
ရန်ကုန် မေ ၁၈
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ် များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများကို မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ပြီး သင်တန်းများသို့ တက်ရောက်လာကြသည့် သစ်လွင်ကျောင်းသား ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနား ကို ဆေးတက္ကသိုလ် (၁) ရန်ကုန် ဇီဝကခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲတွင် (Semi Virtual) စနစ်ဖြင့် ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်း၊ ဆေးတက္ကသိုလ်(၁) ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာဖေသက်ခင်၊ ဆေးတက္ကသိုလ်များနှင့် ဆေး ပညာနှီးနွှယ်တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ် များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာ နိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်း ဆိုင်ရာဆေးကောင်စီ၊ သွားနှင့် ခံတွင်းဆရာဝန် အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း၊ မြန်မာ နိုင်ငံဆေးဝါးပညာရှင်အသင်း၊ မြန်မာနိုင်ငံ ကျန်းမာ ရေးမှူးအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တက္ကသိုလ် အသီးသီးသို့ ဝင်ရောက်လာကြသည့် သစ်လွင် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
လေ့ကျင့်မွေးထုတ်ပေးရန် ရည်ရွယ်
ပြည်ထောင်စုဝန်ကြီးမှ သစ်လွင်ကျောင်းသား ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက် အမှာ စကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဆေးပညာရပ်ဆိုင်ရာကျင့်ဝတ် သိက္ခာ များကို တန်ဖိုးထား၍ ပြည်သူလူထုအား အရည် အသွေးကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက် မှုကို မဆုတ်မနစ် အပြည့်အဝဆောင်ရွက်မည့် ကျန်းမာရေးလူ့စွမ်းအားစုများကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ ပြည်တွင်း၌ လေ့ကျင့်မွေးထုတ် ပေးရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဌာနံ၊ အနုကမ္မာ၊ ဒယာဆိုသည့်အတိုင်း ဆရာဝန် တစ်ဦးဖြစ်သော ကျွန်ုပ်သည် ဝေဒနာရှင်လူနာအား ဥပဌာနံ-စိတ်ရောကိုယ်ပါ ယုယုယယပြုစုကုသ၍ အနုကမ္မာ-ကိုယ်ချင်းစာတရား လက်ကိုင်ထားလျက်၊ ဒယာ-လူလူချင်း ညှာတာထောက်ထားသော အသိ ဖြင့် ပြုစုကုသပါမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည် နှင့်အညီ ဆရာဝန်တစ်ဦး ဖြစ်လာသည့်အခါတွင် လိုက်နာကျင့်ကြံအားထုတ်ပါက ဘဝတစ်လျှောက် လုံးတွင် ကောင်းကျိုးမင်္ဂလာများနှင့် ပြည့်ဝနေမည် ဖြစ်ပါကြောင်း။
ယခုပညာသင်နှစ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေး တက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် များသို့ တက်ရောက်ခွင့်ရရှိသူ ကျောင်းသား ကျောင်းသူ ၂၉၂၄ ဦးနှင့် တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား ကျောင်းသူ ၁၇၅ ဦး စုစုပေါင်း ၃၀၉၉ ဦးရှိပါကြောင်း။
အလေးထားမှာကြားလို
ပညာသင်ယူရာတွင် ဆေးနှင့် ဆေးပညာနှီးနွှယ် ပညာရှင်တစ်ယောက် စောင့်ထိန်းရမည့် ကျင့်ဝတ် သိက္ခာ (Professional Ethics) များကို သိရှိလိုက်နာ စောင့်ထိန်းပြီး ဆေးပညာရပ်အပေါ် ထားရှိရမည့် စိတ်နေသဘောထား (Attitude towards Profes-sion)များကို မှန်ကန်စွာထားရှိရန် လိုအပ်ပါကြောင်း၊ ဝတ်စားဆင်ယင်မှုပြုရာတွင်လည်း တက္ကသိုလ်၏ ပုံရိပ်၊ မိမိ၏ဂုဏ်သိက္ခာနှင့် လျော်ညီသော ဝတ်စား ဆင်ယင်ပြုမူမှုမျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ပြည်သူ့နီတိ တွင် ပါဝင်သော ပြည်သူ့တာဝန်သိတတ်မှု၊ ပေါင်းသင်း ဆက်ဆံမှုနှင့် လူ့အဖွဲ့အစည်းတွင် လိုက်နာကျင့်ကြံ ရမည့် အချက်များ၊ မိဘဆရာများ၏ ဆိုဆုံးမစကား များ၊ ကိုယ်တိုင်လုပ်ဆောင်ရမည့် တာဝန်ဝတ္တရား များ၊ နိုင်ငံသားတစ်ဦးအနေဖြင့် လိုက်နာရမည့် အချက်များကို လိုက်နာကျင့်ကြံ ဆောင်ရွက်နိုင်လျှင် မိမိဘဝအတွက် တိုးတက်အောင်မြင်မှုများကို ရရှိ နိုင်မည်ဖြစ်ကြောင်းကို အလေးထားမှာကြားလိုပါ ကြောင်း၊ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးက ပညာရပ်ဆိုင်ရာဘွဲ့များ ရရှိပြီးသည့်အခါတွင်လည်း နိုင်ငံသူ နိုင်ငံသားများအား ဆင်းရဲချမ်းသာမရွေး ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် နိုင်ငံ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြစေ လိုပါ ကြောင်း။
ပညာရပ်များကို ဆည်းပူးလေ့လာ
နိုင်ငံတော်နှင့် ပြည်သူအပေါ် ကျေးဇူးသိတတ် ပြီး ပြန်လည်ကျေးဇူးဆပ်သူများ၊ အဆင့်ဆင့် တိုးတက်သော ပညာရပ်များကို ဆည်းပူးလေ့လာ နိုင်ပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်သော ပညာရှင်ကောင်းများ ဖြစ်ကြပါစေ ကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်းက သစ်လွင်ကျောင်းသား ကျောင်းသူများ အား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက သစ်လွင်ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ရန်ကုန်) တွင် အုပ်စုငယ်များအလိုက် ဆေးလက်တွေ့ပညာရပ် သင်ကြားနေကြသော ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အမြန်ဆုံးဆက်သွယ်
ယခုပညာသင်နှစ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေး ပညာနှီးနွှယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့် ရရှိသူအားလုံး၏ (၇၀ ရာခိုင်နှုန်း) စာရင်းသွင်း တက်ရောက်လျက်ရှိကြပြီး ကျန်ရှိသူများကိုလည်း သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာဆေးတက္ကသိုလ် များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ အမြန် ဆုံး ဆက်သွယ်ကြရန် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် တိုက်တွန်းထားကြောင်း သိရသည်။
သတင်းစဉ်