ဆေးဝါးနှင့် ဆေးပစ္စည်းများတင်သွင်းရာတွင် အသင်းမှ စိစစ်တင်ပို့လာပါက အထောက်အထား (OD) ပြသရန်မလိုဘဲ သွင်းကုန်လိုင်စင်ခွင့်ပြု

 

ရန်ကုန်   ဩဂုတ်  ၄


ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းရာတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ကုန်သွယ်ရေး ဦးစီးဌာနသည် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း မှ စိစစ်ပေးပို့လာသော ကုမ္ပဏီများအား ကုန် ပစ္စည်းရောက်ရှိကြောင်း    အထောက်အထား တင်ပြရန်မလိုဘဲ သွင်းကုန်လိုင်စင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း  ကုန်သွယ်ရေးဦးစီးဌာန မှ သိရသည်။

 


သွင်းကုန်လိုင်စင်    လျှောက်ထားရန် အတွက်   မြန်မာနိုင်ငံ  ဆေးနှင့်   ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှတစ်ဆင့် ကျန်းမာရေး ဝန်ကြီးဌာနသို့ တင်ပြ၍ ဝန်ကြီးဌာနမှ စိစစ် ထားရှိပြီးသော   ကုမ္ပဏီများအား   နိုင်ငံခြား သုံးငွေ ကြီးကြပ်မှုကော်မတီထံသို့ တင်ပြ၍ ဆောင်ရွက်ပေးလျက်ရှိသည်။       ထိုသို့ ဆောင်ရွက်ခဲ့ရာ           ကုမ္ပဏီလုပ်ငန်းရှင်များ လုပ်ငန်းကြန့်ကြာမှုမရှိစေရေးနှင့်   အများ ပြည်သူ သုံးစွဲသူများ ကုန်ပစ္စည်းပြတ်လပ်မှု မရှိစေရေးအတွက်   နိုင်ငံခြားငွေဝယ်ယူခြင်း မပြုဘဲ ကုမ္ပဏီအစီအစဉ်ဖြင့် တစ်ဖက်ကုန် ရောင်းသူသို့   ငွေလွှဲမည်ဆိုပါက   ကုမ္ပဏီ ဒါရိုက်တာကိုယ်တိုင်    လက်မှတ်ရေးထိုး ထားသော ဝန်ခံကတိပြုစာဖြင့် မြန်မာနိုင်ငံ ဆေးနှင့်   ဆေးပစ္စည်း   လုပ်ငန်းရှင်များ အသင်းသို့ တင်ပြရမည်ဖြစ်သည်။

 


ထို့နောက်   အသင်းက  နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီသို့     တင်ပြထားရှိပြီး နိုင်ငံခြား ငွေဝယ်ယူခြင်းမပြုသော  ကုမ္ပဏီ စာရင်းအား    စိစစ်၍   စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီး ဌာနသို့ စာရင်းပြုစုတင်ပြမည်ဖြစ်ကာ စိစစ် ပေးပို့ထားသည့် ကုမ္ပဏီများအား ကုန်ပစ္စည်း ရောက်ရှိကြောင်း အထောက်အထားတင်ပြရန် မလိုဘဲ သွင်းကုန်လိုင်စင်   ခွင့်ပြုပေးမည်ဖြစ် သည်။ နိုင်ငံခြားငွေ ဝယ်ယူခွင့်ရယူ၍ သွင်းကုန် လိုင်စင်လျှောက်ထားလိုသော   ကုမ္ပဏီများ အတွက်လည်း    လက်ရှိဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။  

                                           
ကိုရိုး