
နေပြည်တော် မတ် ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်း ပေါ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ JFE Engineering Corporation တို့ ပူးပေါင်း ဆောင်ရွက်သည့် J & M Steel Solutions Co., Ltd သို့ ရောက်ရှိရာ J & M Steel Solutions Co., Ltd မှ တာဝန်ရှိသူက စက်ရုံအတွင်း သံပေါင်ထုတ်လုပ် မှုကို လိုက်လံရှင်းလင်းပြသသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ပေးပို့မည့် တံတားသံပေါင်များ ထုတ်လုပ် ထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန်မြို့ရှိ J & M Steel Solutions စက်ရုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ JFE Engineering Corporation တို့ပူးပေါင်းပြီး ပြည်တွင်း၌ တံတားသံပေါင်များနှင့် ဆက်စပ်ပစ္စည်း များကို ထုတ်လုပ်လျက်ရှိသည့်အပြင် ပြည်ပမှ မှာယူသော တံတားသံပေါင်များကိုလည်း ထုတ်လုပ် လျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၁၁) ရုံးဝင်းသို့ရောက်ရှိပြီး တံတားဒီဇိုင်းဌာနခွဲနှင့် တံတားအထူးအဖွဲ့မှ ဝန်ထမ်း များကိုတွေ့ဆုံ၍ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်း များ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ၊ ဦးတည်ချက်(၉) ရပ်နှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းပြီး ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ရန် လိုပါကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်သော တံတားပုံစံများ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရန် နှင့် ဆန်းသစ်တီထွင်မှုများရှိအောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး ပါကြောင်း၊ အရည်အသွေးစွမ်းဆောင်ရည် ပိုမို မြင့်မားရေးအတွက် သင်တန်းများလည်း တက်ရောက် ပေးရန်လိုပါကြောင်း၊ မိမိတို့လုပ်ငန်းများ တိုးတက် အောင်မြင်ရေးအတွက် စေတနာထား လုပ်ဆောင်ရန် တို့ကို မှာကြားခဲ့ပြီး ဝန်ထမ်းများက လိုအပ်ချက်များ၊ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၁) ဝင်း အတွင်းရှိ ဒီဇိုင်းဌာနအခန်းများနှင့် အဆောက်အအုံ ရုံးခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်