ဆီထွက်သီးနှံ မုန်ညင်းစေ့များ မန္တလေးဈေးကွက်တွင် ဈေးကောင်းရရှိ

 

မန္တလေး   မေ   ၇


ယခုရက်ပိုင်းအတွင်း ဗန်းမော်၊ ကသာ၊ ထီးချိုင့်နှင့် မိုးမိတ်ဒေသများမှ ထွက်ရှိလာသည့် ဆီထွက်သီးနှံမုန်ညင်းစေ့များ မန္တလေးဈေးကွက် အတွင်း ဈေးကောင်းရရှိကာ အရောင်းအဝယ်များလည်း သွက်လက် မြန်ဆန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 


ယခင်နှစ် ကာလတူအချိန်က ဆီမုန်ညင်းစေ့ တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀ သာရရှိခဲ့သော်လည်း ယခုအချိန်တွင် ဆီမုန်ညင်းစေ့တစ်ပိဿာ လျှင် ငွေကျပ် ၂၉၀၀ ဈေးဖြင့်  ဈေးကောင်းရရှိနေကြောင်း  မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

 


“ဒီရက်ပိုင်းဈေးကွက်ကို ဝင်ရောက်လာတဲ့ ဆီထွက်သီးနှံ မုန်ညင်းစေ့ တွေဟာ အရင်နှစ်ကာလတူပေါက်ဈေးထက် ဈေးနှုန်းပိုမိုပြီး ကောင်းမွန် နေပါတယ်။ မုန်ညင်းက အရွက်စား ဟင်းချက်မုန်ညင်းနဲ့ ဆီထုတ်လုပ်နိုင် တဲ့ ဆီမုန်ညင်းဆိုပြီး  နှစ်မျိုးနှစ်စား  ရှိပါတယ်။ ဆီထုတ် မုန်ညင်းကတော့ ဆောင်းသီးနှံအနေနဲ့  တစ်နှစ်မှာ   တစ်ရာသီပဲ   စိုက်ပျိုးကြပါတယ်။ နိုဝင်ဘာလမှာစတင်စိုက်ပျိုးပြီးတော့ ဇန်နဝါရီလမှာ ထွက်ရှိပါတယ်။ ဈေးကွက်ဝင်သီးနှံလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် မုန်ညင်းကို တောင်သူ တွေအနေနဲ့ တိုးချဲ့စိုက်ပျိုးသင့်ပါတယ်။ တောင်ပေါ်ဒေသတွေမှာ ပိုမို ဖြစ်ထွန်းပါတယ်။ အရွက်စားမုန်ညင်းကတော့ နေရာဒေသမရွေးစိုက်ပျိုး နိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

 


ဆီမုန်ညင်းကို  တောင်ပေါ်ဒေသများဖြစ်သော   ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း စသည့်ဒေသများတွင် အဓိကစိုက်ပျိုးပြီး ယင်းဒေသများမှ ထွက်ရှိလာသည့် ဆီမုန်ညင်းစေ့များကို မန္တလေးဈေးကွက်မှတစ်ဆင့် ကျန်ဒေသများသို့ ပြန်လည်ရောင်းချကြောင်း သိရသည်။ 


မင်းထက်အောင်(မန်းကိုယ်ပွား)