ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဘေးကင်းလုံခြုံစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆီသို့

Type

 

ဒေါက်တာအာကာ(ဆိပ်ကမ်း)

ပင်လယ်ရေကြောင်းပို့ဆောင်ရေး(Maritime Transport)သည် နိုင်ငံ ၏   အပြည်ပြည်ဆိုင်ရာ  ကုန်သွယ်မှုအခန်းကဏ္ဍနှင့်  တိုက်ရိုက် ချိတ်ဆက်မှုရှိနေပြီး  နိုင်ငံ့လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါနေပါသည်။    ကုန်သွယ်မှုနည်းလမ်းများအနက် ပင်လယ်ရေကြောင်းဖြင့်  ကုန်သွယ်မှုသည်  ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုးရဲ့ ၇၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှုပမာဏ၏ ၈၀ ရာခိုင်နှုန်းရှိကြောင်း ကို United Nation Conference on  Trade  and  Development (UNCTAD) မှ နှစ်စဉ်ထုတ်ပြန်သော   Review  of   Maritime Transport အရ သိရှိရပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့်  စာရင်းများအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄  ဘီလီယံရှိသည့်အနက် Normal Trade ၏ အဓိကဖြစ်သော ပင်လယ်ရေကြောင်း ဖြင့် ကုန်သွယ်မှုတန်ဖိုးသည်   အမေရိကန်ဒေါ်လာ  ၂၅  ဘီလီယံကျော်၊ ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်း၊ နယ်စပ် ကုန်သွယ်မှုတန်ဖိုးသည်  ၉ ဘီလီယံခန့် ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းရှိခဲ့သည်။  ထို့ကြောင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကို  မြှင့်တင်နိုင်ပြီး  နိုင်ငံ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း   ရေရှည် တည်တံ့အောင် အထောက်အကူပြုနိုင်ရန်အတွက်  ဆိပ်ကမ်းလုပ်ငန်း ကဏ္ဍ  (Port Industry)ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် အလေးထားဆောင်ရွက်သွားကြရမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ 
ပင်လယ်ရေကြောင်းပို့ဆောင်ရေးကွန်ရက်နှင့်
ချိတ်ဆက်ပေးနိုင်သော ပင်လယ်ထွက်ပေါက်ပိုင်ဆိုင်ထား
မြန်မာနိုင်ငံသည် စုစုပေါင်း ရေမိုင် ၁၂၆၀ မိုင် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကို   ပိုင်ဆိုင်ထားပြီး  ပထဝီအနေအထားအရ လူဦးရေထူထပ်လှသည့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းမြေချင်းထိစပ် နေသလို  အပြည်ပြည်ဆိုင်ရာ   ပင်လယ်ရေကြောင်းပို့ဆောင်ရေး ကွန်ရက်နှင့်လည်း ကောင်းစွာချိတ်ဆက်  ဆောင်ရွက်ပေးနိုင်သော ပင်လယ်ထွက်ပေါက်ကိုလည်း ပိုင်ဆိုင်ထားသည့် ကမ်းရိုးတန်းနိုင်ငံ (Rimland Country) တစ်နည်းအားဖြင့် ပင်လယ်ရေကြောင်းပိုင်နက် နိုင်ငံ (Maritime State)တစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ ပထဝီအနေအထား အားသာချက်ကို   အပြည့်အဝအသုံးချပြီး  နိုင်ငံ့လူမှုစီးပွား  ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း ဘက်စုံ သယ်ယူပို့ဆောင်ရေး(Multimodal Transport)နည်းလမ်းများဖြင့် Transport and Logistics ကဏ္ဍတစ်ရပ်လုံး ဟန်ချက်ညီညီ စနစ် တကျ     ဖွံ့ဖြိုးတိုးတက်လာစေရေး၊    ရေရှည်တည်တံ့သော     ဖွံ့ဖြိုး တိုးတက်မှု   အကောင်အထည်ဖော်နိုင်ရေးကို  အထူးအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
ရေလမ်းကြောင်းတိုးတက်ကောင်းမွန်အောင် 
စဉ်ဆက်မပြတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိ
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည်      ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှု(Maritime Trade) အဆင်ပြေချောမွေ့စေရေးအတွက် တစ်ဖက်တွင်   ကြီးကြပ်စီမံခန့်ခွဲခြင်း(Administration)နှင့် ပံ့ပိုး ပေးခြင်း(Facilitation)တို့ကို ဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက် တွင်လည်း    ပုဂ္ဂလိက     ကဏ္ဍနှင့် ပူးပေါင်းပြီး   ဝန်ဆောင်မှုများကို    လည်ပတ်လုပ်ကိုင် ပေးခြင်း   (Operation)ကို   ဆောင်ရွက်နေသည့်  နိုင်ငံပိုင်  စီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့်  ဆိပ်ကမ်း လုပ်ငန်း၊ ရေကြောင်းပြလုပ်ငန်း၊   ကုန်တင်ကုန်ချ လုပ်ငန်း၊  သင်္ဘောကိုယ်စားလှယ်လုပ်ငန်းစသည့် ဝန်ဆောင်မှုများကို ကောင်းမွန်ပြည့်စုံစွာ ဝန်ဆောင် မှုပေးနိုင်မှသာ   ဆိပ်ကမ်းအသုံးပြုသူများဖြစ်ကြ သည့်     သင်္ဘောလိုင်းများနှင့်     ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်ကြီးများအနေဖြင့်         ပေးရသည့် ဝန်ဆောင်ခနှင့် ထိုက်တန်သော ဝန်ဆောင်မှုများကို   ရရှိပြီး    ကျေနပ်မှုများလည်း ရရှိကြမည်ဖြစ်ပါသည်။  ထို့ကြောင့်   နိုင်ငံ၏    အဓိကဆိပ်ကမ်းဖြစ်ပြီး မြစ်တွင်းဆိပ်ကမ်း   (River Port)  တစ်ခုသာဖြစ်သော  ရန်ကုန်ဆိပ်ကမ်း၏   ရေလမ်းကြောင်းအတွင်း  အပြည်ပြည်ဆိုင်ရာ     ကုန်သွယ်သင်္ဘောကြီးများ နေ့/ည ဘေးကင်းလုံခြုံစွာ ဝင်/ထွက်သွားလာနိုင် စေရန်အတွက် ရေလမ်းကြောင်းတိုးတက်ကောင်းမွန်အောင် စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသကဲ့သို့    လိုအပ်သည့်   နည်းပညာမြင့်   ခေတ်မီ  စက်ကိရိယာ/ရေယာဉ်များ   ကိုလည်း    အလေးထား ဖြည့်တင်းဆောင်ရွက်လျက်ရှိပါသည်။ 
ကန့်သတ်ချက်များကြောင့်  နိုင်ငံ၏ကုန်သွယ်မှုကို   
များစွာအဟန့်အတားဖြစ်စေခဲ့
