ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်း ရွှေတံဆိပ်ဆုဆွတ်ခူး

 

နေပြည်တော်   မေ   ၁၇


ကမ္ဘောဒီးယားနိုင်ငံ၌     ကျင်းပသည့်  (၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မေ ၁၆ ရက် ညပိုင်းကကျင်းပရာ အင်ဒိုနီးရှားအသင်း ဗိုလ်စွဲခဲ့သည်။ ဗိုလ်လုပွဲတွင် အင်ဒိုနီးရှား အသင်းနှင့် ထိုင်းအသင်း ယှဉ်ပြိုင်ကစား ရာ သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့် သည်အထိ နှစ်ဂိုးစီ   သရေကျနေသဖြင့် အချိန်ပို   ဆက်လက်ယှဉ်ပြိုင်ကစားရာ အင်ဒိုနီးရှားအသင်းက  သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရကာ  စုစုပေါင်း   ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

 


ယခုပြိုင်ပွဲတွင်   အကောင်းဆုံးပုံစံ ရနေသည့်   အင်ဒိုနီးရှားအသင်းသည် ပွဲတိုင်းအနိုင်ရသည့်  မှတ်တမ်းနှင့်အတူ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အင်ဒို နီးရှားအသင်းအတွက်    နှစ်ပေါင်း  ၃၀ ကျော်အကြာတွင်  ရွှေတံဆိပ်ပြန်လည် ရယူနိုင်ခြင်းဖြစ်ပြီး   ၁၉၉၁   ဆီးဂိမ်း ပြိုင်ပွဲတွင်   ရွှေတံဆိပ်ရပြီး   နောက်ပိုင်း အောင်မြင်မှုနှင့် ဝေးကွာနေမှုကို  အဆုံး သတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆီးဂိမ်း ပြိုင်ပွဲတစ်လျှောက်    သုံးကြိမ်မြောက် ရွှေတံဆိပ်ဆုရရှိခြင်းဖြစ်ပြီး အမျိုးသား ဘောလုံးပြိုင်ပွဲကို သက်တမ်းအလိုက် ပြောင်းလဲပြီးနောက်ပိုင်း ပထမဆုံးဗိုလ်စွဲ ခြင်းလည်းဖြစ်သည်။ နာမည်ကြီးထိုင်း အသင်းမှာမူ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိပြီးနောက်  နောက်ဆုံး သုံးကြိမ်ဆက်တိုက်   ရွှေတံဆိပ်ဆုနှင့် လွဲချော်ခဲ့သည်။

 


ပထမပိုင်းတွင် အင်ဒိုနီးရှားအသင်းက နှစ်ဂိုးပြတ်ဦးဆောင်နေသည်။   အင်ဒို နီးရှားအသင်းအတွက် ဦးဆောင်ဂိုးများ ကို ၂၀၊ ၄၅+၃ မိနစ်တွင် ဆန်နာတာက သွင်းယူခဲ့သည်။  ထိုင်းအသင်းအတွက်  ဒုတိယပိုင်း  ၆၅ မိနစ်တွင်   အာနန်က ပထမချေပဂိုး၊ ပွဲပြီးခါနီး နာကျင်အချိန်ပို တွင် ဘူလာဖာက ဒုတိယချေပဂိုးသွင်းယူ ခဲ့သဖြင့် နှစ်ဂိုးစီသရေကျပြီး  အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။    အင်ဒို နီးရှားအသင်းအတွက်  အနိုင်ဂိုးများကို အချိန်ပို ၉၄ မိနစ်တွင် အီရာဖန်၊ ၁၀၇ မိနစ်တွင်   ရာမန်နှင့်   ၁၂၀   မိနစ်တွင် အာဟန်တို့က သွင်းယူခဲ့သည်။

 


အမျိုးသားဘောလုံးပြိုင်ပွဲအပြီးတွင် အင်ဒိုနီးရှားအသင်းက ရွှေတံဆိပ်၊ ထိုင်း အသင်းက ငွေတံဆိပ်၊ ဗီယက်နမ်အသင်း က ကြေးတံဆိပ်ရရှိပြီး မြန်မာအသင်းမှာမူ တတိယလုပွဲတွင် အရေးနိမ့်ခဲ့သဖြင့် ဆု တံဆိပ်နှင့် လွဲချော်ခဲ့သည်။ 


ညီမြတ်သော်တာ
ဓာတ်ပုံ-seagames2023