
ရန်ကုန် ဧပြီ ၉
(၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုး သမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဧပြီ ၆ ရက်က ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်ခဲ့ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် ကျရောက်ခဲ့သည်။
ယခုနှစ်တွင် ဆီးဂိမ်းအမျိုးသမီးဘောလုံး ပြိုင်ပွဲ တစ်လျှောက် အသင်းအရေအတွက် အများဆုံးအဖြစ် ရှစ်သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း ရှစ်သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပ သွားမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အုပ်စု (ခ) တွင် ထိုင်း၊ မြန်မာ၊ လာအိုနှင့် စင်ကာပူအသင်းတို့ ပါဝင်နေသည်။ ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို မေ ၉ ရက်မှ ၁၅ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၈ ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို မေ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်း သည် ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် ငွေနှင့် ကြေးတံဆိပ် ဆုများသာရရှိဖူးပြီး နောက်ဆုံးကျင်းပသည့် ၂၀၁၉ ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက ရွှေတံဆိပ်၊ ထိုင်းအသင်းက ငွေတံဆိပ်၊ မြန်မာအသင်းက ကြေးတံဆိပ် ရရှိခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာအသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က ကိုင်တွယ် နေပြီး ပဏာမကစားသမား ၂၉ ဦးဖြင့် လေ့ကျင့် ပြင်ဆင်လျက်ရှိသည်။
ရဲရင့်လွင်