အလျဉ်းသင့်၍    ရန်ကုန်မြစ်ရေလမ်းကြောင်း   တိုးတက်လာမှု အခြေအနေများကိုလည်း တင်ပြလို ပါသည်။   ရန်ကုန်ဆိပ်ကမ်းသည်    အိမ်နီးချင်း   ထိုင်းနိုင်ငံ၏   ဘန်ကောက်ဆိပ်ကမ်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏  စစ်တကောင်းဆိပ်ကမ်း တို့ကဲ့သို့   မြစ်တွင်း ဆိပ်ကမ်းတစ်ခု ဖြစ်ပါသည်။   မြစ်တွင်းဆိပ်ကမ်း ဖြစ်သည့်အတွက်   ယခင်က  သင်္ဘောကြီးများ ဝင်/ထွက်ကြရာတွင်   ဒီရေအတက်အကျပေါ်    မူတည်ပြီး    ရေစူး  ကန့်သတ်ချက်များနှင့် သန်လျက်စွန်း Monkey Point ရှိ အတွင်းစည်းခုံ (Inner Bar)နှင့် ရန်ကုန်မြစ်အဝင် Elephant Point ရှိ အပြင်စည်းခုံ (Outer Bar) တို့ကို ခက်ခဲစွာ ဖြတ်သန်းခဲ့ကြရပါသည်။ Inner Bar နေရာတွင် နွေရာသီ၌ ရေစူး ၈ မီတာအထိသာ ဖြတ်သန်းခွင့်ပြုနိုင်ပြီး ရေလမ်း အကျယ်မှာလည်း ၈၀ မီတာသာ  ရှိပါသည်။ ထို့အပြင်  ရန်ကုန်မြစ်၊  ပဲခူးမြစ်နှင့်  ပုဇွန်တောင်ချောင်း မြစ်သုံးဆိုင် နေရာဖြစ်ပြီး ဝင်/ထွက်ရာတွင် တံတောင်ဆစ်ချိုးကွေ့ရသည့်အတွက် သင်္ဘောကြီးများ ကို  ကိုင်တွယ်မောင်းနှင်ပေးရသော  ရေကြောင်းပြမှူးကြီး Pilot များအတွက်လည်း  စွန့်စားရမှု (Risk) ကြီးမားခဲ့ပါသည်။ ထိုစဉ်က အပြင် စည်းခုံကို ရေစူး ၉  မီတာအပြည့်ဖြင့် တစ်လလျှင် သုံး၊ လေးရက်ခန့်သာ ဝင်ထွက်နိုင်ပြီး အတွင်းစည်းခုံကိုလည်း ရေစူး ၈ မီတာဖြင့်တစ်လလျှင် လေး၊ ငါးရက်ခန့်သာ  ဝင်ထွက်နိုင်ခဲ့ပါသည်။   မကြာခဏ  သောင်တင်သောင်ငြိဖြစ်စဉ်များလည်း ရှိခဲ့သည့်အတွက် Monkey Point ကို  ညအချိန်(နေဝင်ပြီးချိန်မှနေမထွက်မီအချိန် အတွင်း)တွင် ဖြတ်သန်းခွင့် မပြုနိုင်သည့် အခြေအနေအထိ ရောက် ရှိခဲ့ပါသည်။ ထို့ကြောင့် ယခင်က  ရန်ကုန်အတွင်းဆိပ်ကမ်း (Inner Harbour)မှ   ထွက်ခွာသည့်  ကုန်သေတ္တာသင်္ဘောတစ်စင်းသည် ဆိပ်ကမ်းမှ   ခွာပြီးသည့်နောက်  ရေချိန်ကိုစောင့်ဆိုင်း၍   Monkey Point ကို  အန္တရာယ်ကင်းစွာဖြတ်နိုင်ရန်  ရေလယ်ဗော်ယာတွင်ချည်၍  စောင့်ဆိုင်းရပြီး Monkey Point ဖြတ်ပြီးချိန်တွင်လည်း   ရေချိန်စောင့် ရန်  Old   Explosive Anchorage (OEA), New Explosive Anchorage (NEA) နေရာများတွင်   ထပ်မံပြီး   ကျောက်ချစောင့်ဆိုင်းခဲ့ရသည့် အတွက် အထွက်ခရီးအတွက်ပင်  နှစ်ရက်ခန့် ကြာမြင့်ခဲ့ရပါသည်။  အဆိုပါ ကန့်သတ်ချက်များကြောင့်လည်း  နိုင်ငံ၏ကုန်သွယ်မှုကို   များစွာ အဟန့်အတား ဖြစ်စေခဲ့ပါသည်။
သို့ရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြိုးပမ်းရှာဖွေမှုနှင့် သောင်တူးဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ရေလမ်းကြောင်းအသစ် King’s Bank Channel ကို   ဖော်ထုတ်နိုင်ခဲ့ပြီး   စဉ်ဆက်မပြတ် တိုင်းထွာ၍ သောင်တူးဖော် ထိန်းသိမ်းထားနိုင်ခြင်း (Maintenance Dredging)နှင့် လိုအပ်သည့်နေရာများတွင်   စဉ်ဆက်မပြတ်သောင် တူးဖော်ခြင်း (Intensive