
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်
ထက်လျှံ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့ သည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ ဆေးလိပ်သောက်ခြင်းနဲ့ ကိုဗစ်-
၁၉ ရောဂါ ဖြစ်ပွားနိုင်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းကြောင့် ရရှိလာမယ့် အကျိုး ကျေးဇူးတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်မှာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ဖြေကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ ပထမဆုံး အနေနဲ့
ကိုဗစ်- ၁၉ ဖြစ်ပွားတဲ့ သူတွေမှာ ဆေးလိပ်က ဘယ်လောက်အထိ ထိခိုက် နိုင်တယ်ဆိုတာကို WHO ရဲ့ စက်တင်ဘာ ၃ ရက် Tobacco and Covid-19 ခေါင်းစဉ်နဲ့ နောက်ဆုံး ထုတ်ပြန်ချက်ကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆေးလိပ်သောက်သူတွေမှာ ကိုဗစ် - ၁၉ ဖြစ်ရင် ဘယ်လောက်အထိ ဆိုးဆိုး ရွားရွားဖြစ်နိုင်သလဲဆိုတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ ကျွမ်းကျင်ပညာရှင် Dr Hebe က ဖြေကြားပေးထားပါတယ်။
အဓိကက ဆေးလိပ်သောက်သူတွေမှာ ကိုဗစ်-၁၉ ဖြစ်ရင် မသောက်သူတွေထက် ၅၀ ရာခိုင်နှုန်း ပိုပြီး ပြင်းပြင်းထန်ထန်ဝေဒနာ ခံစားရတယ်ဆိုတဲ့ သက်သေအထောက်အထားတွေရှိပြီး ဖြစ်ပါတယ်။ ရောဂါဝေဒနာ ဆိုးဆိုးရွားရွားခံစားရနိုင်သလို ဆေးရုံတက်ရောက်ရမှု၊ အထူးကြပ်မတ် ကုသ ဆောင်ထဲကို ရောက်ရှိနိုင်မှုလည်း များပါတယ်။ အသက်ရှူအားကူစက်တွေတင်ရတဲ့ အရေအတွက် လည်း များပါတယ်။ သေဆုံးမှုလည်း များတယ်လို့ ပြောထားပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဆေးလိပ် သောက်ခြင်းက ပြည်သူ့ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆုတ်ရောဂါ တွေ ဖြစ်စေနိုင်တယ်။ အထူးသဖြင့် နာတာရှည် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာလို ကင်ဆာတွေ လည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ် သောက်ခြင်းကြောင့် ကိုဗစ် - ၁၉ ရောဂါကို ပိုမိုဆိုး စေပြီး တန်ဖိုးရှိလှတဲ့ လူ့အသက်ပေါင်း များစွာကို လည်း ခြွေချနိုင်တဲ့ အစွမ်းတွေ ရှိနေပါတယ်။
အစီအစဉ်မှူး ။ ။ ဆေးလိပ် သောက်သူတွေက
ကိုဗစ် - ၁၉ ဖြစ်ပွားပြီဆိုရင် ဘယ်လိုတွေ ဖြစ်လာနိုင်ပါသလဲ။
ဒေါက်တာခင်ခင်ကြီး ။ ။ ဆေးလိပ်က အတော့်
ကို ဒုက္ခပေးနိုင်ပါ တယ်။ ဒါနဲ့ပတ်သက်ရင် ၂၀၁၆ ခုနှစ်မှာ WHO က လူငယ်တွေ ဆေးလိပ်သောက်တာနဲ့ ပတ်သက်ပြီး ပြုလုပ်ထားတဲ့ Global Youth Tobacco Survey ဆိုတာ ရှိပါတယ်။ ဒီလေ့လာချက်အရဆိုရင် မြန်မာ နိုင်ငံမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် သေဆုံး မှုပေါင်းက ၄၃၀၀၀၀ ရှိတယ်လို့ တွက်ချက်ထားပါ တယ်။ ဒါ့အပြင် မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားမှုရဲ့ ၆၈ ရာခိုင်နှုန်းသည် ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့်၊ အထူးသဖြင့် ဆေးလိပ် သောက်သုံးခြင်းကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရပါ တယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ STEPS survey မှာ ယောက်ျားတွေ ဆေးလိပ် သောက်သုံးမှုက ၄၃ ဒသမ ၈ ရာခိုင်နှုန်း၊ အမျိုးသမီး တွေက ၈ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။ ကွမ်းစား တာ၊ ဆေးရွက်ကြီးငုံတာက ယောက်ျားတွေမှာ ၆၂ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေမှာ ၂၄ ဒသမ ၁ ရာခိုင်နှုန်းရှိပါတယ်။ ဒါဟာ ဆေးလိပ်နဲ့ ဆေးရွက် ကြီး အန္တရာယ်က ပေါ့ဆလို့ မရတဲ့အနေအထားမှာ ရှိပါတယ်။ ကျောင်းသားကျောင်းသူတွေမှာ ၁၀ ယောက်မှာ ၃ ယောက်က ဆေးလိပ်ရဲ့အန္တရာယ်တွေ ကို ရင်ဆိုင်နေရတဲ့ အခြေအနေရှိနေတယ်လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။
နောက်ပြီး မိသားစုတွေမှာ ဆေးလိပ်သောက်သူ တစ်ယောက်ရှိရင် သူ့မိသားစုဝင် သုံးယောက်က ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်သောက် သူနည်းတူ ဆေးလိပ်ကြောင့်ဖြစ်တဲ့ နောက် ဆက်တွဲ အန္တရာယ်ကို ဆင့်ပွားခံစားရနိုင်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ Stay at Home လုပ်ကြတယ်။ စိတ်အပန်းဖြေဖို့ အကြောင်းပြပြီး ဆေးလိပ်တွေ ပိုသောက်လာကြ တယ်။ ဒါ့အပြင် ကွမ်းယာဆိုင်တွေလည်း ရှိနေပါ တယ်။ ဒါတွေကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာ ပိုင် အဖွဲ့တွေက ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းကျောင်း ဖို့လိုပါတယ်။ ကွမ်းယာစားပြီး တံတွေးတွေကို နေရာအနှံ့ထွေးမယ်ဆိုရင် ရောဂါပိုးကူးစက်ဖို့ အတွက် အခွင့်အလမ်းရမှာဖြစ်ပါတယ်။
ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲသူတွေဟာ ကိုဗစ် - ၁၉ ခံစားရရင် ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်စေ နိုင်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါအချိန်မှာ နိုင်ငံတိုင်းက Stay at Home လုပ်တယ်။ Lock down တွေလုပ် တယ်။ ဒီလို လုပ်ဆောင်နေပေမယ့် ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထုတ်လုပ်တဲ့သူတွေက ဈေးကွက် အသစ်တွေကို ရှာဖွေလာကြပါတယ်။ ဒီလိုရှာဖွေလာ တဲ့အခါ သတင်းအမှားတွေကို ကြော်ငြာထဲမှာ ထည့်သွင်းပြောလာကြပါတယ်။ ဥပမာပေးရရင် “Stay at Home အချိန်မှာ သင့်ရဲ့ စိတ်ပင်ပန်းမှု တွေကို ဖြေဖျောက်ဖို့ ဆေးလိပ်သောက်ပါ၊ စိတ်ကူး ဉာဏ်တွေ ကွန့်မြူးလာဖို့ ဆေးလိပ်သောက်ပါ” စသဖြင့် ကြော်ငြာလာတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုကြော်ငြာသလို အခြားတစ်ဖက်ကလည်း ဈေးကွက်ဖြန့်ဖြူးရေး နည်းစနစ်အသစ်တွေကို လုပ်လာပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် သုံးစွဲ သူရဲ့လက်ဝယ်ကို လွယ်လွယ်ကူကူနဲ့ ရောက်အောင် လုပ်ပါတယ်။ ပုံမှန်အားဖြင့် Stay at Home လုပ် တယ်။ Lock down တွေလုပ်တယ်ဆိုတော့ အပြင် မထွက်ရတဲ့အတွက် ဆေးလိပ်သောက်ဖို့ အခွင့် အလမ်းက နည်းသွားတယ်။ ဝယ်ယူဖို့ မလွယ်ဘူး။ သို့သော် ဒီလိုဈေးကွက်ဖော်ဆောင်ရေး၊ ဖြန့်ဖြူးရေး နည်းစနစ်အသစ်တွေနဲ့ ဆောင်ရွက်တာဖြစ်တဲ့ အတွက် တစ်ခါတလေမှာ အသက်မပြည့်သေးတဲ့ ကလေးတွေတောင် သူတို့ရဲ့ ဈေးကွက်ရှာဖွေမှုမှာ သားကောင်ဖြစ်ပြီး ဆေးလိပ်စမ်းသပ်သောက်သုံး မိတာ၊ အလွယ်တကူ သောက်သုံးမိတာ ဖြစ်နိုင်ပြီး အရင်က သောက်သုံးနေတဲ့ သူတွေကလည်း ပိုသောက်မိတာတွေ ဖြစ်စေနိုင်ပါတယ်။
နောက်တစ်ခုက ဆိုရှယ်မီဒီယာမှာ Stay at Home ကာလ အထိမ်းအမှတ်အဖြစ် ဆေးလိပ် ရောင်းဈေးကို အထူးလျှော့ဈေးရောင်းချပေးတာမျိုး တွေ လုပ်ဆောင်တာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် ဆေးလိပ်အစားထိုး Electronic cigarette သောက် ခြင်းကိုလည်း တစ်ဖက်က ဈေးကွက်ရှာဖွေလာကြ ပါတယ်။ Electronic cigarette သောက်ခြင်းက အန္တရာယ်မရှိပါဘူး ၊ သင့်ရဲ့အဖော်မွန်ကောင်းဖြစ် ပါတယ် စသဖြင့် ကြော်ငြာအားကောင်းကောင်းနဲ့ ဈေးကွက်ရှာဖွေတာမျိုးတွေ ရှိပါတယ်။ ယခု ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ဈေးကွက်ရှာဖွေမှု ပုံစံအသစ်တစ်မျိုးနဲ့ ကိုဗစ် - ၁၉ နဲ့ ပတ်သက်ပြီး အသက်ရှူအားကူစက်၊ PPE ဝတ်စုံ၊ Mask တွေကို သူတို့ရဲ့ ကုန်အမှတ်တံဆိပ် Logo တွေ ရိုက်နှိပ်ပြီး ကြော်ငြာတာမျိုးလည်း လုပ်လာကြ ပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ကမ္ဘာတစ်ဝန်း တစ်နှစ်ကို လူပေါင်း ရှစ်သန်းသေစေ နိုင်တဲ့အတွက် ဒီလိုဈေးကွက်ရှာဖွေမှုတွေကို အထူး သတိပြုပြီး ရှောင်ရှားနိုင်ဖို့ လိုပါတယ်။
အစီအစဉ်မှူး ။ ။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေတဲ့
ကာလမှာ ဆေးလိပ်သောက် သုံးမှုတွေ များပြားလာရခြင်း၊ ဆေးလိပ်ကုမ္ပဏီ တွေရဲ့ ဒီလိုဈေးကွက်တွေ ရှာဖွေလာရခြင်းအပေါ် သုံးသပ်ချက်ကိုလည်း သိချင်ပါတယ်။
ဒေါက်တာခင်ခင်ကြီး ။ ။ ယခု အချိန်မှာ
တော်တော်များများ သော လူတွေက ဆေးလိပ်ဖြတ်ဖို့ ဆန္ဒရှိလာကြပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ တတိယ လှိုင်း စဖြစ်ချိန် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်ကစပြီး ၃လအတွင်း လေ့လာချက်အရ သေဆုံးသူတွေက လူလတ်ပိုင်းတွေ သေဆုံးတာများလာပြီး နောက်ခံ ရောဂါရှိခြင်း၊ မရှိခြင်းကို ကြည့်မယ်ဆိုရင် သေဆုံး သူတွေရဲ့ ၈၀ ရာခိုင်နှုန်းသည် နောက်ခံရောဂါမရှိတာ ကို တွေ့ရပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက အသက်ကြီးသူတွေ သေဆုံးတာများပြီး သေဆုံးသူရဲ့ ၈၀ ရာခိုင်နှုန်းသည် နောက်ခံရောဂါရှိတာကို တွေ့ရ ပါတယ်။ ဒါဟာ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းရဲ့ ခြားနားချက်ဖြစ်ပါတယ်။
နောက်ခံရောဂါမရှိသူတွေတောင်မှ တတိယ လှိုင်းမှာ ‘ဒယ်လ်တာ’ဆိုတဲ့ ဗီဇပြောင်းပိုးကြောင့် သေဆုံးမှု၊ ရောဂါပြင်းထန်စွာ ဖြစ်ပွားမှု၊ ဆေးရုံတက် ရောက်ရမှုတွေ၊ ရောဂါပြင်းထန်မှု၊ သေဆုံးမှုတွေ များလာတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ အတွေးမမှားစေချင်ပါဘူး။ ဆေးလိပ်ဖြတ်ဖို့ အချိန် အခါကောင်းဖြစ်ပြီဆိုတာ ပြောလိုပါတယ်။
