယဉ်ကျေးမှုတို့တွင် ကွဲပြားမှုကြီးမား နေခြင်းသည်လည်း ငြိမ်းချမ်းရေးတည်ဆောက်မှုကို ခက်ခဲစေနိုင်ပါသည်။ တစ်ဖက်သတ်ဆန်သော သဘောထားများကြောင့် အမျိုးသားရင်ကြားစေ့ ရေးမှာ ပို၍အလှမ်းကွာဝေးစေပြီး ငြိမ်းချမ်းရေးကို နှောင့်နှေးစေနိုင်ပါသည်။
ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ပါဝင် ပတ်သက်သူများ၏ ရပ်တည်ချက်နှင့် သဘောထား များ ကွဲပြားနေသည့်တိုင် မိမိနိုင်ငံ၊ မိမိလူမျိုး၊ နိုင်ငံ့ အကျိုးစီးပွားဆိုသည့် ဘုံရည်မှန်းချက်နှင့် ဒီမို ကရေစီနှင့် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး အတွက် အပြုသဘောချဉ်းကပ်ကြမှသာ ထိရောက် သောရလဒ်များ ရရှိနိုင်ပါသည်။ ပဋိပက္ခဖြေရှင်း ခြင်းသည် တစ်ဖက်နှင့်တစ်ဖက် မတူညီသော အမြင် နှင့် သဘောထားများကို စေ့စပ်ညှိနှိုင်း၍ သူနိုင် ကိုယ်နိုင်အဖြေရှာဖွေခြင်း ဖြစ်ပါသည်။ ထိုသို့ အဖြေ ရှာရာတွင် တစ်ဖက်သတ်အမြင်၊ သဘောထားနှင့် အကျိုးစီးပွားများသည် ရင်ကြားစေ့ရန် ခက်ခဲစေ ပါသည်။ သူ့အကျိုး၊ ကိုယ့်အကျိုး၊ အများအကျိုး မျှတစွာ ဦးတည်မှသာ အားလုံးလိုလားသည့် ရလဒ် များ ရရှိနိုင်မည် ဖြစ်ပါသည်။
ဖက်ဒရယ်နှင့် ဒီမိုကရေစီအခြေခံ
NCA သဘောတူစာချုပ်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်ဖြစ်သော်လည်း ယင်းစာချုပ်တွင် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်အဖြစ် နိုင်ငံရေး လမ်းပြမြေပုံချမှတ်ခြင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ခြင်း၊ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေး ပွဲများကျင်းပခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအဖြစ် ယုံကြည်မှုတည်ဆောက်ခြင်း စသည့် အချက်များနှင့် ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ ပါဝင်ပါသည်။ ယင်းတို့အနက် အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကျင်းပခြင်း ကဏ္ဍတွင် “ ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် ဥပဒေများကို လိုအပ်သလိုပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီ သည်” ဟု ထည့်သွင်းသဘောတူထားပါသည်။
ထို့အပြင် NCA စာချုပ်၌ ဖက်ဒရယ်နှင့် ဒီမိုကရေစီ ကူးပြောင်းရေးအတွက် အသွင် ကူးပြောင်းရေးအဆင့်များ ပါဝင်ပါသည်။ နိုင်ငံရေး အသွင်ကူးပြောင်းမှုသည် အဆင့်လိုက် ကူးပြောင်း ရသည်ဖြစ်ရာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဒီမိုကရေစီယဉ်ကျေးမှုဆိုင်ရာ ပကတိအခြေအနေ၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ ပထဝီနိုင်ငံရေးတို့နှင့် ဟန်ချက်ညီ ပြောင်းလဲကြရပါသည်။ နိုင်ငံရေး အကျပ်အတည်းများနှင့် အသွင်ကူးပြောင်းရေးများ သည် ရှုပ်ထွေးခြင်း၊ ခက်ခဲခြင်း၊ အချိန်ယူရခြင်း၊ စိတ်ရှည်သည်းခံရခြင်း၊ တစိုက်မတ်မတ်လုပ်ဆောင် ခြင်းတို့ လိုအပ်မည် ဖြစ်ပါသည်။ ငြိမ်းချမ်းရေး တည်ဆောက်မှုသည် မြန်မာ့အသွင်ကူးပြောင်းရေး ကို ပံ့ပိုးပေးနေသည့် အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရှိမှသာ အသွင် ကူးပြောင်းရေးကို လွယ်ကူချောမွေ့စေမည် ဖြစ်ပါ သည်။
