ဆီးဂိမ်း ကွင်းသွင်း ခြင်းခတ်ပြိုင်ပွဲတွင် မြန်မာအမျိုးသားနှင့် အမျိုးသမီးအသင်း ရွှေဆုရယူ

 

ရန်ကုန်   မေ   ၁၀


(၃၂) ကြိမ်မြောက် ဆီးဂိမ်းပိုက်ကျော်ခြင်းပြိုင်ပွဲ  ပထမနေ့ကို မေ    ၁၀  ရက်က   စတင်ကျင်းပရာ   ကွင်းသွင်းခြင်းခတ် အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲနှစ်ခုစလုံးတွင် မြန်မာအသင်း ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

 


ခြင်းလုံးပြိုင်ပွဲအပြီးတွင် ပိုက်ကျော်ခြင်းအားကစားနည်း ၏  ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲအမျိုးအစား စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းများမှာ ပြိုင်ပွဲနှစ်ခုစလုံးတွင် ရွှေတံဆိပ်ရယူနိုင်ခဲ့ ခြင်းဖြစ်သည်။  အမျိုးသမီး   ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင်  မြန်မာအသင်းက အမှတ် ၇၅၀ ဖြင့် ရွှေတံဆိပ်၊ ဖိလစ်ပိုင်အသင်း က အမှတ် ၅၇၀ ဖြင့် ငွေတံဆိပ်၊ ကမ္ဘောဒီးယားအသင်းက အမှတ် ၂၃၀ ဖြင့်  ကြေးတံဆိပ်ဆုရရှိသည်။ ရွှေတံဆိပ်ဆုရ မြန်မာ အမျိုးသမီးအသင်းတွင်  ခင်နှင်းဝေ၊  ဆုသဉ္ဇာနိုင်၊ ကြူကြူသင်း၊ နိုင်နိုင်ဝင်း၊ နွယ်နွယ်ထွေးနှင့် ဖြူဖြူသန်းတို့  ပါဝင်ကြသည်။ အမျိုးသား ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် မြန်မာအသင်းက အမှတ်၆၈၀ ဖြင့် ရွှေတံဆိပ်၊  ဖိလစ်ပိုင်အသင်းက   အမှတ်  ၆၆၀ ဖြင့်  ငွေတံဆိပ်၊   ကမ္ဘောဒီးယားအသင်းက  အမှတ် ၄၆၀ ဖြင့် ကြေးတံဆိပ်ရရှိသည်။   ရွှေတံဆိပ်ဆုရ     မြန်မာ အမျိုးသားအသင်းတွင်    အောင်ကျော်မိုး၊     အောင်ဇော်၊ ကျော်ဇေယျာဝင်း၊ သန်းဇော်ဦး၊ သိန်းဇော်မင်းနှင့် ဇင်ကိုကိုတို့  ပါဝင်ကြသည်။

 


မြန်မာပိုက်ကျော်ခြင်းအသင်းသည် ဆီးဂိမ်းပိုက်ကျော်ခြင်း အားကစားနည်းတွင်  ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲပါဝင်သည့် အကြိမ်အများစုတွင် အောင်မြင်မှုရရှိခဲ့ပြီး ယခုအကြိမ်တွင်မူ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံး၌ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။                                            

ရဲရင့်လွင်