ဆေးလိပ်ဖြတ်လိုက်လို့ မိနစ် ၂၀ကြာတာနဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေက ကောင်းမွန် လာတာတွေ့ရပါတယ်။ ဆေးလိပ်ဖြတ်ပြီး ၁၂နာရီ ကြာရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်အတောက် တွေဖြစ်တဲ့ ကာဗွန်မိုနောက်ဆိုက်ရဲ့ ပမာဏက လျော့နည်းသွားပြီး ပုံမှန်အတိုင်း ပြန်ရောက်လာ ပါတယ်။ ခန္ဓာကိုယ်က ကာဗွန်မိုနောက်ဆိုက်တွေကို ပြင်ပကလေထုထဲမှာရှိတဲ့ အောက်ဆီဂျင်နဲ့ ဖလှယ်ရ ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ခြင်းအားဖြင့် အဆုတ် ရဲ့ လုပ်ငန်းဆောင်တာ ပိုကောင်းလာပြီး အောက်ဆီ ဂျင်နဲ့ ဖလှယ်မှုတွေ အားကောင်းလာတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေဖြစ်စေ တဲ့ ကာဗွန်မိုနောက်ဆိုက်ပမာဏက ကျဆင်းသွား တယ်ဆိုတာ နေ့တစ်ဝက်နဲ့တင် သိသာနိုင်ပါတယ်။ ရက်သတ္တ ၂ ပတ်ကနေ ၁၂ပတ်(၃လ)အတွင်းမှာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ သွေးလှည့်ပတ် မှုက ကောင်းမွန်လာတာကို တွေ့ရပါတယ်။
ဆေးလိပ်ဖြတ်ပြီး တစ်နှစ်မှ လေးနှစ်ကြာရင် ဆေးလိပ်သောက်သူနဲ့ နှိုင်းယှဉ်ရင် မသောက်သူမှာ သေဆုံးနိုင်မှု ထက်ဝက်တိတိကျဆင်းသွားတယ်ဆို တာ သိနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ဘယ်အချိန် အကောင်းဆုံးလဲဆိုရင် ချက်ချင်းဖြတ်လေ ကောင်း လေ ဖြစ်ပါတယ်။ မိမိတင်မကဘူး၊ မိသားစုဝင်တွေ ကိုပါ ဆေးလိပ်ကြောင့်ဖြစ်စေတဲ့ အန္တရာယ်ဖြစ်မှု တွေက ကာကွယ်ပေးနိုင်ပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းအောင် Stay Safe နေမယ်။ ကျန်းမာအောင် Stay Healthy နေမယ်။ သိပ္ပံပညာနဲ့ သုတေသန တွေ့ရှိချက်တွေကို ယုံကြည်ပြီး လိုက်နာဖို့အထူး လိုအပ်တယ်လို့ ပြောလိုပါတယ်။
အစီအစဉ်မှူး ။ ။ ဆေးလိပ်သောက်ခြင်းနဲ့ ကိုဗစ်-၁၉ ဖြစ်ပွားခြင်းနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။
ဒေါက်တာခင်ခင်ကြီး ။ ။ အပေါင်း အသင်း
ကြောင့်ပဲ ဖြစ်ဖြစ်၊ စိတ်ဖျော်ဖြေရာပဲဖြစ်ဖြစ်၊ စမ်းသပ်ချင်လို့ပဲဖြစ်ဖြစ် ဆေးလိပ်သောက်တာ များပါတယ်။ ဆေးလိပ် သောက်မှ ခေတ်မီတယ်။ လူရာဝင်တယ်၊ အပေါင်း အသင်းဆံ့တယ် စသဖြင့် အတွေးမှားပြီး သောက် တာတွေရှိနိုင်ပါတယ်။ ဆေးလိပ်တင် မကပါဘူး။ ကွမ်းစားခြင်းကလည်း ထပ်တူအန္တရာယ်များပါ တယ်။ ကမ္ဘာတစ်ဝန်းမှာ မကူးစက်တတ်သော ရောဂါတွေကြောင့် ဖြစ်ပွားသေဆုံးမှုဟာ WHO က ထုတ်ပြန်တဲ့ ၂၀၀၈ ခုနှစ် ထုတ်ပြန်ချက်အရ တစ်နှစ် ကို ၃၆ သန်းရှိပါတယ်။ ဒီလိုသေဆုံးမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းသည် မကူးစက်တတ်သော ရောဂါတွေ ကြောင့် ဖြစ်ပါတယ်။ ဒီလို သေဆုံးမှုတွေရဲ့ ၈၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖြစ်တယ်ဆို တာ သိရပါတယ်။
ဆေးလိပ်သောက်သူရဲ့ အဆုတ်ကို ခွဲကြည့် လိုက်မယ်ဆိုရင် ကတ္တရာစေးလို မည်းနေပြီး ဆေးလိပ် မသောက်သူရဲ့အဆုတ်က ပန်းရောင်ဖြစ် နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို အဆုတ်က မည်းနေတဲ့သူမှာ ပြင်ပက သန့်ရှင်းတဲ့လေကို ဘယ်လိုရှူရှိုက်ပြီး ခန္ဓာကိုယ်ထဲက ပြန်ထုတ်ရတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ကာဗွန်ဒိုင် အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်ဓာတ်တွေကို ဘယ်လို လဲလှယ်နိုင်မလဲ။ ဘာကြောင့် ကိုယ့်ကိုယ် ကိုယ် အဆိပ်အတောက် တွေနဲ့ မီးမြှိုက်သလိုဖြစ်ပြီး လောင်ကျွမ်းခံမှာလဲ။ ဒါကြောင့် ဆေးလိပ်သောက် ခြင်း၊ ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း စတဲ့ အကျင့်တွေကို အမြန်ဆုံး ဖြတ်တောက်ဖို့ အရေးကြီး ပါတယ်။
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တယ်၊ မကူးစက်နိုင်တဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက် ကပ်၊ ကင်ဆာ စတဲ့ ရောဂါတွေ ဖြစ်ပွားတဲ့နှုန်း ကလည်း များနေပါတယ်။ ဒါကြောင့် ပြည်သူ တစ်ယောက်စီတိုင်းက ကျန်းမာတဲ့ လူနေမှုပုံစံနဲ့ နေထိုင်မယ်ဆိုရင် မိမိကိုယ်တိုင်လည်း ကျန်းမာရေး ကောင်းမွန်မယ်။ ကျန်းမာနေတဲ့အတွက် မိသားစု အပေါ်ကိုလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ဘူး။ ကိုယ်တိုင်ကျန်းမာနေတဲ့အတွက် စီးပွားကောင်းစွာ ရှာနိုင်မယ်။ ဒီလိုကျန်းမာတဲ့ လူ့စွမ်းအား အရင်း အမြစ်တွေ ရှိနေပြီဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်နိုင်မယ်။ ဒါဆိုရင် မြန်မာနိုင်ငံ လည်း ဖွံ့ဖြိုးတိုးတက်လာမယ်။ ဒါ့အပြင် ကျွန်မ တို့ရဲ့ လူမှုအသိုက်အဝန်း တစ်ခုလုံးက ဆေးလိပ် မသောက်ဘူး။ ဆေးရွက်ကြီးငုံတာ၊ ကွမ်းစားတာ တွေ မလုပ်ဘူးဆိုရင် ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာလည်း ဆေးလိပ်မသောက်ရေး အတွက် တိုက်တွန်းနှိုးဆော်တာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ရင် မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆေးလိပ် ဖြတ်ဖို့ နှိုးဆော်နေတာတွေရှိပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီက ပါဝင်ဆောင်ရွက်ခြင်း အားဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် - ၁၉ ကပ် ရောဂါအတွက် အန္တရာယ်ကင်းတဲ့ အုပ်စုထဲမှာပါဝင် သွားမယ်။ ချက်ချင်းဖြတ်၊ ချက်ချင်း အကျိုးရှိတဲ့ အတွက် ဆေးလိပ်ဖြတ်ဖို့ အထူးပဲတိုက်တွန်းလိုပါ တယ်။ ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်တဲ့ကမ္ဘာကြီး အမြန်ဆုံးဖြစ်လာပြီး မြန်မာနိုင်ငံမှာလည်း ဆေးလိပ်သောက်သုံးမှုတွေကို လျှော့ချပြီး မကူးစက် တတ်သောရောဂါတွေ ဖြစ်ပွားမှုအန္တရာယ်က လျော့နည်းစေဖို့ တိုက်တွန်းလိုပါတယ်။ ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ဆေးလိပ်ဖြတ်ဖို့ ချက်ချင်းလုပ်ဆောင်ဖို့လိုပြီဆိုတာ ထပ်လောင်း တိုက်တွန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ။