ဆေးဝါး၊ ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများကို ပိတ်သိမ်းရန် ထုတ်ပြန်ထားခြင်း မရှိ

 

နေပြည်တော် ဇူလိုင် ၁၆


ကိုဗစ်-၁၉  ရောဂါကာကွယ်   နှိမ်နင်းရေး အတွက်  ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနသည်  အမိန့်များ    ထုတ်ပြန်လျက်ရှိရာ ဆေးဝါးနှင့်  ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့်  ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများကို ပိတ်သိမ်းရန်  ထုတ်ပြန်ထားခြင်းမရှိဟု  သိရ သည်။ 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည်   ကူးစက်ရောဂါများ  ကာကွယ်နှိမ်နင်းရေး ဥပဒေပါ    လုပ်ပိုင်ခွင့်များအရ   ၂၀၂၁ခုနှစ် အတွင်း  ထုတ်ပြန်ခဲ့သော   အမိန့်များတွင် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်ကြေညာခြင်းများ သာ ထုတ်ပြန်ထားသည်။


ထို့ပြင်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ    ထုတ်ပြန်ခဲ့သည့်   ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက် နှစ်ရက်ကို  အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်ခြင်း အမိန့်များတွင်လည်း   ဆေးဝါးနှင့်  ဆေးပစ္စည်းကိရိယာ   ထုတ်လုပ်ရေး နှင့်   ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများကို  ပိတ်သိမ်းကြောင်းလုံးဝ မပါရှိခဲ့ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  သတင်းထုတ်ပြန် ထားသည်။


 အဆိုပါ    ကြေညာချက်၌   အများပြည်သူ   လိုက်နာနေထိုင်ရမည့် စည်းကမ်းချက်များတွင်  အမှတ်စဉ်(ဂ)၌ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ များရောင်းချသည့်ဆိုင်များကို   ဖွင့်လှစ်ရောင်းချသွားရန်နှင့် အမှတ်စဉ် (င) တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အစိုးရဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများ) ဆက်လက်ဆောင်ရွက်ရန်ဟူ၍ သတင်းထုတ်ပြန်ထားသည်။


သို့သော်  ကောလာဟလသတင်းအမှားများ ဖြစ်ပေါ်လျက်ရှိသလို  ဈေးကွက်အတွင်း ကြက်ဥများ ဝယ်လိုအားများပြားလျက်ရှိနေသည်။ ထို့ကြောင့် ရှားပါးဈေးတက်ချိန်တွင် ကြက်ဥအစားထိုးအဖြစ် ပဲနီလေး၊ ကုလားပဲ၊ ပဲပိစပ်၊ မြေပဲ၊ ပဲပြား/တိုဟူး၊ ငှက်ပျောသီး၊ အာလူး၊ နွားနို့၊ ကန်စွန်းဥ၊ ကြက်သား၊ ငါးမျိုးမျိုးစသည့် အစားအစာများကိုလည်း အစားထိုး   စားသုံးနိုင်ကြောင်း    ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ပြည်သူသို့  အသိပေးသတင်းထုတ်ပြန်ထားသည်။ 

ထက်လျှံ