
ရန်ကုန် မေ ၁၁
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပနေ သည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း ဝူရှူးပြိုင်ပွဲ ဒုတိယနေ့ကို မေ ၁၁ ရက်က ဆက်လက်ကျင်းပရာ မြန်မာဝူရှူးအဖွဲ့ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိသည်။
မြန်မာ ဝူရှူးအဖွဲ့အတွက် ငွေတံဆိပ်ဆုကို အမျိုးသမီး ကျန့်စု (နှစ်ဖက်သွားဓား) နှင့် ချန်းစု (လှံရှည်) ပြိုင်ပွဲနှစ်ခု ပေါင်းတွင် ရမှတ်စုစုပေါင်း ၁၉ ဒသမ ၀၈၆၀ မှတ်ဖြင့် ရယူနိုင်ခဲ့ ခြင်းဖြစ်ပြီး ရွှေတံဆိပ်ဆုကို ဗီယက်နမ်ကစားသမား သွေဗီ ဒေါင်က ၁၉ ဒသမ ၂၂၉၀ မှတ်၊ ကြေးတံဆိပ်ဆုကို မလေးရှား ကစားသမား ပန်ပူရီက ၁၈ ဒသမ ၂၄၆၀ မှတ်ဖြင့် ရရှိခဲ့သည်။ ယင်းပြိုင်ပွဲကို နှစ်ရက်ကျင်းပခြင်း ဖြစ်ပြီး မေ ၁၀ နှင့် ၁၁ ရက်တို့တွင် ယှဉ်ပြိုင်ရကာ ပြိုင်ပွဲနှစ်ခုပေါင်း ရမှတ်ကို တွဲချက်၍ ဆုတံဆိပ် ချီးမြှင့်ခြင်းဖြစ်သည်။
မြန်မာဝူရှူးအဖွဲ့သည် မေ ၁၁ ရက် ပွဲစဉ်များအပြီးတွင် ငွေ တံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု ရရှိထားသည်။ ဝူရှူးပြိုင်ပွဲ နောက်ဆုံးနေ့ကို မေ ၁၂ ရက် (ယနေ့) ဆက်လက် ကျင်းပမည် ဖြစ်သည်။
ညီမြတ်သော်တာ