ဆီးဂိမ်း Arnis ပြိုင်ပွဲတွင် မြန်မာ Arnis အဖွဲ့ ရွှေတစ်ခု၊ ကြေးသုံးခု ထပ်မံရရှိ

 

ရန်ကုန်   မေ  ၁၆
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း Arnis ပြိုင်ပွဲနောက်ဆုံး နေ့ကို မေ ၁၆ ရက်က ကျင်းပရာ မြန်မာ Arnis အဖွဲ့ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် သုံးခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
ဆီးဂိမ်း Arnis ပြိုင်ပွဲအပြီးတွင် မြန်မာ Arnis အဖွဲ့က ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် ရှစ်ခု ဆွတ်ခူးရရှိခဲ့သည်။ မြန်မာ Arnis အဖွဲ့အတွက် ရွှေတံဆိပ်ဆု ကို အမျိုးသားအသင်းလိုက် စွမ်းရည်ပြပြိုင်ပွဲတွင် အောင်ဇော်သက်၊ မျိုးထွန်အံ့နှင့် ရဲဇော်မိုးအတွဲက ၂၉ ဒသမ ၅၀၀၀ မှတ်ဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားအတွဲက ၂၈ ဒသမ ၉၀၀၀ မှတ်ဖြင့် ငွေတံဆိပ်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်အတွဲက ၂၈ ဒသမ ၈၀၀၀ မှတ်ဖြင့် ကြေးတံဆိပ်ရရှိသည်။ ကြေးတံဆိပ်ဆု များကို အမျိုးသားတစ်ဦးချင်း စွမ်းရည်ပြပြိုင်ပွဲတွင် ထက်ဝေလှိုင်၊ အမျိုးသမီးတစ်ဦးချင်း စွမ်းရည်ပြပြိုင်ပွဲတွင်  ခင်ခင်ခန့်နှင့်   အမျိုးသမီးအသင်းလိုက်စွမ်းရည်ပြပြိုင်ပွဲတွင် လှိုင်ဖူးဝေ၊ ကေခိုင်ကျော်နှင့် ခိုင်ကျော့ကျော့ဝေအတွဲက ရယူနိုင်ခဲ့သည်။
ပြိုင်ပွဲအပြီးတွင်   ဖိလစ်ပိုင်အသင်းက  ရွှေခြောက်ခု၊ ငွေနှစ်ခု၊ ကြေးလေးခုဖြင့် ပထမ၊ အိမ်ရှင်ကမ္ဘောဒီးယားအသင်းက ရွှေနှစ်ခု၊ ငွေခြောက်ခု၊  ကြေးလေးခုဖြင့် ဒုတိယ၊ မြန်မာအသင်းက ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးရှစ်ခုဖြင့် တတိယ၊ ဗီယက်နမ်အသင်း က ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးလေးခုဖြင့် အဆင့် ၄ နေရာရရှိခဲ့သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန