
ဆိပ်ဖြူ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ စိုက်ပျိုးသော မိုးစပါးစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိသလို ယခင်နှစ်ထက် စပါး ဈေးလည်း ပိုမိုရရှိလျက်ရှိကြောင်း စပါးစိုက် တောင်သူများထံမှ သိရသည်။
ဆိပ်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သည် ဒေသဝမ်းစာဖူလုံရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် မိုးစပါးကို မြစ်ရေတင်စနစ်၊ ဆည်ရေသောက်စနစ်၊ ဆည်ငယ်ကန်ငယ်၊ မိုးကောင်းသောက်နှင့် မြေအောက်ရေတင်စနစ် အစရှိသော စိုက်ပျိုးရေရရှိရေး နည်းလမ်း အသွယ်သွယ်တို့ဖြင့် စိုက်ပျိုးကြပြီး ဆင်းသုခ စပါးမျိုးနှင့် ဧရာမင်းစပါးမျိုးများကို အများဆုံး စိုက်ပျိုးခဲ့ကြသည်။
ယခုနှစ်တွင် ဆိပ်ဖြူမြို့နယ်၌ မိုးစပါး ဧက ၁၀၂၀၀ စိုက်ပျိုးခဲ့ပြီး လက်ရှိအချိန်တွင် တောင်သူတို့ စိုက်ပျိုးဆောင်ရွက်ခဲ့သည့် မိုးစပါးများကို စတင်ရိတ်သိမ်းလျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း ခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိသလို ယခင်နှစ်ထက် စပါးဈေးပိုမိုရရှိခြင်းကြောင့် တောင်သူများ အနေဖြင့် အဆင်ပြေကြကြောင်း၊ ယခင်နှစ်က မိုးစပါးစတင်ပေါ်ချိန်တွင် ဆင်းသုခစပါး တစ်တင်းလျှင် ကျပ် ၈၀၀၀၊ ဧရာမင်းစပါး တစ်တင်းလျှင် ကျပ် ၁၀၀၀၀ သာ ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မိုစပါးတစ်ဧကလျှင် စိုက်ပျိုး မြေပြင်စရိတ်၊ စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းစရိတ် ကျပ်သုံးသိန်းဝန်းကျင်ခန့် ကုန်ကျကာ တင်း ၉၀ ခန့်ထွက်ရှိပြီး ဆင်းသုခ စပါး တစ်တင်း လျှင် ကျပ် ၁၂၀၀၀ မှ ၁၄၀၀၀ အထိ၊ ဧရာမင်း စပါး တစ်တင်းလျှင် ကျပ် ၁၃၀၀၀ မှ ၁၅၀၀၀ အထိ ဈေးရရှိကြောင်း၊ စပါးဝယ်ယူသူများ အနေဖြင့် လက်ရှိတွင် ဆင်းသုခစပါးများကို ပို၍ဝယ်ယူနေကြောင်း မိုးစပါးစိုက်တောင်သူ များထံမှ သိရသည်။
စိုးလင်းနိုင်
(ပြန်/ဆက်)