ဆိုးရွားလှတဲ့ မိုးခေါင်ရေရှားမှုနဲ့ ကြုံတွေ့နေတဲ့ ဆိုမာလီယာနိုင်ငံမှာ အငတ်ဘေးပြဿနာ မြင့်တက်လာနိုင်

 

လင်းဟန်သစ်

 

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီက အရှေ့အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆိုမာလီယာနိုင်ငံမှာ အငတ်ဘေးအန္တရာယ်မြင့်တက်လာနိုင်တယ်ဆိုပြီး သတိပေးလိုက်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှစကာ သမိုင်းတွင်မယ့် လေးကြိမ်ဆက်တိုက် မိုးရာသီပျောက်ဆုံးပြီးနောက် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီက အခုလို သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။ 

 


ကြီးမားတဲ့အတိုင်းအတာတစ်ခုအနေနဲ့လိုအပ် 


ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဆိုမာလီယာနိုင်ငံမှာ လူဦးရေ ခုနစ်သန်းကျော် စားနပ်ရိက္ခာမဖူလုံမှု ကို အရင်ကတည်းက ရင်ဆိုင်ခံစားနေရတယ်လို့ ပြောခဲ့ပါတယ်။ အရှိန်အဟုန်နဲ့မြင့်တက်လာတဲ့     လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီကို ကြီးမားတဲ့အတိုင်းအတာတစ်ခုအနေနဲ့ လိုအပ် လျက်ရှိပါတယ်။ 

 


မိတ်ဖက်အဖွဲ့အစည်းတွေကလည်း မိုးခေါင်မှု တုံ့ပြန်ဆောင်ရွက် ရေးမှသည် အငတ်ဘေး ကြိုတင်ကာကွယ်ရေးသို့  ပြောင်းလဲလာခဲ့ပြီ ဖြစ်တယ်လို့ ဆိုမာလီယာမြို့တော်   မိုဂါဒစ်ရှူးမှာ   အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့    မိုးခေါင်မှုတုံ့ပြန်ဆောင်ရွက်ရေးနဲ့    အငတ်ဘေး ကာကွယ်ရေးနောက်ဆုံး အစီရင်ခံစာမှာ  ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အေဂျင်စီက ဖော်ပြလိုက်ပါတယ်။ 

 


ကန့်သတ်ချက်တွေရှိနေ 


၂၀၁၇ ခုနှစ်မှစကာ ပထမဆုံးအနေနဲ့ တည်ရှိလာခဲ့တဲ့  ပေါင်းစည်း စားနပ်ရိက္ခာဖူလုံမှု အဆင့်သတ်မှတ်ခြင်း (IPC) က စားနပ်ရိက္ခာ မဖူလုံမှုကပ်ဘေး   အဆင့် ၅ ဟာ  လူပေါင်း   ၂၁၃၀၀၀  ကျော်ကို   လွှမ်းမိုးသက်ရောက်နိုင်တယ်လို့       အတည်ပြု      ဖော်ပြခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာ   ထောက်ထားမှုဆိုင်ရာအေဂျင်စီက ပြောကြားလိုက်ပါတယ်။ 
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း တွေဟာ   မိုးခေါင်မှုဒဏ်ခံစားနေရသူတွေကို   ကူညီတဲ့နေရာမှာ တခြားကူညီမှုပုံစံများအနက်    ကျန်းမာရေးနဲ့   အာဟာရဆိုင်ရာ ကူညီမှုတွေကို   အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ကြပါတယ်။   ဒါပေမယ့်   အရင်းအမြစ်တွေနဲ့   ကူညီပေးနိုင်မှုတွေမှာ   ကန့်သတ်ချက်တွေ ရှိနေပါတယ်။

 


ရေပြတ်လပ်မှုကို ဖြစ်ပေါ်စေ 


ဇန်နဝါရီလကတည်းကစကာ ဆိုမာလီယာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ထူထောင်ရေးဌာနများမှာ   အာဟာရချို့တဲ့မှုနဲ့  ရောဂါတွေကြောင့် ကလေးငယ်အနည်းဆုံး   ၂၀၀  သေဆုံးခဲ့တယ်လို့    ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ကသတင်းထုတ်ပြန် ဖော်ပြထားပါတယ်။ ဇန်နဝါရီလမှစကာ မိုးခေါင်ရေရှားမှုဒဏ်ခံနေရ တဲ့  ခရိုင် ၂၄ ခုမှ သံသယရှိ ကာလဝမ်းရောဂါဖြစ်ပွားမှု ၅၈၃၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ 

 


ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီအရ ဂျူဘားနဲ့ ရှာဘယ်လီမြစ်တွေရဲ့ ရေမျက်နှာပြင်ဟာ သတ်မှတ်ကာလတို ပျမ်းမျှနှုန်းအောက် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဒါဟာ လယ်ယာစိုက်ပျိုးရေးနဲ့      တခြားရေအသုံးပြုနိုင်တဲ့နေရာတွေမှာ ရေပြတ်လပ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ 

