ဆောင်းခိုငှက်များ နေရပ်ပြန်ချိန်

Type
77


 

သိန်းညွန့်(PZL)
 

မြန်မာနိုင်ငံရှိ ကမ္ဘာ့အဆင့်အရေးပါသော ရမ်ဆာရေဝပ်ဒေသများတွင် ဆောင်းရာသီကာလရောက်တိုင်း နှစ်စဉ်လာရောက်လေ့ရှိသည့် ဆောင်းခိုငှက်များသည် မတ်လ ဆန်းမှအစပြုကာ ဧပြီနှင့် မေလများအတွင်း ၎င်းတို့နေရပ်ဒေသများသို့ ပြန်လည်ထွက်ခွာနေကြပြီဖြစ်ကြောင်း  ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေများမှ တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။
ဆောင်းခိုငှက်များတွင်     ရေဘဲ   ကဲ့သို့သော ငှက်များအပါအဝင် ကုန်းငှက် များနှင့်  ကမ်းခြေနေ  ငှက်များလည်း ပါဝင်  ကျက်စားခဲ့ကြောင်း သိရသည်။
“ဆောင်းခိုငှက်တွေ အများစုကတော့ ပြန်သွားကြပါပြီ။ မတ်လဆန်းကစပြီး ပြန်ကြတယ်။ ဒီမှာဆိုရင် ဆောင်းခိုငှက်မျိုးစိတ် လေး၊ ငါး မျိုးလောက်ပဲ ကျန်တော့တယ်။ အကောင်ရေနဲ့ဆိုရင် ၁၀၀ လောက်ပဲ ကျန်တော့တယ်”ဟု အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး  ဦးမောင်ဝင်းက ပြောကြားသည်။
အဆိုပါ   ရေဝပ်ဒေသ    ထိန်းသိမ်းရေးနယ်မြေ   များတွင်    ဆောင်းခိုငှက်များ မည်သည့်အချိန်တွင် စတင်ကျရောက်သည်၊ မည်သည့်              အချိန်တွင် နောက်ဆုံး           ပြန်လည်ထွက်သည်နှင့် မည်သည့်  မျိုးစိတ် အသစ်များ လာရောက်ကျက်စားသည်တို့ကို မှတ်တမ်းတင်နိုင်ရန် လစဉ် ငှက်စာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိသည်။
ဆောင်းရာသီတွင်   ကမ္ဘာ့မြောက်ဘက်ခြမ်းမှ   ငှက် မျိုးစိတ်များသည်  အီကွေတာနှင့်နီးရာ   အရှေ့တောင် အာရှ၊ တောင်အာရှ၊ အရှေ့အာရှနိုင်ငံများရှိ ရေဝပ် ဒေသများသို့ ဆောင်းခိုရန် ပြောင်းရွှေ့ ကျက်စားလျက်ရှိရာ ကမ္ဘာပေါ်တွင် ၎င်းတို့အသုံးပြုသော ပျံသန်းရာ လမ်းကြောင်း ကိုးခုရှိသည်။ အဆိုပါ လမ်းကြောင်း  ကိုးခုအနက်  မြန်မာနိုင်ငံသည် ဗဟိုအာရှငှက်ပျံသန်းရာ   လမ်းကြောင်းနှင့် အရှေ့အာရှ-သြစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းနှစ်ခုတွင် ပါဝင်ကျရောက်လျက်ရှိသည်။ အရှေ့ အာရှ-သြစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းပေါ်ရှိ ရေဝပ်ဒေသများအချင်းချင်း ချိတ်ဆက်ကာ ဆောင်းခိုငှက်များ ထိန်းသိမ်းရန်အတွက်  အဖွဲ့များ  ဖွဲ့စည်းခဲ့ရာ  မြန်မာနိုင်ငံက အင်းတော်ကြီး အပါအဝင် ခြောက်ခု (မိုးယွန်းကြီးအင်း  တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊   မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မုတ္တမ ပင်လယ်ကွေ့၊ နံ့သာကျွန်းနှင့်   မေယုမြစ်ဝ၊       အင်းလေးကန်     တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော)   ပါဝင်လျက်ရှိကြောင်း ၎င်းက ဆက်လက်  ပြောကြားသည်။
မြန်မာနိုင်ငံရှိ     ရေဝပ်ဒေသများတွင်    ဆောင်းခိုငှက်များအတွက်     လုံလောက်သော အစာရေစာများကို   ထောက်ပံ့ပေးစွမ်း နိုင်ခြင်းနှင့်   သဘာဝ  ပတ်ဝန်းကျင်နှင့်     ဂေဟစနစ် 
    ပျက်စီး         ယိုယွင်းမှု  နည်းပါးခြင်းတို့ကြောင့်         ဆောင်းရာသီကာလတွင် ဆောင်းခိုငှက် အများအပြား  နှစ်စဉ်ရောက်ရှိလာကြောင်း၊ ယခုအခါ အင်းတော်ကြီးကန်၊  မိန်းမလှကျွန်းဘေးမဲ့တောအပြင်  ကျန်ရှိရေဝပ်ဒေသထိန်းသိမ်း ရေးနယ်မြေလေးခု၌လည်း ဆောင်းခိုငှက်များ  ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း  သိရ သည်။
အဆိုပါ    ဆောင်းခိုငှက်များမှာ      မြန်မာနိုင်ငံရှိ    အရေးကြီးရေဝပ်ဒေသနှင့်  အခြားကုန်းတွင်းဒေသ အနှံ့အပြားသို့   အောက်တိုဘာ၊   နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် အုပ်စုဖွဲ့ကာ အကောင်ရေထောင်နှင့်ချီ  ဝင်ရောက်လေ့ရှိကြပြီး စပါး၊ ရေမှော်၊ ခရု၊ ငါး၊ ပုစွန်၊ ကဏန်းငယ်များ   စသည်တို့ကို  စားသောက်နေထိုင် ကြကာ ဆောင်းရာသီအကုန် မတ်လတွင်အစပြု၍ ပြန်လည်ထွက်ခွာသွားလေ့ရှိသည်။
“ဒီနှစ်ဆောင်းတွင်းကာလမှာ ကျွန်တော်တို့နိုင်ငံအတွက် မှတ်တမ်းအသစ်အဖြစ် တရုတ်ဗျိုင်း ငှက်မျိုး စိတ်အသစ် လေးကောင်ကိုလည်း တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်”  ဟု     မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး  ဦးစိုင်းဝဏ္ဏကြည်က ပြောကြား သည်။ 
မြန်မာနိုင်ငံတွင် နှစ်စဉ်လာရောက် ဆောင်းခို သည့် ငှက်မျိုးစိတ်ပေါင်း   ၂၇၀   ခန့်ရှိပြီး    ၎င်းတို့အနက်   မျိုးသုဉ်းရန်   အန္တရာယ်နှင့်  ရင်ဆိုင်နေရ သည့်    ငှက်မျိုးစိတ်များလည်း ပါဝင်ကာ  မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်   ဇီဝမျိုးစုံမျိုးကွဲနှင့်    သဘာဝ ထိန်းသိမ်းရေးနယ်မြေများ  ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ        ဥပဒေဖြင့် ဆောင်းခိုငှက်များကို ကာကွယ်ထိန်းသိမ်း ထားကြောင်း သိရသည်။