ပဋိပက္ခဖြေရှင်းခြင်း
ပဋိပက္ခတစ်ရပ်ဖြေရှင်းရန်အတွက် နည်းလမ်း များစွာ ရှိပါသည်။ မိမိရွေးချယ်ကျင့်သုံးသည့် နည်းလမ်းကိုလိုက်၍ ကောင်းကျိုး၊ ဆိုးကျိုးရလဒ် များ ကွဲပြားစေပါ သည်။ ပြဿနာ၏ အတိမ်အနက်၊ အခြေအနေ၊ ပါဝင်ပတ်သက်သူများ၊ ၎င်းတို့၏ အကျိုးစီးပွားဆက်နွှယ်မှုနှင့် ရည်မှန်းချက်တို့ကို လိုက်၍ ပြဿနာဖြေရှင်းရသည့် နည်းလမ်းနှင့် အချိန်ကာလကြာရှည်မှုတို့ ကွာခြားတတ်ကြပါ သည်။ အထူးသဖြင့် အမြစ်စွဲနေသည့် ပြဿနာများ၊ အကျိုးစီးပွားပတ်သက်သူ များပြားပါက ကာလ ရှည်ကြာလေ့ရှိကြပြီး စိတ်ရှည်သည်းခံမှု၊ ညှိနှိုင်းရမှု၊ ကျွမ်းကျင်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်မှုနှင့် တစိုက်မတ်မတ် လုပ်ဆောင်မှုဆိုသည့် အခြေခံ အချက်များစွာ လိုအပ်မည်ဖြစ်ပါသည်။
ထို့အပြင် ငြိမ်းချမ်းရေးတည်ဆောက်မှုသည် ပါဝင်ပတ်သက်သူများအကြား ဆွေးနွေးမှု၊ ဆက်ဆံ ရေးတည်ဆောက်မှုနှင့် အဖွဲ့အစည်းပြုပြင် ပြောင်းလဲမှုစသည့် ရှည်လျားသည့် လုပ်ငန်းစဉ်များ ပါဝင်ပါသည်။ ယင်းလုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်ရန်လိုအပ်ပါသည်။ သို့မှသာ ရေရှည်တည်တံ့ သော ငြိမ်းချမ်းရေးကို ရရှိနိုင်ပါသည်။ အားလုံး ပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လုပ်ငန်း စဉ်အချိန်ကာလကြာရှည်မှု၊ ရှုပ်ထွေးမှုနှင့် အပြု သဘောထားများ လိုအပ်သော်လည်း ငြိမ်းချမ်းရေး ကို ရေရှည်ထိန်းသိမ်းထားနိုင်ပါသည်။
မြေဇာပင်များ
လူသားနှင့် ပဋိပက္ခကင်းကွာ၍ မရနိုင်သည့် နည်းတူ ငြိမ်းချမ်းရေးသည်လည်း လူသားနှင့် ကင်းကွာ၍ မရနိုင်ပါ။ ငြိမ်းချမ်းရေးသည် လူသား တို့အတွက် အခြေခံလိုအပ်ချက် ဖြစ်ပါသည်။ တစ်ဦးချင်းစီအတွက်သာမက လူ့အဖွဲ့အစည်း အတွက်လည်း ငြိမ်းချမ်းရေး လိုအပ်ပါသည်။ လူ့သမိုင်းတစ်လျှောက် ပဋိပက္ခများနှင့် အစဉ် အဆက်တွေ့ကြုံခဲ့ရပြီး ယနေ့ထက်တိုင်လည်း ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အကြီးမားဆုံးပဋိပက္ခ များအဖြစ် ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် လူသန်းပေါင်းများစွာ သေကျေပျက်စီးခဲ့ရသည်။ ယင်း၏အကျိုးဆက်ကို သားစဉ်မြေးဆက်တိုင် ခံစားခဲ့ကြရသည်။
လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကမ္ဘာအနှံ့၌ ပဋိပက္ခများ တဖြည်းဖြည်း မြင့်တက်နေသဖြင့် ငြိမ်းချမ်းရေးသည် ယခင်ကထက် ပိုမိုလိုအပ်နေပါ သည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်က လူဦးရေ ၈၉ သန်း ကျော်သည် ပဋိပက္ခများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါသည်။ အကြမ်းဖက်မှုများသည် လူတိုင်းကို ထိခိုက်စေလျက်ရှိပြီး တိုက်ပွဲများ၊ စစ်ပွဲများသည် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်လျက် ရှိပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ အဆင်းရဲဆုံးလူတစ်ဝက်ကျော်သည် ပဋိပက္ခ ဖြစ်ပွားနေသည့် နေရာဒေသများ၌ နေထိုင်နေရ လိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြ ပါသည်။
