ဆိုးရွားသည့် ရေကြီးမှုများကြောင့် သေဆုံးသူ ရာနှင့်ချီနေသည့် အကျပ်အတည်းကြားက ကင်ညာ

 

ကင်ညာနိုင်ငံ၏    တရားဝင်အမည်မှာ    ကင်ညာသမ္မတနိုင်ငံ ဖြစ်ပြီး   နိုင်ငံ၏မြို့တော်မှာ  နိုင်ရိုဘီ ဖြစ်သည်။  ကင်ညာနိုင်ငံသည် အီကွေတာပေါ်တွင် တည်ရှိပြီး     အနောက်ဘက်တွင်   ယူဂန္ဓာ၊  တောင်ဘက်တွင် တန်ဇန်းနီးယား၊ မြောက်ဘက်တွင်  အီသီယိုးပီး ယား၊     အရှေ့မြောက်ဘက်တွင်   ဆိုမာလီယာ၊        အနောက်မြောက်ဘက်တွင် တောင်ဆူဒန်နိုင်ငံ တို့နှင့်    အရှေ့တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာတို့ တည်ရှိသည်။ နိုင်ငံ၏ အကျယ်အဝန်းမှာ ၂၂၄၄၄၅ စတုရန်းမိုင်ရှိသည်။
ကင်ညာနိုင်ငံ၌    မတ်လမှစကာ   မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခြင်းကြောင့် သေဆုံးသူပေါင်း ၂၉၁  ဦး   ရှိပြီဖြစ်သည်။    သဘာဝဘေးကြောင့် ပျောက်ဆုံးနေသူများစွာရှိပြီး ဒဏ်ရာရရှိသူ ၁၈၈ ဦးရှိသည်ဟု ပြည်ထဲရေးနှင့် အမျိုးသားအုပ်ချုပ်ရေး ဝန်ကြီးဌာနက ဆိုသည်။
မိုးသည်းထန်စွာ ရွာသွန်း
နိုင်ငံတစ်ဝန်း    မိုးသည်းထန်စွာ  ရွာသွန်းမှု ကြောင့်  လူပေါင်း  ၂၈၅၆၀၀  မှာ ဘေးလွတ်ရာသို့ နေရာပြောင်းရွှေ့ရပြီး ရေဘေးသင့်သူ စုစုပေါင်းမှာ ၄၁၂၇၈၃  ဦးရှိသည်။  ၂၀၂၃-၂၀၂၂၄  အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် နိုင်ငံအတွင်း နေရာအများ အပြားတွင် မိုးသည်းထန်စွာရွာသွန်ပြီး လူသားချင်း စာနာမှုဆိုင်ရာအကူအညီများ    အရေးပေါ်လိုအပ် လျက်ရှိသည်။ 
မတ်လလယ်မှစကာ မိုးသည်းထန်စွာ ရွာသွန်း ခြင်းကြောင့်  ရေကြီးမှုများဖြစ်ပွားသဖြင့်  စာသင် ကျောင်းများကိုပင် ပိတ်ထားခဲ့ရသည်။ ယခင်က ဧပြီ ၂၉ ရက်တွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်မည်ဟု ကြေညာခဲ့သော်လည်း ရေကြီးမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကျောင်းများ ပြန်လည် မဖွင့်ခဲ့ရပေ။ ကျောင်းပြန်လည်ဖွင့်လှစ်မည့် အစီအစဉ် ကို မေ ၆ ရက်သို့ ထပ်မံရွှေ့ဆိုင်းခဲ့သည်။ သို့သော် လည်း မေ ၆ ရက်က ကျောင်းများဆက်လက်ပိတ် ထားခဲ့ရသော်လည်း မေ ၁၃ ရက်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည်။ 
ကင်ညာနိုင်ငံ၌  မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် ယခုအချိန်အထိ တိရစ္ဆာန် ကောင်ရေ ၁၀၀၀၀ နီးပါး ပျောက်ဆုံးနေဆဲဖြစ်သည်။ ရေဘေးကြောင့် မြေဧက   ၄၁၀၀၀  ကျော်မှာလည်း ပျက်စီးခဲ့ရပြီး လမ်းများလည်း ပျက်စီးခဲ့ရသည်။
 နိုင်ငံတစ်ဝန်း စီးပွားရေးလုပ်ငန်း ၉၀၀ နီးပါး နှင့် ရေကြီးမှုဖြစ်ပွားခဲ့သည့် ဒေသ ၄၂ ခုအနက် ဒေသ ၁၁ ခုရှိ ကျောင်းပေါင်း ၂၀၀၀ ခန့်လည်း ရေဘေးကြောင့် ပျက်စီးခဲ့ရသည်ဟု ကင်ညာနိုင်ငံအာဏာပိုင်များနှင့်    ကြက်ခြေနီ အသင်းကဆိုသည်။
 ခိုလှုံရာစခန်းပေါင်း ၁၆၇ ခု
ယခုအခါ   ရေဘေးသင့်ပြည်သူများ  ခိုလှုံရာ စခန်းပေါင်း ၁၆၇ ခုတို့တွင် ဘေးအန္တရာယ်ဆိုင်ရာ များကို အကူအညီပေးရန် ပြည်သူ့ကျန်းမာရေး အရာရှိ ၃၀ ကို စေလွှတ်ထားသည်။
ကင်ညာနိုင်ငံ၌  မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့်    လမ်းများပျက်စီးခြင်း၊ တံတားများကျိုးပဲ့ခြင်းနှင့် အခြားအရေးကြီးသည့် အခြေခံအဆောက်အအုံများ   ပျက်စီးခဲ့ရသည်ဟု ပြည်ထဲရေးနှင့်   အမျိုးသားအုပ်ချုပ်ရေးဝန်ကြီး ဌာနက ဆိုသည်။