Dredging)လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိနေပါသည်။  King’s  Bank  Channel  ရေလမ်း ကြောင်းအသစ်သည် ရေယာဉ်ကြီး နှစ်စင်း ကောင်းစွာရှောင်တိမ်းသွား လာနိုင်သည့် (Two-Lane Traffic)အတွက် လုံလောက်သည့် ရေလမ်း အကျယ် ၄၅၀ မီတာရှိသဖြင့် သင်္ဘောကြီးများ နေ့/ည ၂၄ နာရီ အချိန် မရွေး ဝင်ထွက်နိုင်လာပါသည်။ ရေလမ်းကြောင်းအသစ် ဖော်ထုတ် နိုင်မှုကြောင့် လက်ရှိအချိန်တွင် သီလဝါဆိပ်ကမ်းဧရိယာ၌ ရေစူး ၁၀ ဒသမ ၅ မီတာ၊ အလျား ၃၀၀ မီတာနှင့် တန်ချိန် ၅၀၀၀၀၊ ရန်ကုန် အတွင်းဆိပ်ကမ်းဧရိယာ၌ ရေစူး ၉ ဒသမ  ၆ မီတာ၊ အလျား ၂၀၀ မီတာနှင့် တန်ချိန် ၃၅၀၀၀ အထိ တင်ဆောင်နိုင်သည့် သင်္ဘောကြီးများ ကို   လက်ခံဝန်ဆောင်မှုများ  ပေးလာနိုင်ပြီဖြစ်သည့်အပြင်  ပိုမို ဘေးကင်းလုံခြုံစွာဖြင့်လည်း ဝန်ဆောင်မှုများ ပေးနေနိုင်ပြီဖြစ်ပါသည်။


ထိုသို့ ရေလမ်းကြောင်းတိုးတက်ကောင်းမွန်ရေးနှင့် ဘေးကင်းလုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်နိုင်သည့်အတွက် အရွယ်အစား ပိုမိုကြီးမားသော သင်္ဘောကြီးများကို လက်ခံဝန်ဆောင် မှုများပေးလာနိုင်ပြီး ကုန်စည်များ ပိုမိုတင်ဆောင်လာနိုင်သည့်အတွက် နိုင်ငံတကာကုန်သွယ်မှုကို များစွာအထောက်အကူ ဖြစ်စေပါသည်။ ယခုအခါ   ကုန်သေတ္တာတင် သင်္ဘောလိုင်းများသည် ယခင်ပုံမှန် ဝင်ရောက်နေသည်ထက် အရွယ်အစား ပိုမိုကြီးမားသည့် အထူးသဖြင့် Beam ပိုကျယ်ပြီး ကုန်သေတ္တာ TEU ၂၇၀၀ ခန့် တင်ဆောင်နိုင်သည့် သင်္ဘောအသစ်များဖြင့် ထပ်တိုး ဝင်/ထွက် ပြေးဆွဲနေပြီ ဖြစ်သည့် အတွက် ကုန်စည်များ ပိုမိုတင်ဆောင်လာနိုင်ခြင်းဖြင့်  ဌာနနှင့်နိုင်ငံ အတွက် ဝင်ငွေတိုးတက်ရှာဖွေပေးနိုင်သည့်အပြင် သွင်းကုန်/ပို့ကုန် လုပ်ငန်းရှင်များအတွက်    ကုန်တင်တန်ဆာခကို   သက်သာစေပြီး စားသုံးသူများအတွက်လည်း ကုန်ဈေးနှုန်းကို သက်သာစေနိုင်မည် ဖြစ်ပါသည်။ 
အလားတူပင်   ရန်ကုန်မြစ်ဝ၌  Offshore Fixed Pilot Station တစ်ခုကို တည်ဆောက်အသုံးပြုနိုင်ခဲ့ခြင်းကြောင့်လည်း အဝင်အထွက် သင်္ဘောကြီးများကို စနစ်တကျ ရေလမ်းကြောင်း အထောက်အကူများ   ပေးလာနိုင်ပြီး   ရေကြောင်းပြမှူးကြီးများနှင့် ရေကြောင်းဆိုင်ရာ ဝန်ထမ်းများသည်လည်း  ယခင်ကကဲ့သို့ Pilot Vessel သင်္ဘောတွင် အနေအစား ဆင်းရဲကျပ်တည်းစွာဖြင့် နေထိုင်ရန် မလိုအပ်တော့သည့် အပြင်   ပိုမိုဘေးကင်းလုံခြုံစွာနဲ့    တာဝန်ထမ်းဆောင်နိုင်ကြပြီ ဖြစ်ပါသည်။  ထို့အပြင် ရန်ကုန်မြစ်  ရေလမ်းကြောင်းတစ်လျှောက်တွင် ရေလမ်းကြောင်း  အချက်ပြအမှတ်အသားများ (Navigation Aids)ကို ပြုပြင်/အစားထိုးလဲလှယ်တပ်ဆင်ခြင်းနှင့်   အဆင့်မြှင့်တင်ခြင်း တို့ကိုလည်း အလေးထားပြီး ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်သည် (၇၇)နှစ်မြောက်  ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် ၍ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့လူမှု စီးပွားရေးဖွံ့ဖြိုးမှုကို   အထောက်အကူပြုနိုင်ရန်အတွက်  ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုဘေးကင်းလုံခြုံသည့် ဝန်ဆောင်မှုကောင်းများပေးနိုင်စေရန် ပြည်တွင်း၊ ပြည်ပမှ မှာယူ တည်ဆောက်ခဲ့သည့် စုစုပေါင်း အမေရိကန်ဒေါ်လာ၂၀ ဒသမ ၆၇သန်း တန်ဖိုးရှိသော ရေယာဉ်အသစ် ရှစ်စင်း လုပ်ငန်းခွင်စတင်ဝင်ရောက် ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အောင်မြင် စွာ ကျင်းပပြုလုပ်၍ အားသစ်လောင်းနိုင်ခဲ့ပါသည်။
ရေယာဉ် ရှစ်စင်းအနက် ၆၀ မီတာ ဘက်စုံသုံးဗော်ယာ မ/ချ ရေယာဉ်    (Multipurpose Buoy Handling Vessel) MV. Ganda  ကို   တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ  Guangzhou Hangtong သင်္ဘော ကျင်းတွင် တည်ဆောက်ခဲ့ပြီး  ရန်ကုန်မြစ်    ရေလမ်းကြောင်းတစ် လျှောက် နိုင်ငံတကာ ကုန်သွယ်သင်္ဘောကြီးများ ဘေးကင်းလုံခြုံစွာ ဝင်ထွက်သွားလာနိုင်ရန်နှင့်    မြန်မာ့ကမ်းရိုးတန်း  တစ်လျှောက်ရှိ ဆိပ်ကမ်းများ၏ ရေလမ်းကြောင်းများအတွင်း ဘေးအန္တရာယ်ကင်း စေရန်အတွက်  ရေလမ်းကြောင်း   အထောက်အကူပြု   အချက်ပြ ဗော်ယာများ မ/ချ ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းများ၊  ကမ်းရိုးတန်း တစ်လျှောက်      မီးပြတိုက်များ     ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များ၊    သင်္ဘောကြီးများကို   တွန်း/ဆွဲခြင်းလုပ်ငန်းများ၊ မီးသတ် လုပ်ငန်းများအပြင် ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါ  အကျိုးရှိစွာ  အသုံးချနိုင်မည်ဖြစ်ပါသည်။     ထို့အပြင်          ဆိပ်ကမ်းလုပ်ငန်းသုံးရေယာဉ်     (Harbour Launch)    သုံးစင်းကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏        စက်ဆန်းသင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်း ရေကြောင်းပြလုပ်ငန်းနှင့် Pilot ကြို/ပို့  လုပ်ငန်းများတွင်   အသုံးပြုနိုင်မည်ဖြစ်ပါသည်။   မြေတူးနှင့် မြေခံရေယာဉ်    နှစ်စုံ၊   လေးစင်းကိုလည်း  မြန်မာ့ဆိပ်ကမ်း   အာဏာပိုင်၏     သိမ်ဖြူသင်္ဘောကျင်းတွင်     တည်ဆောက်ခဲ့ပြီး ဆိပ်ကမ်းတံတားများရှေ့၌ လိုအပ်သည့်ရေအနက် ရရှိထိန်းသိမ်းနိုင်ရန် ကျားပါးစပ်   သောင်တူးဖော်ခြင်းလုပ်ငန်းများတွင်   အင်အားဖြည့် အသုံးချနိုင်တော့မည်ဖြစ်ပါသည်။ 
ဆိပ်ကမ်းတံတားများကိုခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်
သို့ဖြစ်ရာ ဌာနအနေဖြင့်လည်း ရေယာဉ်များကို သက်တမ်းပြည့် အသုံးချနိုင်ရေးအတွက် စနစ်တကျ ထိန်းသိမ်းအသုံးချသွားမည်ဖြစ် ပါကြောင်း၊ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ကြရာတွင် နိုင်ငံ၏လူမှုစီးပွားဖြစ်ပေါ်ပြောင်းလဲမှုများ၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်စီးပွားရေးအသိုက်အဝန်းများအတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများနှင့်  နည်းပညာ အရှိန်အဟုန်ဖြင့် တိုးတက်လာနေမှုများကို မျက်ခြည်မပြတ် လေ့လာ သုံးသပ်ပြီး နှစ်စဉ် တိုးတက်လာနေသည့် နိုင်ငံ၏ကုန်သွယ်မှုလိုအပ် ချက်ပမာဏကို   နိုင်နင်းစွာကိုင်တွယ်   ဝန်ဆောင်မှုများပေးနိုင်ရန် အတွက်    ဆိပ်ကမ်းတံတားများကို   ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခြင်း၊   အဆင့်မြှင့်တင်ခြင်း၊  ရေလမ်းကြောင်းများကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးစီမံဆောင်ရွက်ခြင်း၊ ကုန်ကိုင်တွယ် စက်ကိရိယာများနှင့်   လုပ်ငန်းသုံးရေယာဉ်များ၊  စက်ကိရိယာများ ဖြည့်တင်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊  ကျွမ်းကျင်လူ့စွမ်းအားအရင်း အမြစ်များကို စုဆောင်းလေ့ကျင့်ပျိုးထောင်ပေးခြင်းနှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများကိုလည်း ကုန်သွယ်မှုပမာဏ တိုးတက်မှုနှင့် လိုက်လျောညီထွေ    ထိရောက်အကျိုးရှိစွာ   အသုံးချခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊   ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ၏ Stakeholder များ ဖြစ်ကြသည့်    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပုဂ္ဂလိကဆိပ်ကမ်းတံတားများအနေဖြင့်လည်း  ဝန်ဆောင်မှုစနစ်နှင့် စွမ်းဆောင်ရည်ကို   နိုင်ငံတကာကုန်သွယ်မှုအတွက်  လိုအပ်ချက် စံချိန်စံညွှန်းများနှင့်    လိုက်လျောညီထွေ    အဆင်သင့်ဖြစ်စေရန် ကောင်းသထက်ကောင်းအောင် အဆင့်မြှင့်တင်  ပြောင်းလဲကျင့်သုံးခြင်း(Adaptation)နှင့် စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်လာနေသည့် နည်းပညာနှင့် စက်ကိရိယာများကို တပ်ဆင်အသုံးချပြီး အလုပ်တွင်၍ ဝန်ဆောင်မှုကောင်းစေရန်   အထူးသဖြင့်   ဒေသတွင်းမှ   ခေတ်မီ ဆိပ်ကမ်းများနည်းတူ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation)နည်းလမ်းဖြင့် Electronic Port (e-Port) အဆင့်မှ သည် ကုန်သွယ်မှု လိုအပ်ချက်နှင့်  လိုက်လျောညီထွေစွာ Smart Port အဆင့်သို့   တက်လှမ်းနိုင်ရန်  နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုများနှင့်အတူ အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင် အထည်ဖော်   ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း  တင်ပြအပ်ပါ သည်။    ။