ကမ္ဘာတစ်ဝန်းတွင် ယင်းကဲ့သို့ ပဋိပက္ခများနှင့် တင်းမာမှုများ မြင့်တက်နေသည်မှာ ငြိမ်းချမ်းရေး အတွက် အနုတ်လက္ခဏာများ ဖြစ်ကြပါသည်။ တစ်ဖက်နှင့် တစ်ဖက်အကြား အကျိုးစီးပွား ပြိုင်ဆိုင်မှုများကြောင့် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြု နေ ကြသည်ကို ကမ္ဘာနေရာအနှံ့ တွေ့နေရပါသည်။
ကိုယ်ကျိုးစီးပွားများအောက်တွင် ငြိမ်းချမ်းရေး တောင်းဆိုသံများ တိမ်မြုပ်နေပါသည်။ ငြိမ်းချမ်းရေး နှင့် ကိုယ်ကျိုးစီးပွားများ၏ အလဲအထပ်တန်ကြေးကို အပြစ်မဲ့သူများနှင့် မျိုးဆက်သစ်တို့က ပေးဆပ် နေကြရပါသည်။
ဆက်လက်လျှောက်လှမ်းရမည့် ခရီး
နေပူပူအောက်တွင် အရိပ်ကို တမ်းတကြပါ သည်။ ပဋိပက္ခဒေသတွင် ငြိမ်းချမ်းရေးကို တမ်းတ ကြပါသည်။ ထိုငြိမ်းချမ်းရေးသည် တစ်ဦး တစ်ယောက်၊ တစ်ဖွဲ့အတွက် မဟုတ်ပါ။ ငြိမ်းချမ်းမှု ကြောင့် ရရှိလာသည့် အသီးအပွင့်များကို အားလုံး မျှဝေ ခံစားကြရမည် ဖြစ်ပါသည်။ ထိုငြိမ်းချမ်းမှုဖြင့် တိုးတက်သောဘဝများကို ဖန်တီးနိုင်မည်ဖြစ်သည်။ သို့ဆိုပါလျှင် ငြိမ်းချမ်းရေးကို မည်သို့ဖန်တီး ကြမည်နည်း။ အောင်မြင်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က “ငြိမ်းချမ်းရေးကို အန္တိမအထိ ဖော်ဆောင်ရာမှာ အကြမ်းဖက်တာတွေ ထာဝရအဆုံးသတ်ရေး အတွက် ဘက်ပေါင်းစုံက ခိုင်မာတဲ့ ကတိကဝတ်နဲ့ ထူးခြားတဲ့ သတ္တိရှိဖို့ လိုအပ်ပါတယ်” ဟု ဆိုပါသည်။
အောင်မြင်သော ငြိမ်းချမ်းရေးတည်ဆောက်ရာ တွင် မိမိတို့ခံစားချက်ထက် နိုင်ငံ၏ ပကတိ အခြေအနေ၊ ဘုံရည်မှန်းချက်နှင့် ငြိမ်းချမ်းရေးကို လိုလားသည့် စိတ်ကိုအခြေခံမှသာ လက်တွေ့ကျကျ ချဉ်းကပ်နိုင်ပါမည်။ ထို့အပြင် အတိတ်မှ ဖြစ်ရပ်များကို အစွဲကင်းကင်းဖြင့် သင်ခန်းစာ ယူကြရပါလိမ့်မည်။ အတိတ်ကို သင်ခန်းစာမယူပါက ထိုပဋိပက္ခသံသရာတွင် တဝဲလည်လည် ဖြစ်နေ ပါလိမ့်မည်။ မြန်မာနိုင်ငံသည် ဖက်ဒရယ်နှင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် ရည်မှန်းထား ပြီးဖြစ်သည်။ ထိုရည်မှန်းချက် အောင်မြင်ရန် ငြိမ်းချမ်းရေးသည် အခြေခံလိုအပ်ချက် ဖြစ်ပါသည်။
ငြိမ်းချမ်းမှုမရှိဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက် ရေးတို့ လုပ်ဆောင်ရန် ခက်ခဲနေပါဦးမည်။ ပဋိပက္ခ များ၊ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဖြစ်လာ သည့် ဆိုးကျိုးများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး ဖြစ်သည်။ ထိုဆိုးကျိုးများကို သားစဉ်မြေးဆက် လက်ဆင့်မကမ်းစေလိုပါ။ ငြိမ်းချမ်းမှုကိုသာ မျိုးဆက်အမွေပေးလိုပါသည်။ မျိုးဆက်အားလုံး အတွက် လိုအပ်နေသည့် အဆိုပါငြိမ်းချမ်းရေးမှာ မိမိတို့ လက်တစ်ကမ်းတွင် ရှိနေပါသည်။ ဆက်၍ လျှောက်လှမ်းကြရန်သာ လိုပါလိမ့်မည်။ ။
- Log in to post comments