မေ ၁၃ ရက် ကျောင်းများပြန်လည်မဖွင့်လှစ်မီ ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့်        ကျောင်းများ ပြန်လည်ထူထောင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်းတန်ဖိုးရှိ စီမံချက်တစ်ခုကို အစိုးရ က ကြေညာထားသည်။
ထို့ပြင် ကင်ညာနိုင်ငံ၌ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်း   ဟိဒရာလည်း   ဝင်ရောက်တိုက်ခတ် ခဲ့သည့်အပြင် နိုင်ငံ၏ရေပိုင်နက်အတွင်း ငါးဖမ်း ခြင်း၊ ရေကူးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းအပါအဝင် ကမ်းခြေ၌ လှုပ်ရှားသွားလာမှုများကို တားမြစ်ခဲ့ရ သည်ဟု ပြည်ထဲရေးနှင့် အမျိုးသားအုပ်ချုပ်ရေး ဝန်ကြီးဌာနက ဆိုသည်။
အရေးပေါ်အကူအညီများပေး
ကင်ညာကာကွယ်ရေးတပ်ဖွဲ့များမှ  အေဂျင်စီပေါင်းစုံကဖွဲ့စည်းထားသည့်အဖွဲ့များ၊  အမျိုးသား လူငယ်အဖွဲ့အစည်းနှင့်           လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ       အေဂျင်စီများက  ရေဘေးသင့်ပြည်သူများအတွက်   ကယ်ဆယ်ရေး လုပ်ငန်းများကို   ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အရေးပေါ်အကူအညီများ ပေးခဲ့သည်။ 
ထို့ပြင် ကင်ညာနိုင်ငံ၌ မြို့ပြတွင် နေထိုင်သူများ၊ မြေနိမ့်ပိုင်းတွင် နေထိုင်သူများနှင့် မြစ်ကြောင်း တစ်လျှောက် နေထိုင်သူများကို ဖြစ်နိုင်ခြေရှိသည့် ရေကြီးမှုများအတွက် သတိပေးထားပြီး တောင်တန်း ဒေသများ သို့မဟုတ် မတ်စောက်သည့်တောင်စောင်း တွင် နေထိုင်သူများကိုလည်း မြေပြိုမှုအန္တရာယ်မှ ကင်းဝေးစေရန် သတိပေးထားသည်။
ထို့ပြင် ဧပြီ  ၂၉  ရက်ကလည်း  နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ   ရွာသွန်းခြင်းကြောင့်   နိုင်ငံ၏ မြို့တော်     နိုင်ရိုဘီမြောက်ပိုင်း၌   ရေကာတာ ကျိုးပေါက်မှုဖြစ်ပွားသဖြင့်   လူပေါင်း  ၄၅  ဦးထက် မနည်း သေဆုံးပြီး အခြားလူပေါင်းများစွာမှာလည်း ပျောက်ဆုံးခဲ့သည်ဟု       ဒေသတွင်းရဲတပ်ဖွဲ့က ဆိုသည်။
ကာလဝမ်းရောဂါ ဖြစ်ပွား
ယခုအခါ   ကင်ညာနိုင်ငံ၌  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်း များကြား ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုများ မြင့်တက် နေချိန်  မေ ၁၆ ရက်အထိ  ကာလဝမ်းရောဂါ ဖြစ်ပွား နေသူ ၁၀၇ ဦးရှိသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနသည် ကင်ညာ ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍  မာဆာဘစ်ဒေသ ၌ ကာလဝမ်းရောဂါနှင့် အခြားရေကြောင့် ကူးစက် ပျံ့နှံ့သော ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်း လျက်ရှိသည်။
ကင်ညာနိုင်ငံ၌    ၂၀၂၃   ခုနှစ်  နှောင်းပိုင်းက ရေကြီးမှုများဖြစ်ပွားသဖြင့် လူ ၁၇၈ ဦးထက်မနည်း သေဆုံးပြီး ၂၄၂ ဦး ဒဏ်ရာရရှိကာ ထောင်နှင့်ချီသည့် လူများ နေရာပြောင်းရွှေ့ခဲ့ရသည်။ ဆိုးရွားသည့် ရေကြီးမှုများမှာ   နိုင်ငံ၏    လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ   အကျပ်အတည်းကို   ပိုမို ဆိုးရွားလာစေခဲ့သည်။          
ကိုးကား - ဆင်ဟွာ