 


ဆိုမာလီယာပြည်သူတွေဟာ မိုးခေါင်ရေရှားမှုအန္တရာယ်နဲ့ ရင်ဆိုင် နေရပါတယ်။ မိုးခေါင်ရေရှားခြင်းကို ဘေးဥပဒ်ဟု မဆိုလိုပါ။ သို့သော် လည်း ကမ္ဘာကြီးဟာ  ဒါကို   အသိအမှတ်ပြုရမှာဖြစ်ပြီး လူတွေရဲ့ အသက်ကို အချိန်မီ ကယ်တင်ရမှာဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ဌာနေညွှန်ကြားရေးမှူး ရော်ရန့်က ပြောကြားလိုက်ပါတယ်။ ဒါဟာ တကယ့်ကို အရေးပေါ်အခြေအနေဖြစ်ပြီး ဒီအကျပ်အတည်းကို ရင်ဆိုင်ကြုံတွေ့နေသူတွေကို        အကူအညီအထောက်အပံ့တွေ  ဆက်လက်ပေးသွားဖို့    လိုပါတယ်။  မိခင်နှင့်ကလေးတွေအတွက်   တစ်သက်တာအာဟာရချို့တဲ့မှုအကျိုးဆက်တွေမဖြစ်ခင်      တားဆီးဖို့ လိုတယ်လို့ သူက ဆက်လက်ပြောကြားလိုက်ပါတယ်။

 


အကူအညီတွေကို ဒီထက်ပိုပြီးတိုးမြှင့်ပေးရမယ် 


လူတွေဟာကန့်သတ်ချက်ရှိတဲ့ သဘာဝအရင်းအမြစ်အတွက် ယှဉ်ပြိုင်လာကြတဲ့အခါမှာ လူမှုရေးဆိုင်ရာတင်းမာမှုပြဿနာတွေလည်း မြင့်တက်လာသလို ကျေးလက်ဘဝရွှေ့ပြောင်းနေထိုင်ခြင်း များနဲ့ ခြံမွေးတိရစ္ဆာန် ရွှေ့ပြောင်း အခြေချနေထိုင်ခြင်းတွေကလည်း တစ်စတစ်စ မြင့်သထက်မြင့်လာကြပါတယ်။

 


ဆိုမာလီယာပြည်သူ ၃ ဒသမ ၉ သန်း အကူအညီရရှိခဲ့တဲ့အချိန်မှာ လူသားတွေရဲ့ အသက်တွေကို   ပိုမိုကယ်တင်ဖို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ  အကူအညီတွေကိုလည်း ဒီထက်ပိုပြီး တိုးမြှင့် ပေးရဦးမှာဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီက ပြောကြားလိုက်ပါတယ်။ 

 


အရှိန်အဟုန်မြှင့်လုပ်ဆောင် 


ဒီဇင်ဘာလအထိ  လူပေါင်း  ၆ ဒသမ ၄ သန်းကို  ကူညီနိုင်ဖို့ အနည်းဆုံးအနေနဲ့     မိုးခေါင်ရေရှားမှုတုံ့ပြန်ရေးနဲ့    အငတ်ဘေး ကာကွယ်ရေး အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၉၉၃ ဒသမ ၃ သန်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီက ပြောကြားထားပါတယ်။ 

 


ဆိုမာလီယာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အဆိုးရွားဆုံးအခြေအနေ တွေကို ကာကွယ်ဖို့ ဒါတွေကို အမြန်ဆုံးလုပ်ဆောင်ကြရမှာပဲ ဖြစ်ပါ တယ်။ ထို့အတူ အပြည့်အဝထောက်ပံ့ပေးနိုင်ဖို့လည်း လုပ်ဆောင် ကြရမှာ ဖြစ်ပါတယ်။

 


၂၀၂၂ ခုနှစ်အကုန်မှာ အရေးပေါ်လုပ်ဆောင်မှုတွေကို အရှိန်အဟုန် မြှင့်လုပ်ဆောင်ဖို့     လိုအပ်သလို    လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေကိုလည်း အားဖြည့်ပေးဖို့လိုအပ်နေပါတယ်လို့  ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဖော်ပြ လိုက်ပါတယ်။     အဲဒီလိုလုပ်ဆောင်မှသာ      ဆိုမာလီယာနိုင်ငံရဲ့   စားနပ်ရိက္ခာမလုံလောက်မှုအဆင့်မြင့်တက်လာတာတွေ၊ လူတွေရဲ့ အသက်ဆုံးရှုံးမှုတွေ    လျော့ပါးစေဖို့တွေ၊   အငတ်ဘေးပြဿနာကို ရှောင်ရှားနိုင်ဖို့တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 


ကိုးကား - ဆင်ဟွာ