ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်   ဇွန်    ၇


တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင် များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ ရေးပစ္စည်းများ၊   အမျိုးသား   သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေး လျက်ရှိသည်။

 


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး   ကွပ်ကဲမှုအောက်ရှိ   နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ  အရာရှိ၊    စစ်သည်၊   စစ်သမီးများ၊   စေတနာရှင်၊ အလှူရှင်များက လှူဒါန်းသည့် အခြေခံစားကုန်များ နှင့် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၂ ဒသမ ၆ တန်တို့ကို တင်ဆောင်၍ ရန်ကုန်လေဆိပ်မှ စစ်တွေ လေဆိပ်သို့   တပ်မတော်(လေ)မှ    လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

 


သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများ အတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော် (လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့် တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၄၇၆ ဒသမ ၄ တန်၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေး ကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်း ၃၁၉၁  ဦးတို့အား    ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်း များအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ်ယာဉ် များဖြင့် ဆက်လက်ပေးပို့ဖြန့်ဖြူးလျက်ရှိကြောင်း နှင့် အဆိုပါတပ်မတော်လေယာဉ်/ရဟတ်ယာဉ်များ ဖြင့်    ပို့ဆောင်ပေးလျက်ရှိသော   ပစ္စည်းများကို တာဝန်ရှိသူများက     လက်ခံရယူပေးကြကြောင်း သိရသည်။                                            

သတင်းစဉ်