
ရန်ကုန် ဒီဇင်ဘာ ၂၁
ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူတို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ ကို ဆက်သွယ်မည့် တွံတေးတူးမြောင်းကူး တံတား တည်ဆောက်လျက်ရှိကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ (၁)မှ သိရ သည်။
“ဒလဘက်ကမ်းမှာရှိတဲ့ ဖောင်ဒေးရှင်း လုပ်ငန်း ဘိုးပိုင်အမှတ် P 4 ကနေ P 7 အထိနဲ့ ကမ်းကပ်ခုံ A 2 အထိ ဆောင်ရွက်နေပါတယ်။ ဘိုးပိုင်စုစုပေါင်း အလုံး ၁၂၀ အနက်မှာ ဘိုးပိုင် အလုံး ၄၀ ပြီးစီးပြီဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မတ်လမှာ တံတားတည်ဆောက်ပြီးစီးဖို့ ရည်မှန်းထားပါတယ်။ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားကြီးမပြီးခင်မှာ ဆိပ်ကြီးခနောင်တိုတံတားကို ပြီးစီးအောင် တည်ဆောက်ဖို့ မျှော်မှန်းထားပါတယ်။ တံတားတစ်စင်းလုံးရဲ့ တည်ဆောက်ရေး လုပ်ငန်း၊ ချဉ်းကပ်လမ်းအပါအဝင် စုစုပေါင်း ကုန်ကျတန်ဖိုးငွေကျပ် ၂၈ ဘီလီယံ ကုန်ကျ မှာဖြစ်ပါတယ်”ဟု တံတားဦးစီးဌာန တံတား တည်ဆောက်ရေးအဖွဲ့(၁)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်စွာထွန်းက ပြောသည်။
“တံတားကြီးပြီးသွားရင် ဆိပ်ကြီးခနောင်တို တံတားသစ်ကြီးကနေ ဖြတ်သန်းမယ်၊ ပြီးရင် ဒလတံတားကြီးကနေ ဆက်လက်ဖြတ်သန်း သွားရင် ရန်ကုန်မြို့လယ်ကောင် ဆူးလေကို မိနစ် ၂၀ အတွင်း မှာ ရောက်ရှိမှာဖြစ်ပါတယ်၊ ပြည်သူလူထုရဲ့ နေ့စဉ် လူနေမှုဘဝတွေအားလုံးကို လုံခြုံစိတ်ချစွာနဲ့ အန္တရာယ်ကင်းကင်း၊ ရာသီဥတုမရွေး ၂၄ နာရီ ကူးသန်းသွားလာနိုင်တော့မှာ ဖြစ်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ဒလတံတားကြီး တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့သို့ ဆက်သွယ်ထားသည့် တွံတေးတူးမြောင်းကူးတံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့သို့ ဆက်သွယ်ပေါင်းကူးတည်ဆောက်မည့် တွံတေး တူးမြောင်းကူး တံတားအမျိုးအစားမှာ သံမဏိ သံပေါင်တံတား၊ နှစ်လမ်းသွားဖြစ်ပြီး တံတားအရှည် မီတာ ၇၄၀၊ အကျယ် ၁၀ မီတာ၊ ချဉ်းကပ်လမ်းအပါ အဝင် စုစုပေါင်းအရှည် ၂၅၄၂ ပေရှိပြီး စုစုပေါင်း ငွေကျပ် ၂၈ ဘီလီယံ ကုန်ကျမည်ဖြစ်ကာ ဂျပန် နိုင်ငံ၌ နောက်ဆုံးတည်ဆောက်နေသော တံတား ဒီဇိုင်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာန တံတားတည်ဆောက်ရေးအဖွဲ့(၁)က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်ပြီး နှစ်စဉ် ဘဏ္ဍာနှစ် အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် တာဝန်ယူ တည်ဆောက် လျက်ရှိကြောင်း တံတားဦးစီးဌာန တံတားတည် ဆောက်ရေးအဖွဲ့(၁)မှ သိရသည်။
သတင်း-သုတ
ဓာတ်ပုံ-တံတားတည်ဆောက်ရေး အဖွဲ့(၁)