
နေပြည်တော် ဇွန် ၂၃
ကျန်းမာရေးဝန်ကြီးဌာနသည် ဆိုင်ကလုန်း(မိုခါ)ကျရောက်ခဲ့သော ရခိုင်ပြည်နယ်ရှိ ကျန်းမာရေး စောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက် နိုင်ရေးအတွက် မုန်တိုင်းမကျရောက်မီကပင် ကျန်းမာရေးကဏ္ဍဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး မုန်တိုင်းကျရောက်ပြီးချိန်တွင် လည်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို တစ်ပြိုင်နက် ဆောင်ရွက်လျက်ရှိပြီး ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနများရှိ ထိခိုက်ပျက်စီးခဲ့သော အဆောက်အအုံ များ အမြန်ဆုံးပြင်ဆင်ပြီးစီးစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန် ပံ့ပိုးမှုဖြင့် နှီးနွှယ်ဆက်စပ်သော ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ယနေ့အထိ အထူးကုဆေးအဖွဲ့ (၁၇)ဖွဲ့ စေလွှတ် ပြီးဖြစ်ပြီး ရခိုင်ပြည်နယ်၌ လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသည့် ဆေးအဖွဲ့ သုံးဖွဲ့ရှိသည်။
အဆိုပါ အထူးကုဆေးအဖွဲ့များသည် ရခိုင် ပြည်နယ်အတွင်းရှိ စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ ကျောက်တော်မြို့၊ မင်းပြားမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရသေ့တောင်မြို့၊ ပေါက်တောမြို့၊ မြောက်ဦးမြို့၊ မြေပုံမြို့တို့ရှိ ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး အရေးပေါ်ကုသမှုများ ဖြစ်သည့် အူသိမ်ပေါက်သည့်လူနာ၊ အူအတက်ပေါက် သည့် လူနာများ၊ အရိုး၊ အကြောဆိုင်ရာခွဲစိတ် ကုသမှုများအပါအဝင် ခွဲစိတ်ကုသမှု (၅၉)ကြိမ်ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
မျက်စိအထူးကုဆေးအဖွဲ့သည် စစ်တွေမြို့ရှိ မျက်စိအထူးကုဆရာဝန်ကြီး၊ မျက်စိကျွမ်းကျင် သူနာပြုများနှင့်အတူ ကွင်းဆင်းကုသမှုများတွင် လိုက်ပါဆောင်ရွက်ခြင်းနှင့် ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့၌ မျက်စိရောဂါပြင်ပလူနာများ ကြည့်ရှု ကုသပေးခြင်း၊ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၂ ရက်အထိ ကွင်းဆင်းကုသမှု၌ ဒေသခံပြည်သူ ၃၂၃ ဦးကို လည်းကောင်း၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့၌ မျက်စိပြင်ပလူနာ ၂၆၂ ဦးကိုလည်းကောင်း ကြည့်ရှု ကုသပေးနိုင်ခဲ့ပြီးခွဲစိတ်ကုသမှုအဖြစ် အတွင်းတိမ်ခွဲ စိတ်မှု (၂၅)ကြိမ်နှင့် အခြားခွဲစိတ်ကုသမှု (၁၀)ကြိမ် စုစုပေါင်း (၃၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် အထူးကုဆရာဝန်များ တာဝန်ထမ်းဆောင် လျက်ရှိသည့် ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့၊ ခရိုင် ပြည်သူ့ဆေးရုံ၊ မောင်တောမြို့၊ ပြည်သူ့ဆေးရုံ၊ တောင်ကုတ်မြို့နှင့် ပြည်သူ့ဆေးရုံ ဘူးသီးတောင် မြို့တို့မှ အထူးကုဆရာဝန်များသည် နီးစပ်ရာမြို့နယ် များ၊ ကျေးရွာများသို့ ကွင်းဆင်း၍ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် လျက်ရှိရာ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ အထူးကု ဆေးအဖွဲ့သည် ပေါက်တောမြို့၊ ပုဏ္ဏားကျွန်းမြို့၊ စစ်တွေမြို့နယ် - မင်းဂံရပ်ကွက်၊ သင်ပုန်းတန်း ကျေးရွာ၊ ကြွီတဲကျေးရွာနှင့် ကြက်ကိုင်းတန်းကျေးရွာ များသို့ လည်းကောင်း၊ ပြည်သူ့ဆေးရုံ တောင်ကုတ် မြို့မှ အထူးကုဆေးအဖွဲ့သည် မာန်အောင်မြို့သို့ လည်းကောင်း၊ ခရိုင် ပြည်သူ့ဆေးရုံ၊ မောင်တောမြို့မှ အထူးကုဆေးအဖွဲ့သည် မောင်တောမြို့နယ်ရှိ ကျေးရွာများနှင့် ရသေ့တောင်မြို့နယ်များသို့လည်းကောင်း၊ ပြည်သူ့ဆေးရုံ ဘူးသီးတောင်မြို့မှ အထူးကု ဆရာဝန်များသည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်းကောင်း ကွင်းဆင်းကုသမှု ဆောင်ရွက်ခဲ့ပြီး ဇွန် ၂၂ ရက်နေ့အထိ ဒေသခံပြည်သူ ၉၅၀၁ ဦးအား ဆေးကုသမှုများ ဆောင်ရွက်နိုင်ခဲ့သည်။
သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(စစ်တွေမြို့)တွင် သူနာပြု-သားဖွား ဒီပလိုမာသင်တန်း များကိုဖွင့်လှစ်လျက်ရှိရာ တတိယနှစ်သင်တန်းကို ဇွန် ၅ ရက်တွင်လည်းကောင်း၊ ဒုတိယနှစ်သင်တန်း ကို ဇွန် ၁၉ ရက်တွင်လည်းကောင်း ပြန်လည်ဖွင့်လှစ် ပြီးဖြစ်၍ တတိယနှစ် သင်တန်းသား သင်တန်းသူ ၂၂၆ ဦးနှင့် ဒုတိယနှစ် သင်တန်းသား သင်တန်းသူ ၁၃၉ ဦး စုစုပေါင်း ၃၆၅ ဦး တက်ရောက်လျက်ရှိပြီး ကျန်သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်မည် ဖြစ်သည်။
နှလုံးရောဂါ၊ ဆီးနှင့် ကျောက်ကပ်ရောဂါ၊ အဆုတ်နှင့် ရင်ခေါင်းရောဂါ၊ အရိုး၊ အကြော/အဆစ် ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ ဆီးချို နှင့်ဟော်မုန်းရောဂါ၊ သွေးရောဂါ၊ အရေပြားရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါနှင့် အထွေထွေ ရောဂါကုသမားတော်ကြီးများ ပါဝင်သောအဖွဲ့သည် စစ်တွေမြို့သို့ မကြာမီသွားရောက်၍ ဒေသခံပြည်သူ များအား ဆေးကုသမှုများ ဆောင်ရွက်ပေးရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်