
နေပြည်တော် ဒီဇင်ဘာ ၃
ယနေ့ ည ၉ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဂျဝပ်ဒ် (JAWAD)”သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်- အနောက် မြောက်ဘက် ရေမိုင် ၅၀၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် ၅၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ဗီဆာကာပတ္တနမ်မြို့၏ အရှေ့တောင် ဘက် ရေမိုင် ၁၆၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့၏ တောင်ဘက်ရေမိုင် ၂၂၅ မိုင်ခန့်၊ ပူရီမြို့၏ တောင်-အနောက်တောင်ဘက်ရေမိုင် ၂၆၅ မိုင်ခန့် နှင့် ပါရာဒစ်ရှ်မြို့၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဆိုင်ကလုန်း မုန်တိုင်း “ဂျဝပ်ဒ်”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ည ၉ နာရီခွဲတွင် မြောက် လတ္တီကျု ၁၅ ဒသမ ၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၄ ဒသမ ၉ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၉ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၄ ရက်၌ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ အင်ဒရာ ပရာဒေ့ရှ် မြောက်ပိုင်းကမ်းလွန်-ဩရိဿတောင်ပိုင်းကမ်းခြေ) သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ ဩရိဿကမ်းခြေတစ်လျှောက် ရွေ့လျားပြီး ဒီဇင်ဘာ ၅ ရက်တွင် ပူရီမြို့အနီးသို့ရောက်ရှိပြီးနောက် မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဆိုင်ကလုန်း မုန်တိုင်း၏အရှိန်ကြောင့် နောက် ၇၂ နာရီအတွင်း စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့် ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “ဂျဝပ်ဒ်” ၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
မိုး/ဇလ