
ရန်ကုန် မေ ၁၉
ဆီထွက်သီးနှံ မြေပဲ၊ နှမ်းစသည်တို့ကို မေ ၉ ရက်မှစတင်၍ ပြည်ပတင်ပို့မှု ဆိုင်းငံ့လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့ကဲ့သို့ ပြည်ပ တင်ပို့မှုဆိုင်းငံ့ထားသဖြင့် ပြည်တွင်း ရောင်းဝယ်ဖောက်ကားမှု ပိုမိုလာနိုင်ပြီး စားသုံးဆီဈေးနှုန်းများ တည်ငြိမ်လာနိုင် ကြောင်း ကုန်သည်များထံမှ သိရသည်။
ပြည်တွင်းစားသုံးဆီ ဖူလုံစေရေး အတွက် နိုင်ငံတော်က ပြည်ပတင်ပို့မှု ဆိုင်းငံ့လိုက်သည်ကို ပြည်တွင်းဆီစက် များနှင့် တစ်နိုင်တစ်ပိုင်ဆီထုတ်လုပ် ရောင်းချသူများက ကြိုဆိုကြသည်ကို လည်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် စားသုံးဆီကို မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဝါစေ့တို့မှ အဓိကရရှိသုံးစွဲနေကြသည်။ ထို့အတူ ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်း ဆီတို့ကိုလည်း ပြည်ပမှ တင်သွင်းသုံးစွဲ လျက်ရှိသည်။ ယခုနှစ်အတွင်း စားအုန်း ဆီသုံးစွဲမှု များပြားခြင်းကြောင့် ကျန်းမာ ရေးထိခိုက်မှုမရှိစေရေး အသိပညာ ပေးလုပ်ငန်းများကို မီဒီယာများတွင် ထိထိရောက်ရောက် ပညာပေးလျက်ရှိ သည်။
“ပြည်တွင်းမှာ မြေပဲ၊ နှမ်း၊ နေကြာနဲ့ ပဲပုပ်ဆီတွေ တစ်နိုင်တစ်ပိုင် ကြိတ်ခွဲ ရောင်းချမှုတွေ အခုအချိန်မှာ ပိုမိုအလေးပေးလုပ်ဆောင်သင့်ပါတယ်။ ပြည်ပတင်ပို့ မှုရပ်ဆိုင်းထားတဲ့အတွက် မြေပဲနဲ့ နှမ်း ဈေးကွက်ကတော့ အနည်းငယ်ကျဆင်း နေပါတယ်။ ဘယ်တော့ပြန်ဖွင့်မလဲ မသိရသေးတော့ အရောင်းအဝယ် ဈေးကွက်ကလည်း အတော်လေးငြိမ်သက် သွားတာပါ။ ဒါပေမယ့် ပြည်တွင်းမှာ မြင့်တက်နေတဲ့ ဆီဈေးနှုန်းကိုတော့ လျှော့ချပေးနိုင်မယ်လို့ ယူဆရပါတယ်” ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယနေ့ မြန်မာနိုင်ငံ၏ လူဦးရေအရ ဆီစားသုံးမှုကို တွက်ချက်ရာတွင် အာဆီယံနိုင်ငံများအတွင်း၌ စားသုံးမှု အနိမ့်ဆုံးနှုန်းနှင့် တွက်ချက်ကြည့်ခြင်း ပင်လျှင် လူတစ်ဦး တစ်နှစ်ပျမ်းမျှ ဆီ ၆၀ ကျပ်သား (၁၂ ကီလိုဂရမ်) ခန့် စားသုံး ကြောင်း၊ ထို့ကြောင့် ပြည်တွင်းအတွက် တစ်နှစ်လျှင် အနိမ့်ဆုံး ဆီလိုအပ်ချက်မှာ ခန့်မှန်းမက်ထရစ်တန် ခြောက်သိန်းခွဲခန့် ဖြစ်ကြောင်း ပညာရှင်များက တွက်ချက် ထားကြသည်။ နှစ်စဉ် ပြည်တွင်းလိုအပ် ချက် ဖူလုံစေရေး သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များက အဆိုပါ စိုက်ပျိုး ထွက်ရှိမှုမှ ဆီထွက်သီးနှံလုံးဆန် ခန့်မှန်း မက်ထရစ်တန် သုံးသိန်းကျော်ကို ပြည်ပ သို့ နှစ်စဉ် တင်ပို့ရောင်းချနေသဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံလက်ကျန် ခန့်မှန်း တန် ၁၀ သန်းကျော်ကိုသာ ဆီကြိတ်ခွဲနိုင်သဖြင့် စားသုံးဆီ မက်ထ ရစ်တန် ခန့်မှန်း လေးသိန်းကျော်သာ ထွက်ရှိကာ စားသုံးဆီ မက်ထရစ်တန် ခန့်မှန်း ခြောက်သိန်းခွဲကျော် ပြည်ပမှ နှစ်စဉ် တင်သွင်းနေကြရသဖြင့် ယခုကဲ့သို့ ပြည်ပတင်ပို့မှု ဆိုင်းငံ့ခြင်းဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံလာစေမည် ဖြစ်သည်။ သီရိ