ဆိုင်ကလုန်းမုန်တိုင်း“အာစန်နီ” အနောက်မြောက်ဘက်သို့ ရွေ့လျား

 

 

နေပြည်တော်   မေ   ၈
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ    ယနေ့  ညနေ ၅ နာရီခွဲအချိန်   တိုင်းထွာချက်များအရ  ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” သည်  အနောက်မြောက်ဘက်သို့  ရွေ့လျားခဲ့ပြီး  အိန္ဒိယနိုင်ငံ  ပို့ပလဲယား၏  အနောက်ဘက် ရေမိုင် ၂၇၀ခန့်၊  ဗီဆာကာပတ္တနမ်မြို့၏  အရှေ့တောင်ဘက်  ရေမိုင် ၄၅၀ ခန့်၊   ပူရီမြို့၏  တောင်-အရှေ့တောင်ဘက်    ရေမိုင်  ၄၈၅ မိုင်ခန့်၊      မြန်မာနိုင်ငံ    ကိုကိုးကျွန်းမြို့၏   အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၃၀ ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်ထူထပ်နေသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့ အပြား  မိုးထစ်ချုန်းရွာပြီး  နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်  ရခိုင်ပြည်နယ်တို့တွင်  နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း ၈၀  ဖြစ်သည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ       မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်   ရံဖန်ရံခါ  မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင် သည်။ လှိုင်းအမြင့် မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၂ ပေခန့် ရှိနိုင်သည်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ကချင်ပြည်နယ်၊  ချင်းပြည်နယ်၊   ရခိုင် ပြည်နယ်၊   ကရင်ပြည်နယ်နှင့်   မွန်ပြည်နယ်တို့တွင်    မိုးပိုလာ နိုင်သည်။
မိုး/ဇလ